မိုင်းပန် ၇ ဒီဇင်ဘာ

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် ရှမ်းသက္ကရာဇ်အရ ၂၁၁၂ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၂၁၁၃ ခုနှစ် နှစ်သစ်သို့ကူးပြောင်းမည် ဖြစ်သောကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ည ၇ နာရီက မွေတော်ဘုန်းတော်ကြီးကျောင်း ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။ 

 

အခမ်းအနားတွင် မြို့နယ်စီခံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်သူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်း၊ အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစံမောင် နှင့် ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

 

အခမ်းနားအပြီးတွင် ရှမ်းယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက နှစ်သစ်ကူး ပွဲတော်သီချင်းကို လည်းကောင်း၊ ရှမ်းရိုးရာတိုးနယား၊ ကိန္နရီကိန္နရာ စသည့် ယဉ်ကျေးမှုအက အလှများဖြင့် တင်ဆက်ကပြခဲ့ကြပြီး ရှမ်းတိုင်းရင်းသား အနုပညာရှင်များမှ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ 

 

နှစ်စဉ်ကျင်းပလျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော်ကို ယခုနှစ်တွင် ဒီဇင်ဘာ ၆  ရက်မှ ၈ ရက်အထိ သုံးညတိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊  ပျော်ပွဲရွှင်ပွဲများ၊ စတိတ်ရှိုး၊ ပဒေသာကပွဲ နှင့် အားကစားပြိုင်ပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားအမှူးရှိသော ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြန်/ဆက်