လားရှိုး ၆ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ ချယ်ရီမြိုင်အိမ်ရာဝင်းတွင် ရှမ်းသက္ကရာဇ် ၂၁၁၃ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာ (၆) ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပွဲတော်ဝင်းဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပသည်။
ပွဲတော်အခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးကျော်သူဇော်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစိုင်းကျော်ဌေးတို့က ပွဲတော်မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နှစ်ကူးပွဲတော်အလံအား သတ်မှတ်နေရာစင်မြင့်သို့ လက်ဆင့်ကမ်းသယ်ဆောင်စိုက်ထူကြပြီး ပွဲတော်အားဖွင်လှစ်ခဲ့သည်။
ရှမ်းနှစ်သစ်ကူးပွဲတော်၌ စာဆိုတော်နှင့် စာပေပညာရှင်ဂုဏ်ပြုပွဲ၊ စာပေဟောပြောပွဲ၊ ယဉ်ကျေးမှု ပဒေသာကပွဲနှင့်ရိုးရာဝတ်စားဆင်ယင်မှု သရုပ်ဖော်ပြသခြင်း၊ စင်တင်တေးဂီတ၊ စာစီစာကုံးပြိုင်ပွဲများ၊ စကားရည်လုပြိုင်ပွဲများ၊ ရှမ်းယဉ်ကျေးမှုပြခန်း၊ သစ်သီးအလှပြိုင်ပွဲများ၊ ရိုးရာလက်မှုပညာယက်လုပ်ခြင်းများ၊ ရှမ်းဇာတ်သဘင်နှင့် ရှေးဟောင်းသီချင်းဆိုပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများပါဝင်ပြီးလျှင် ဒီဇင်ဘာ(၈)ရက် နံနက်အချိန်၌ နှစ်ကူးစောင့်ကြိုကြမည်ဖြစ်သည်။
ရှမ်းနှစ်သစ်ကူးပွဲတော်၌ လားရှိုးမြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှလည်း မိမိတို့ရိုးရာအလိုက် ပါဝင်သီဆိုကပြပါဝင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(လားရှိုး)မှ နှစ်သစ်ကူးပွဲတော်၌ ဒေသဆိုင်ရာနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ဆောင်ရွက်ပေးမှု၊ ဆောက်ရွက်ခဲ့မှု မှတ်တမ်းများကို ပြခန်းပြသထားရှိပြီးကလေးများအတွက် ပန်းချီဆွဲကစားနည်းများကို ပါဝင်ဆောင်ရွက်ထားရှိမည်ဖြစ်ပြီး သုတ/ရသစာအုပ် စာစောင်ပြခန်းလည်း ပါဝင်မည်ဖြစ်သည်။ ဌာနဆိုင်ရာအသီးသီးမှလည်း မိမိတို့ဌာနနှင့် သက်ဆိုင်သည့် ပညာပေးပြခန်းများကို ပြသသွားမည်ဖြစ်သည်။ ရှမ်းရိုးရာ အလှကုန်များ၊ ဝါးဖြင့်ပြုလုပ်ထားသော ရိုးရာအသုံးအဆောင်များ၊ ရှမ်းရိုးရာပစ္စည်းမျိုးစုံကို ပွဲတော်ကျင်းပစဉ် ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်နေ့များ၌ အမှတ်တရ ဝယ်ယူနိုင်မည်ဖြစ်သည်။
ပွဲတော်လုံခြုံရေးအတွက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်းသိရသည်။
ဟန်ဌေး(လားရှိုး)
ခရိုင်ပြန်/ဆက်