နေပြည်တော် ၂၆ သြဂုတ်
“လူ့အသိုင်းအဝိုင်းတစ်ခု တိုးတက်ဖို့အတွက် ဘယ်လိုပညာတွေလိုသလဲဆိုတာ ကျွန်မတို့ စဉ်းစားဖို့ အများကြီးလိုပါတယ်။ ကိုယ့်နိုင်ငံရဲ့ အားနည်းချက်တွေကို ပြန်ကြည့်ရမယ်။ နောက်ပြီး ကိုယ့်နိုင်ငံရဲ့ အားသာချက်တွေကိုလည်း ကြည့်ရမယ်။ ပညာရေးနဲ့ပတ်သက်လို့ ကျွန်မတို့နိုင်ငံရဲ့ အားသာချက်၊ ကျွန်မတို့ယဉ်ကျေးမှုရဲ့ အားသာချက်ဆိုတာ သမိုင်းအစ လောက်ကတည်းက ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ပညာကို အင်မတန်မှ တန်ဖိုးထားခဲ့ပါတယ်။ ပညာရဲရင့်ပွဲလယ်တင့် စသဖြင့် ပညာကို ကျွန်မတို့ အထူးတန်ဖိုးထားတယ်။ ပညာဆိုတာဟာ အတန်းထဲ မှာသင်တဲ့ ပညာတင်မဟုတ်ပါဘူးဆိုတာလည်း ကျွန်မတို့အားလုံး နားလည်ဖို့လိုတယ်။ ကျွန်မတို့ ကလေးတွေ နားလည်ဖို့လည်းလိုပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဩဂုတ်လ ၂၄ ရက်က ကျင်းပ သည့် ၂၀၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။
ပညာသည် နိုင်ငံတစ်နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော အလွန်အရေးပါသည့် အရင်းအနှီးဖြစ်သည်။ ကျောင်းသင်ပညာသာမက အသိအမြင်ဗဟုသုတကြွယ်ဝမှသာ လူမှုဘဝ၊ လူမှုပတ်ဝန်းကျင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီး တန်ဖိုးမြင့်သောလူသား၊ တန်ဖိုးမြင့်သော နိုင်ငံဖြစ်ထွန်းလာမည် ဖြစ်သည်။ ရှာဖွေ၍မကုန်၊ အသုံးပြု၍မဆုံးနိုင်သောပညာကို တန်ဖိုးထားလေ့လာဆည်းပူးရန် လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ပညာလိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်နှင့် ဆည်းပူးလေ့လာနည်းနာတို့ကိုပါ အိတ်သွန်ဖာမှောက် မီးမောင်းထိုးပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏လက်ရှိကာလ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ပတ်သက်၍ အားနည်းချက်များကို လည်း အသိပေးထားသည်။ အဆင့်မြင့် ပညာသို့ရောက်နေသည့် လူငယ်များသည်ပင် အားနည်းသည့် ပညာရေးစနစ်၏ သားကောင်များဖြစ်ခဲ့ရသည်။ အခြေခံပညာအဆင့် ကျောင်းများ တွင် ပြည့်ပြည့်ဝ၀ အဆင့်မီမီ သင်ကြားခဲ့ရခြင်းမရှိသည့် လူငယ်လူရွယ်များသည် အဆင့်မြင့်ပညာအဆင့်၌ အားနည်းချက်များရှိနေသည်မှာ နိုင်ငံအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်။ ယင်းကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့နှင့်သင့်လျော်သည့်နည်းလမ်းကို ရှာဖွေဖော်ထုတ်ကာပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
တိုးတက်သည့် နိုင်ငံများတွင် ပညာသင်ကြားမှုစနစ် ကောင်းမွန်လှသည်ကိုတွေ့ရသည်။ ယင်းတို့ကိုလည်း သင်ခန်းစာယူကြရမည်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားသကဲ့သို့ သင်ခန်းစာယူသည် ဆိုသည်မှာ အခြားသူများ၏ အဖြစ်အပျက်များကိုကြည့်ရှု၍ ထိုအဖြစ် အပျက်များအပေါ်တွင် အခြေခံပြီး မိမိတို့၏အခြေအနေကို အကောင်းဆုံးဖြစ်အောင်၊ မည်သို့ဖြစ်အောင် လုပ်မည်နည်းဆိုသည်ကို သင်ခန်းစာယူရန်ဖြစ်သည်။ နိုင်ငံ၏အခြေအနေ ကွာဟမှုနှင့် ဆီလျော်မှုမရှိသည်တို့ကို မပြုလုပ်မိရန်လိုပြီး မိမိနိုင်ငံနှင့် ကိုက်ညီသည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကိုဦးတည်ဖို့ အလွန်အရေးကြီးကြောင်း အသိပေးထားသည်။
ထို့အပြင် ပညာရှာရာ၌ သင်ယူချင်စိတ်ရှိရန် အထူးလိုအပ်ပြီး သင်ယူလိုပါက အရွယ်သုံးပါးမရွေး သင်ယူနိုင်ပေသည်။ သင်ယူလိုစိတ် ရှိခြင်း၊ မရှိခြင်းသည် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှု အပေါ်မူတည်သည်။ထို့ကြောင့် ငယ်စဉ်ကာလကတည်းက သင်ယူချင်စိတ်ရှိအောင် ပြုစုပျိုး ထောင်ပေးကြရမည်ဖြစ်သည်။ အဆင့်မြင့်ပညာရေးစနစ်နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူ အားလုံးအတွက်သာမက နိုင်ငံအတွင်းမှာရှိသည့် ပြည်သူများအားလုံးကိုပါဦးတည်၍ စဉ်းစားအကောင် အထည်ဖော်သင့်ကြောင်း တိုက်တွန်းထားသည်။ အဆင့်မြင့်ပညာဟုဆိုရာတွင် သုတေသနပညာ၊ အသက်မွေးဝမ်းကျောင်းပညာ၊ လူထုအခြေပြု စာကြည့်တိုက်၊ စာအုပ်ဆိုင်ပညာများနှင့် ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများကိုပါ လမ်းညွှန်ထားသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းမှန်ညွှန်ပြသည့် အတိုင်း လူမှုအသိုင်းအဝိုင်းတွင် တန်ဖိုးထားအပ်သောပညာ၊ လောကအလယ်တွင် ပညာရဲရင့်က ပွဲလယ်တင့်စေသောပညာတို့ကို ဆရာ၊ မိဘ၊ ကျောင်းသား၊ ပြည်သူများအားလုံး လေ့လာဆည်းပူးကြဖို့ လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ