မင်းဘူး  ၂၆ အောက်တိုဘာ            

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နိုဝင်ဘာ (၃)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ရည်ရွယ်၍ မဲရုံအဖွဲ့ဝင် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မင်းဘူး (စကု) မြို့နယ်၌ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေ (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် လစ်လပ်လျက်ရှိသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် မဲရုံအဖွဲ့ဝင်များ တာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံလုပ်ငန်းဆိုင်ရာများနှင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို မဲရုံမှူး(၄)ဦးက စာတွေ့လက်တွေ့ ပို့ချသင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ ဆင့်ပွားသင်တန်းသို့ မဲရုံအဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၁၈၄) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းအား အောက်တိုဘာ (၂၃၊ ၂၅၊ ၂၆) သုံးရက်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲရုံအဖွဲ့ဝင် ဆင့်ပွားသင်တန်းကို စကုမြို့၊ ဖောင်တန်းရပ်၊ အ.မ.က ကျောင်းတွင်လည်း ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  သင်တန်းသား၊ သင်တန်းသူ (၂၃၄) ဦးအား အောက်တိုဘာ (၂၃၊ ၂၅၊ ၂၆၊ ၂၇) လေးရက်ကြာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )