နေပြည်တော် ၁၇ သြဂုတ်
မြန်မာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်မှ စတင်ရွာသွန်းခဲ့သည့်မိုးကြောင့် မြစ်ချောင်းများ ရေကြီးရေလျှံဖြစ်ပြီး မြစ်ချောင်းများနှင့် နီးရာဒေသများနှင့် အနိမ့်ပိုင်းမြို့ရွာများရှိ ပြည်သူများမှာ ဩဂုတ်လ ပထမပတ်အထိ ရေဘေးသင့်ခဲ့ရသည်။ ထို့နောက် မြစ်ရေချောင်းရေများပြန်လည်ကျဆင်းပြီးနောက် ပုံမှန်နေထိုင်ရန် ဆောင်ရွက်ချိန်တွင် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာပြန်သည်။
ယခုရေကြီးရေလျှံမှုဖြစ်စဉ်သည် သည်းထန်စွာရွာသွန်းခဲ့သော မိုးရေနှင့်အတူ ပင်လယ်မှထူးကဲဒီရေတက်လာ သောကြောင့် ရေကြီးရေလျှံဖြစ်စဉ်များ ဖြစ်ပွားလာသည်ကို တွေ့ရသည်။ ယခုနှစ်မိုးရာသီသည် ဝါထပ်နှစ် ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ဒုတိယဝါဆိုလကွယ်နေ့မှစတင်၍ ထူးကဲဒီရေများ မြင့်တက်လာခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့မှ ယနေ့ကာလအထိပင်လယ်ဒီရေများ မြင့်တက်နေဆဲဖြစ်သည်။
ယင်းသို့ အောက်ရေ တောင့်ခံနေချိန်တွင် အထက်ရေကျဆင်းမှုနှင့်ဆုံတွေ့ပြီး မူလရေဘေးဒဏ်သင့်ခဲ့သော ဒေသများအပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနိမ့်ပိုင်းဒေသမှ မြို့ရွာများပါ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည်။ လက်ရှိတွင် စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်များမှာ စိုးရိမ်ရေအမှတ်တွင်ရှိနေပြီး နောက်ရက်များတွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာနိုင်သဖြင့် မြစ်ချောင်း များနှင့်နီးသော အနိမ့်ပိုင်းဒေသများမှပြည်သူများ အထူးသတိထားကြရမည်ဖြစ်သည်။
ထူးကဲဒီရေတက်လာမှုကြောင့် ဧရာဝတီ၊ တနင်္သာရီပင်လယ်ကမ်းခြေဒေသများတွင် ပင်လယ်ဒီလှိုင်းများ တက်လာပြီး ကမ်းခြေကျေးရွာများ ထိခိုက်ပျက်စီး၊ ရေနစ်မြုပ်မှုများနှင့်ကြုံတွေ့ခဲ့ရသည်။ ယင်းအချိန်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း အိန္ဒိယဘက်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်ခဲ့ပြီး လေဖိအား နည်းရပ်ဝန်းတစ်ခုလည်း ဆက်လက်တည်ရှိနေသည်။ ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်လက် ပိုမိုနေမည်ဖြစ်သောကြောင့် မိုးရေ၊ တက်ရေ၊ ဒီရေတို့ကို သတိပြုရမည် ဖြစ်သည်။
သဘာဝဘေးနှင့်ပတ်သက်၍ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတို့က မဖြစ်မီ၊ ဖြစ်စဉ် ဖြစ်ပြီးကာလများအတွက် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ရန်အစီအမံများ ရှိထားပြီးဖြစ်သည်။ သဘာဝဘေးများတွင် ရေဘေးအန္တရာယ်မှာ ရက်ကြိုသိရှိနိုင်သဖြင့် ဖြစ်စဉ်ဖြစ်ပြီး ကူညီဆောင်ရွက် ပေးနေသည်ဖြစ်သလို မဖြစ်မီကတည်းကလည်း ကြိုတင်၍ဆောင်ရွက်ဖွယ်ရာများကို ပိုမိုလုပ်ကိုင်ကြရ မည်ဖြစ်သည်။ လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများက ကူညီလှူဒါန်းပေးနေသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိသည်။ ရေဘေးအန္တရာယ်သည်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဖြစ်ပွားလာနိုင်သည်။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုကြောင့် ပြည်သူများ ရေဘေးရှောင်နေကြရလျှင် အနေအစား အလုပ်အကိုင်ပျက်ကာ လူမှုစီးပွားဘဝ ထိခိုက်နစ်နာလာနိုင်သည်။ နိုင်ငံတော်အနေဖြင့်လည်း တိုင်းပြည်ဖွံ့ဖြိုးရေးကို အလေးထားလုပ်ကိုင်ရမည့်အစား တိုင်းပြည် ပြန်လည် ထူထောင်ရေးကိုသာဦးစားပေးလုပ်ကိုင်နေရသဖြင့် ဖွံ့ဖြိုးမှုနှင့်အလှမ်းဝေးနေမည် ဖြစ်သည်။
သို့ဖြစ်ရာ ရေကြီးရေလျှံမှု သဘာဝဘေးကို ရှောင်လွှဲ၍ရနိုင်မည်မဟုတ်သော်လည်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကို လျှော့ချနိုင်ရေး၊ သဘာဝဘေးဖြစ်ပေါ်နိုင်ခြေရှိသည့် နေရာဒေသများအား ပြုပြင် တည်ဆောက်ရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရန် အကာအကွယ်များ တည်ဆောက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ပြုပြင်ရေးစသည်ဖြင့် ရေတိုရေရှည်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှ နိုင်ငံနှင့်ပြည်သူ ကြုံတွေ့နေရသော သဘာဝဘေးမှ လျော့နည်းကင်းဝေးမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ