နေပြည်တော် ၁၃ ဇူလိုင်

 

မွန်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယနေ့အစည်းအဝေး တတိယနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC2)တွင် ယနေ့ ဇူလိုင် ၁၃ ရက်က ဆက်လက်ကျင်းပ လျက်ရှိပြီး ကဏ္ဍအလိုက် ဆွေးနွေးပွဲများကို ညီလာခံကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးနေကြသည်။

 

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များတွင် ကဏ္ဍအလိုက် သဘောတူညီမှုရရှိထားပြီးဖြစ်သော အချက် (၁၄)ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် ဒုတိယ အစိတ်အပိုင်းအဖြစ် ဆက်လက်တင်သွင်းနိုင်ရေးကို ဆက်လက်ညှိနှိုင်းဆွေးနွေးနေကြသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံသို့ တက်ရောက်လာသည့် ညီလာခံ ကိုယ်စားလှယ်အချို့နှင့် တွေ့ဆုံမေးမြန်းထားပါသည် - 

 

 

ဒေါ်မိကွန်ချမ်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လွှတ်တော်အစုအဖွဲ့

စီးပွားရေးကဏ္ဍ

 

ကျွန်မကတော့ စီးပွားရေးကဏ္ဍမှာလုပ်ငန်းကော်မတီအနေနဲ့ ဒီနေ့မှာ ပါဝင်ဆွေးနွေးတာဖြစ်ပါတယ်။ စီးပွားရေး ကဏ္ဍမှာတော့ အချက်တွေအများကြီးတင်တယ်။ ဒါပေမယ့် တစ်ချက်တည်းပဲ သဘောတူညီချက်ရခဲ့ပါတယ်။ ဒီတစ်ချက်ကလည်းအလွန်ကောင်းတဲ့အချက်တစ်ချက်ပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တိုင်းဒေသကြီး တွေမှာရော၊ လုပ်ငန်းစီမံကိန်းတွေရေးဆွဲတဲ့နေရာမှာ မူဝါဒတွေရေးဆွဲခွင့်ရဖို့ရတယ်။ နောက်ပြီးတော့ဆက်စပ် နေတဲ့ တိုင်းဒေသကြီးတွေမှာ ထိခိုက်မှုမရှိအောင် ရေးဆွဲရမယ်ဆိုတဲ့ မူဝါဒအချက်တွေကို အားလုံး သဘောတူညီချက်နဲ့ ရရှိထားတာ ရှိပါတယ်။ ဒီဟာကိုလည်း တင်နိုင်အောင်၊ စကားလုံးလေးတွေပိုပြီးတော့ ပြည့်စုံအောင် ကျွန်မတို့ ထပ်ပြီးတော့ ဆွေးနွေးတာပဲရှိပါတယ်။ ကျန်တာကတော့ အခက်အခဲမရှိဘူးလို့ ထင်ပါတယ်။ ဒီနေ့ကတော့ ဒီတစ်ချက်ကိုပဲ စကားလုံးတွေကို ပိုပြီးကျစ်လစ်အောင်၊ မကျန်ခဲ့အောင် ရေရှည်အတွက် ညှိကြမှာပါ။ လာမယ့် ညီလာခံတွေကျရင် ဆွေးနွေးရမယ့်အချက်တွေ အများကြီးကျန် ပါသေးတယ်။ အခု ပြီးခဲ့တဲ့ ဒုတိယအကြိမ်မှာတုန်းက ဆက်လက်ဆွေးနွေးရန် ကျန်ရှိခဲ့တဲ့ အချက်တွေကို ညှိနှိုင်းပြီး ထပ်တင်မှာပါ။ ကျွန်မတို့ ၁၁ ချက်ထဲက ၁၀ ချက်ကျန်တာကိုလည်း ထပ်တင် သွားမှာဖြစ်ပါတယ်။ နောက် စတုတ္ထအကြိမ်ညီလာခံမှာ နောက်ထပ်အချက်တွေပိုပြီးတော့ ညှိနှိုင်းလို့ရအောင် လုပ်ငန်းကော်မတီအနေနဲ့ ပိုပြီးတော့ ကြိုးစားရမယ်။ ပိုပြီးတော့ အကြိတ်အနယ် ဆွေးနွေးရမယ့် သဘောတွေ ရှိ ပါတယ်။ အခုက ပိုပြီးကောင်းအောင် စနစ်တကျဖြစ်အောင် နောင်တစ်ချိန်မှာ အငြင်းပွားမှုမရှိအောင် ဥပဒေနဲ့အညီ ဒါတွေကို ဆောင်ရွက်ရတဲ့အတွက် လောပြီးအများကြီးကျတာထက် စာရင် သေသေချာချာနဲ့စနစ်တကျဖြစ်ဖို့က ပိုပြီး အရေးကြီးတယ်လို့ ထင်ပါတယ်။

 

 

ဒေါက်တာမင်းဇော်ဦး

ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့

လုံခြုံရေးကဏ္ဍ

 

ဒီအစည်းအဝေးရဲ့ထူးခြားချက်ကတော့ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာရုံသာမက အဲဒီအဖွဲ့တွေနဲ့လက်ရှိ တိုက်ပွဲတွေဖြစ်နေတာတွေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့  ဆွေးနွေးမှုတွေလုပ်နိုင်တယ်။ နိုင်ငံရေး ဖြစ်စဉ်တွေမှာ သူတို့တွေဘယ်လိုပါမလဲဆိုတဲ့ လမ်းကြောင်းဖွင့်နိုင်ဖို့အတွက် ကြိုးပမ်းတဲ့  အလွတ်သဘော ဆွေးနွေးမှုတွေ အများကြီးလုပ်နိုင်ခဲ့တဲ့အတွက် ဒါကတော့ အခုလက်ရှိ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁) ရာစုပင်လုံ(တတိယအကြိမ်)အစည်း အဝေးရဲ့ ထူးခြားချက်တချို့လို့ ပြောလို့ရပါတယ်။ ပင်လုံမိသားစုဝင်တွေကို ဖိတ်တာကလည်း ဖြစ်သင့်ပါတယ်။ တချိန် တုန်းက ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ မိသားစုဝင်တွေဆိုတာ သမိုင်းနဲ့ဆက်စပ်နေတယ်ဆိုတော့ သူတို့ကိုဖိတ်ကြားခြင်းအားဖြင့်လည်း သမိုင်းနှစ်ခုကို ဆက်စပ်ပေးတယ်ဆိုတဲ့ သဘောမျိုးလဲ အဓိပ္ပါယ်သက်ရောက် တယ်။ ဒီလက်ရှိပင်လုံမှာကတော့ ကျွန်တော်တို့ လုံခြံရေးကဏ္ဍမှာက လောလောဆယ်မှာတော့ ဘာမှဆုံးဖြတ်ချက် မချဘူးဆိုတဲ့ အခြေခံတွေကို ဆွေးနွေးတဲ့ အဆင့်ပဲရှိပါတယ်။ အဲဒီတော့ လုံခြုံရေးကဏ္ဍနဲ့ နိုင်ငံရေးကဏ္ဍတွေကလဲ ချိတ်ဆက်နေတော့ လုံခြုံရေး ကဏ္ဍမတိုးတက်ဘူး၊ နှောင့်နှေးမယ်ဆိုရင် နိုင်ငံရေးကဏ္ဍမှာလည်း နှောင့်နှေးမယ်။  နိုင်ငံရေးကဏ္ဍမှာ တိုးတက်မှုနှောင့်နှေးရင်လဲ လုံခြုံရေးကဏ္ဍမှာ တိုးတက်မှုနှောင့်နှေးမယ်ဆိုတော့ ဒီတတိယအကြိမ် ပင်လုံပြီးမှပဲ ဒီကဏ္ဍနှစ်ခုကို အားထည့်ပြီးတော့ ဝိုင်းဝန်းပြီးတော့ လုပ်ရမယ့် အနေအထား ရှိပါတယ်။ 

 

 

ဒေါ်နန်းစံဝင့်ခိုင်

မွန်ပြည်နယ် ပအို့ဝ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး

လူမှုရေးကဏ္ဍ

 

ကျွန်မတို့ လူမှုရေးကဏ္ဍမှာတော့ အခုတော့ နှစ်ချက်ပဲသဘောတူညီမှုရပါသေးတယ်။ ပထမတစ်ချက်ကတော့ အမျိုးသမီးများ ပါဝင်နှုန်းပေါ့၊ ဌာနတိုင်းမှာ နေရာတိုင်းမှာ အမျိုးသမီးများပါဝင်နှုန်း၊ အမျိုးသမီးများ ပါဝင်ဆုံးဖြတ် ချက်ပေးနိုင်နှုန်း အဲဒါကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ထည့်သွင်းထားရန် ဆိုတဲ့အချက်ကို အားလုံး သဘောတူညီချက် ရခဲ့ပါတယ်။ နောက်တစ်ခုကတော့ ပညာရေးကဏ္ဍဖြစ်ပါတယ်။ ပညာရေးကဏ္ဍမှာတော့ All Inclusive/ All Acess ပေါ့၊ အားလုံး ပညာရေးစနစ်မှာ နေရာဒေသမရွေး၊ လူတိုင်းအကြုံးဝင်နိုင်သော၊ လက်လှမ်းမီနိုင်သော ပညာရေးစနစ် ဆောင်ရွက်ရန်ဆိုတဲ့ အချက်တွေကို အားလုံးသဘောတူညီချက်ရပြီးပါပြီ။ နောက်ထပ်အချက်ငါးချက်ကို ထပ်ပြီးတော့ ဆွေးနွေးဖို့ရှိပါသေးတယ်။ ဒီတစ်ခေါက်အစည်းအဝေးမှာ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေရော၊ လက်မှတ်ထိုးပြီးသားအဖွဲ့တွေရော ပါဝင်လာတဲ့အတွက် နောက်ထပ် ခြေလှမ်းသစ်တွေ ရှိလာနိုင်ပါတယ်။ ငြိမ်းချမ်းရေးရမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပါ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက အမြဲဒွန်တွဲနေပါတယ်။ Peace to Progress/ Progress to Peace ပေါ့။ Peace to Development/ Development to Peace ပေါ့။ အဲဒီတော့ ဒီနှစ်ခု ကအချိုးကျုဖြစ်နေတယ်ဆိုတဲ့အခါကျတော့ တကယ်ဖွံ့ဖြိုးတိုးတက်တယ်။ ကိုယ့်လူမျိုးကို တကယ်ချစ်တယ် ဆိုလို့ ရှိရင် လူတိုင်းကတော့ ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်မှာပဲ၊ အဲလိုလိုချင်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ရအောင်လုပ် ဆောင်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရမှာသာလျှင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသဖြင့် အခြေခံလူ့အခွင့်အရေး တွေအကုန်လုံး အပြည့်အဝရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အားလုံးကလည်း ဒီအပေါ်မှာ ယုံကြည်မျှော်လင့်ချက်နဲ့ လာကြတာဖြစ်ပါတယ်။ တိုင်းရင်းသားတိုင်းသည် ငြိမ်းချမ်းရေးကို အထူးလိုလားနေပါတယ်။ အားလုံးပဲ ဖွံ့ဖြိုးတိုးတက်ချင်နေကြတယ်။ ကမ္ဘာကြီးနဲ့အမှီ ရင်ပေါင်တန်းပြီးလိုက်ချင်နေကြတယ်။ အားလုံးက ငြိမ်းချမ်းရေး ကို မျှော်လင့်နေတယ်။ မျှော်လင့်နေတဲ့အတိုင်းပဲ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ချီတက်နေတဲ့အတွက် မကြာမီမှာ မြန်မာပြည်ကြီးငြိမ်းချမ်းလာမယ်လို့ ထင်မြင်ယူဆမိပါတယ်။ 

 

ဦးယောဟန်

ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီ

လုံခြံရေးကဏ္ဍ

 

ကျွန်တော်တို့ လုံခြုံရေးကဏ္ဍမှာတော့ ခေါင်းစဉ်သတ်မှတ်ချက်တို့ အဓိပ္ပါယ်ဖော်ပြချက်တို့ သတ်မှတ်နိုင်ရေး အတွက် ဆွေးနွေးတဲ့ အနေအထားမှာပဲရှိပါသေးတယ်။ အားလုံးကတော့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆွေးနွေးနေကြ ပါတယ်။ NCA မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာတဲ့အချိန်တော့ သူတို့ ပါလာဖို့ မျှော်မှန်းထားတယ်လို့ သိထားပါတယ်။ 

 

တွေ့ဆုံမေးမြန်း - ဇင်ဦး(မြန်မာ့အလင်း)

 

ဓာတ်ပုံ - သီဟစည်