၁၅  ဇန်နဝါရီ

 

ကမ္ဘာကြီးသည် အစဉ်အမြဲဖြစ်ပျက်ပြောင်းလဲနေပြီး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် နည်းပညာခေတ်ဖြစ်၍ မြန်မာနိုင်ငံသည်လည်း ထိုဖြစ်စဉ်တွင် လိုက်ပါနိုင်အောင် ကြိုးပမ်းအားထုတ်နေရသည်။ ထိုသို့ ကြိုးပမ်းအားထုတ်ရာ၌ ပြည်တွင်း၊ ပြည်ပအခြေအနေများကို မျက်ခြည်မပြတ် အကဲခတ်ကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုက်ပါနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့ကိုအပြောင်းအလဲများ၊ စိန်ခေါ်မှုများကြားမှ ရင်ဆိုင်ကျော်လွှားဖြတ်သန်းနေသည်။

 

မြန်မာနိုင်ငံအဖို့ ကြုံတွေ့လာရမည်တို့ကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားနိုင်ရေး၌ ကိုယ်ခံအင်အားများ ခိုင်မာတောင့်တင်းနေရန် လိုအပ်သည်။ စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှားရာ၌ ပြည်တွင်း ညီညွတ်ရေး၊ ပြည်တွင်းအင်အား တောင့်တင်းခိုင်မာရေးမှာ အထူးအရေး တကြီးလိုအပ်သည်။ ပြည်ထောင်စုအပေါ်တွင်ထားရှိသည့် တိုင်းရင်းသား ပြည်သူအားလုံး၏ တစ်ဦးချင်းစီရှိ ကောင်းမွန်သည့်အရည်အသွေးနှင့် မှန်ကန်သည့်စိတ်ဓာတ်များ အထူးလိုအပ်သည်။

 

ထိုအရည်အသွေးနှင့် စိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုဟူသည့် ပြည်ထောင်စုအပေါ် ထားရှိသောစိတ်ဓာတ် ဖြစ်သည်။ ညီညွတ်သည့် ပြည်ထောင်စု၏ စုပေါင်းအင်အားကို ခိုင်မာစွာတည်ဆောက်နိုင်သော ကိုယ်ခံအားများ ရှိမှသာလျှင် ကမ္ဘာ့အလယ်တွင် တင့်တယ်သည့် ပြည်ထောင်စုကြီးအဖြစ် ဝင့်ထည်စွာရပ်တည်နိုင်မည်ဖြစ်သည်။ ညီညွတ်သော အင်အားကို တည်ဆောက်နိုင်ခြင်းမရှိလျှင် ကမ္ဘာ့အလယ်တွင် မျက်နှာငယ်နေရမည်ဖြစ်သည်။

 

ထိုညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်သည် ပထမမြန်မာနိုင်ငံ တော်ကြီး တည်ထောင်စဉ်ကပင် ပြည်ထောင်စု တိုင်းရင်းသားအားလုံး၏ နှလုံးသားထဲတွင် စွဲမြဲစွာကိန်းအောင်းနေခဲ့ပြီးဖြစ်သည်။ လွတ်လပ်ရေး ဆုံးရှုံးချိန်တွင် ပြည်ထောင်စုစိတ်ဓာတ်မှာ ခေတ္တမျှသာ မှေးမှိန်ငုပ်လျှိုးခဲ့သော်လည်း လွတ်လပ်ရေးရလုနီးအချိန်တွင် ထက်သန်စွာ ပြန်လည် နိုးကြားလာခဲ့သည်။ ထိုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးရရှိခဲ့သည်ကို သတိမူရမည်ဖြစ်သည်။

 

လက်ရှိကာလတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ ပြဿနာများကို ပြည်ထောင်စုစိတ်ဓာတ်တည်းဟူသော ကိုယ်ခံအားဖြင့်ပင် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံဖြစ်သော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနယ်ပယ်များတွင် ဩဇာခံဘဝသို့ မကျရောက်အောင် ပြည်ထောင်စုစိတ်ဓာတ်ဟူသော ကိုယ်ခံအားဖြင့်ပင် အမိမြန်မာနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

 

ကမ္ဘာသူ ကမ္ဘာသားများသည် အသိပညာ၊ အတတ်ပညာများကို ခေတ်မီနည်းပညာများဖြင့် ဆက်သွယ်ရယူပြီး မိမိနိုင်ငံကောင်းစား တိုးတက်ရေးကို မနေမနား ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကျွန်ုပ်တို့သည်လည်း ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်အောင်၊ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်အောင် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ကာလဖြစ်သည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများ စိတ်ဝမ်းမကွဲပြားဘဲ ယုံကြည်မှုကို တည်ဆောက်၍ အများနည်းတူ ညီညီညွတ်ညွတ် ကြိုးပမ်းအားထုတ်ကြရမည့် အချိန်ကာလဖြစ်သည်။

 

ယနေ့အချိန်အခါသည် လွတ်လပ်ရေးခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးကို ရည်မှန်းလျက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသားပြည်သူများက ကြိုးပမ်းဆောင်ရွက်နေသော အချိန်အခါဖြစ်သည်။ တိုင်းရင်းသားပြည်သူများ မျှော်မှန်းထားသည့် ငြိမ်းချမ်းရေး ပန်းတိုင်၊ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တညီတညွတ်တည်းရယူလျှင် မလွဲမသွေ ရရှိနိုင်သော ကာလဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအတွက် လက်ငင်းလိုအပ်နေသောအရာသည် ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တည်ဆောက်နိုင်သည်။ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ အမျိုးသား ပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေ တည်ဆောက် နိုင်မည်ဖြစ်သည်။ ။

 

ကြေးမုံ