ဖာပွန် ၈ ဒီဇင်ဘာ 

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသော ၆ ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် ကောက်သစ်မိတ်ဆုံစားပွဲကို ဒီဇင်ဘာ ၇ ရက် ညပိုင်းက ဖာပွန်မြို့နယ် ဝေမှုန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ အမှတ် (၄) ရပ်ကွက် အေးသုခကျောင်းဆရာတော် ဦးဝါရိန္ဒထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလကို တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့မှ ခံယူဆောက်တည်ကြပြီး ဖာပွန်မြို့နယ်အတွင်းရှိ ဆရာတော်များနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဖာပွန်မြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ ရှမ်းတိုင်းရင်းသား မောင်မယ်များက မင်္ဂလာ ရှမ်းတေးသီချင်းများ သီဆို၍ မီးရှူး၊ မီးပန်းပစ်ဖောက်ခဲ့ကြသည်။ 

 

 

ဆက်လက်ပြီး ဖာပွန်မြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ ရှမ်းတိုင်းရင်းသားမောင်မယ်များက ရှမ်းရိုးရာတိုးနရားအကများနှင့် ကိန္နီကိန္နရာအကများကို ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြသည်။ 

 

ဖာပွန်မြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ ရှမ်းတိုင်းရင်းသားမောင်မယ်များက ရှမ်းရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု မော်ဒယ်ရှိုးအလှများနှင့် ရှမ်းရိုးရာ ယဉ်ကျေးမှု အကအလှများဖြင့် ရှမ်းသစ်မင်္ဂလာကို အခါသမယကို ကြိုဆိုခဲ့ကြသည်။

 

မျိုးဆက်သစ်(ဘားအံ)