၂၃  သြဂုတ်

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံး၏ ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး ဩဂုတ်လ ၁၉ ရက်နေ့က သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။

 

ထို့အပြင် စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ရေး၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံမှ အပြုသဘောဆောင် ဆက်လက်ထောက်ခံအားပေးရေး၊ အာဆီယံ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

 

စင်ကာပူနိုင်ငံချစ်ကြည်ရေးခရီးစဉ်၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ “အသွင်ကူးပြောင်းရေးတစ်ရပ်ဆိုသည်မှာ အရှင်းလင်းဆုံးပြောရလျှင် တစ်နေရာမှ အခြားတစ်နေရာသို့ ကူးပြောင်းသွားသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ရောက်ရှိရမည့် အကွာအဝေးနှင့် လျှောက်လှမ်းဖြတ်သန်းရမည့် ခရီးကြမ်း၏ သဘောသဘာဝက ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုများ၏ အတိုင်းအတာနှင့် ရှုပ်ထွေးမှုကို ပြဋ္ဌာန်းပေးပါကြောင်း” ဦးစွာပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသည် ကာလရှည်ကြာ အခြေခိုင်မာနေသော အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ဖြတ်သန်းလျှောက်လှမ်းရာတွင် လက်ရှိကာလ အသွင်ကူးပြောင်းရေးမှာ အရှုပ်ထွေးဆုံးနှင့် စိန်ခေါ်မှုအများဆုံး ကာလဖြစ်သည်။ အစတွင် ပီပြင်မှုမရှိ၊ စတင်တာဝန်ယူသည့် အခါတွင်လည်း တိကျရေရာမှု မရှိခဲ့ချေ။ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်ကြုံတွေ့ခဲ့ရသည်။ ယင်းတို့နှင့်ပတ်သက်၍ “မိမိတို့ပြည်သူများ၏ အသိအမြင် အထူးသဖြင့် ဒီမိုကရေစီ အသိအမြင်များမှာ ဆက်စပ်မရနိုင်အောင် ကွဲပြားခြားနားနေကြသည့်အလျောက် အဆိုပါ ကွဲပြားခြားနားမှုများသည် ယနေ့ မိမိတို့နိုင်ငံက ဖြတ်သန်းနေရသည့် အသွင်ကူးပြောင်းမှုအပေါ်တွင် အကျိုးသက်ရောက်မှု ဖြစ်နိုင်ပါကြောင်း” အခြေအနေမှန်ကို ပြောကြားခဲ့သည်။

 

ဒီမိုကရေစီအသွင်ကူးပြောင်းမှု၌ ပြည်သူ့ဆန္ဒနှင့်အညီ လမ်းကြောင်းတစ်ခုကို ချမှတ်ခဲ့ပြီး ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဒီမိုကရေစီပန်းတိုင်ကို ဦးတည်လျက်ရှိသည်။ ပြည်သူများသည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းလုံခြုံရေးနှင့် ကလေးငယ်များအနာဂတ် အခွင့်အလမ်းများရရှိရေးကို လိုလားနေကြသည်။ ယခုအသွင်ကူးပြောင်းရေး ဖြစ်စဉ်၏ အောင်မြင်မှုအတိုင်းအတာကို ပြည်သူများနှင့်အတူ ပြည်သူ့ ဆန္ဒများအား မည်မျှအထိ ဖြည့်စွမ်းပေးနိုင်ခဲ့သည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်နှင့်အညီ သုံးသပ်ကြည့်ရမည် ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်တွင် ကြုံတွေ့နေရမှုများနှင့် စိန်ခေါ်မှုများကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံ၏ရှေ့ခရီးအတွက် အာဆီယံနိုင်ငံများ၏ တူညီသော အတွေ့အကြုံ၊ စည်းလုံးညီညွတ်မှု၊ ကူညီရိုင်းပင်းမှု၊ စုပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြိုးပမ်းအားထုတ်မှု စသည်တို့မှာ နမူနာယူစရာ သာဓကများ ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်၏ အောင်မြင်မှုကိုတိုင်းတာရာတွင် အရှုပ်ထွေးဆုံး၊ စိန်ခေါ်မှုအများဆုံး ကာလများကို ဖြတ်သန်းလာခဲ့ရသည့်ကြားမှ ပြည်သူ့ဆန္ဒများအား မည်မျှအထိ ဖြည့်စွမ်းပေးနိုင်ခဲ့သည်၊ ပြည်သူများကလည်း မည်မျှအထိ ပါဝင်ဆောင်ရွက်ခဲ့ကြသည်တို့ကို ကိုယ်စီကိုယ်စီ ဆန်းစစ်သုံးသပ်၍ ရှေ့ခရီး ဆက်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ