၁၅ ဇန်နဝါရီ
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက မြန်မာနိုင်ငံ၏လူဦးရေသည် ၅၄ သန်းပြည့်ခဲ့ပြီဖြစ်ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိသော နိုင်ငံများ၏ လူဦးရေကို လေ့လာကြည့်ပါက ခုနစ်သန်းခန့်ရှိသော လာအိုနိုင်ငံမှလွဲလျှင် အရှေ့ဘက်မှထိုင်းနိုင်ငံသည် လူဦးရေ သန်း ၇၀ ကျော်၊ အနောက်ဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေ ၁၆၈ သန်းခန့်၊ အာရှအင်အားကြီး နိုင်ငံများဖြစ်ကြသည့် အိန္ဒိယနိုင်ငံက လူဦးရေသန်းပေါင်း ၁၃၆၀ ကျော် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက သန်းပေါင်း ၁၄၁၇ ကျော်တို့ရှိနေ ကြသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှာ နိုင်ငံနယ်နိမိတ်ကျယ်ဝန်းသလို လူဦးရေများပြားသည့် ပြိုင်ဘက်နိုင်ငံကြီး နှစ်နိုင်ငံ၊ မြန်မာနိုင်ငံ၏ နယ်နိမိတ်လောက် မကျယ်ဝန်းသော်လည်း လူဦးရေပိုမိုများပြားသည့် နိုင်ငံ၊ လူဦးရေတိုးနှုန်းလွန်စွာ မြင့်မားနေသည့်နိုင်ငံ စသည်တို့ဖြစ်ကြောင်းလည်း တွေ့ရှိရမည်ဖြစ်သည်။ ဤအချက်က အရှေ့တောင်အာရှနှင့် တောင်အာရှဒေသ နိုင်ငံများအကြားတွင် လည်းကောင်း၊ အာရှအင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နှင့်အိန္ဒိယ နိုင်ငံတို့အကြားတွင်လည်းကောင်း ပေါင်းကူးဆက်စပ်သည့်နေရာတွင် တည်ရှိနေသည့် မိမိတို့ မြန်မာနိုင်ငံ၏ ပထဝီ နိုင်ငံရေးအပေါ်တွင် လွန်စွာလွှမ်းမိုးမှုရှိပါသည်။
ကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား၊ အုပ်စုတစ်စုနှင့် တစ်စုအကြား သဘောတရားရေးအရ၊ ဝါဒရေးရာအရ မည်သို့ပင် လူကြားကောင်းအောင် အော်နေကြစေကာမူ အစစ်အမှန်နိုင်ငံရေး (သို့မဟုတ်) လက်တွေ့ ကျင့်သုံးသည့်နိုင်ငံရေး (Realpolitik / Practical Politics) မှာ “အမျိုးသားအကျိုးစီးပွား” ((National Interests) သာဖြစ်သည်ဟု ဆိုရိုးရှိသည်။ တစ်ဖန် လက်တွေ့ကျင့်သုံးသည့် နိုင်ငံရေး (ဝါ) အမျိုးသားအကျိုးစီးပွားသည်လည်း မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေး (Geo-Politics) အပေါ်တွင်မူတည်၍ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ ကွဲပြားခြားနားကြသည့်အလျောက် အိမ်နီးချင်း နိုင်ငံများတစ်ခုနှင့် တစ်ခုအကြား အမျိုးသားအကျိုးစီးပွားချင်း ဆန့်ကျင် တိုးတိုက်လာခဲ့လျှင်၊ ပြိုင်ဘက်ဖြစ်လာခဲ့လျှင် နိုင်ငံ၏လူဦးရေ မှာလွန်စွာအရေးကြီးလှသည့် အချက်ကြီး တစ်ချက်ဖြစ်လာသည်။ ယင်းသို့ဆိုလျှင် မိမိတို့နိုင်ငံ၏ မနေ့တစ်နေ့က ပြည့်သွားခဲ့ပြီဖြစ်သည့် ၅၄ သန်းသော လူဦးရေသည် မည်ကဲ့သို့သော လူဦးရေဖြစ်သနည်း။ အဆိုပါမေးခွန်းအတွက်အဖြေမှာ တစ်ခဲနက်သော ရေပက်မဝင်စည်း လုံးညီညွှတ်မှုရှိသည့် လူဦးရေဟူ၍သာ ဖြစ်ရပါမည်။ ခန္ဓာကိုယ်တစ်ခုတည်း၏ အစိတ်အပိုင်းများပမာ တစ်သွေးတည်း တစ်သားတည်းဖြစ်သော စည်းလုံးညီညွှတ်မှုဖြင့်သာ မိမိတို့ထက် လူဦးရေအရေအတွက်များ သောနိုင်ငံများက မိမိတို့နိုင်ငံကို လေးစားခန့်ညားစေမည်ဖြစ်သည်။
မိမိတို့ဘိုးဘွားများ၏ စည်းလုံးညီညွှတ်မှုအင်အားဖြင့် ကိုလိုနီနယ်ချဲ့ ထမ်းပိုးအောက်မှ ရုန်းထွက်နိုင်ခဲ့ပြီး နိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ ပြည်တွင်းပဋိပက္ခများ၊ ဝါဒအလွဲများ၊ စီမံခန့်ခွဲမှုအမှားများ၊ ကိုယ်ကျိုးစီးပွားရှေးရှုမှုများ၊ သံသယအစိုင်အခဲများနှင့် သူတစ်လူငါတစ်မင်းစိတ်ဓာတ်များက ကုန်လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ အတွင်း နိုင်ငံနှင့်လူမျိုးတို့ကို အောက်တန်းနောက်တန်းဆီသို့ ကျရောက်စေခဲ့ပြီးလည်းဖြစ်သည်။ အနာဂတ်တွင် ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ၊ ခွင့်တူညီမျှဝါဒဖြူစင်သည့် နိုင်ငံဖြစ်ရန် မြန်မာ့မြေပေါ်တွင် သက်ရှိထင်ရှား ရှင်သန်နေထိုင်ကြသူတိုင်းက လိုလားကြမည်မှာ ဧကန်ဖြစ်သည်။ ယင်းအတွက် အဓိကအကျဆုံးသော လက်တွေ့ နိုင်ငံရေးဖြစ်သည့် တစ်သွေးတည်း တစ်သားတည်းအဖြစ် စည်းလုံးညီညွှတ်မှုကို စိတ်ရောကိုယ်ပါ ရိုးသားစွာ ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း