နေပြည်တော် ၁၄ ဇူလိုင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (တတိယအကြိမ်) စတုတ္ထနေ့ အစည်းအဝေးများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC2) တွင် ယနေ့ ဇူလိုင် ၁၄ ရက်က ဆက်လက်ကျင်းပလျက်ရှိပြီး အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများကို ညီလာခံကိုယ်စားလှယ်များက ဆွေးနွေးနေကြသည်။
ယနေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်များက မူဝါဒအဆိုပြုလွှာများအပေါ် ယမန်နေ့က သဘောတူညီမှုရရှိပြီးဖြစ်သော အချက်များအား အစုအဖွဲ့သဘောထားများ စုစည်းမှုပုံစံဖြင့် ပြန်လည်ဆွေးနွေးညှိနှိုင်းနေကြသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံသို့ တက်ရောက်လာသည့် ညီလာခံကိုယ်စား လှယ်အချို့နှင့် တွေ့ဆုံမေးမြန်းထားပါသည် -
နော်ခင်သန်းညွှန့်
ကရင်ပြည့်သူ့ပါတီ
နိုင်ငံရေးပါတီအစုအဖွဲ့
ကျွန်မတို့က နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲမှာ ဝင်ပြီးတော့ ဆွေးနွေးတာပါ။ မနေ့ကစပြီးတော့ နိုင်ငံရေးကဏ္ဍမှာ အဖွဲ့လိုက်ဆွေးနွေးကြတယ်။ အဲဒီမှာ ဆွေးနွေးကြတဲ့အခါ ကိုယ့်ပါတီကလည်း ကိ်ုယ်လိုချင်တာရှိတယ်။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ ဥပဒေတွေလိုချင်တယ်။ ချမှတ်ချင်တယ်။ နောက်ပြီးကျတော့ EAOs တွေကလည်း ကိုယ့်ဒေသတွေမှာရှိတဲ့ ခံစားနေရတဲ့ အခြေအနေတွေကို ထည့်ပြီးတော့ ဆွေးနွေးကြတယ်။ ဒါပေမယ့် နောက်ဆုံးအားလုံး ညှိနှိုင်း လိုက်တဲ့အခါ မှာတော့ EAOs တွေ ပြောတဲ့အချက်တွေရော နိုင်ငံရေး ပါတီအစုအဖွဲ့တွေရော ပထမအဆို ပြုထားတဲ့ အချက်တွေကိုပဲ အတည်ပြုလိုက်ကြပါတယ်။ အချက်လေးချက်မှာ အားလုံးပဲ သဘောတူညီမှုရရှိပါတယ်။ ကျန်တဲ့တစ်ဖွဲ့နဲ့တော့ ဒီနေ့မှာ ဆက်ဆွေးနွေးနေကြပါတယ်။ အားလုံးက လည်းပဲ အဆိုပြုလွှာမှာပါတဲ့အချက်တွေ အားလုံးကို ထောက်ခံကြပါတယ်။ ဒီနေ့မှတော့ အဆင်ပြေပြေ ချောချော မောမောပါပဲ။ NCA အပေါ်မျှော်လင့်တာကတော့ အများကြီးမျှော်လင့်ထားတယ်။ ဒါပေမယ့် အခက်အခဲတွေလည်း အများကြီးရှိနေပါသေးတယ်။ အတ္တအစွဲလေးတွေကို နည်းနိုင်သမျှ နည်းအောင်လုပ်ပြီး လိုချင်တဲ့ပန်းတိုင်ကတော့ ရောက်လာမှာပါ။ တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့အတွက်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့၊ တစ်ယောက်နဲ့ တစ်ယောက်က နည်းနည်းပါးပါးလျှော့ ရမှာပေါ့ ဟိုဖက်ကလည်း နည်းနည်းလျှော့၊ ဒီဖက်ကလည်း နည်းနည်းလျှော့ ပြီးတော့ သူ့ဆီကိုကျူးကျော်တာလဲမရှိနဲ့ ကိုယ့်သဘောတူညီချက်ကိုလည်း လက်ခံဆိုပြီး နေလိုက်မယ်ဆိုရင်တော့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ဖြစ်နေမှာပါ။ သူများနိုင်ငံတွေ တိုးတက်တယ်ဆိုတာလည်း အားလုံးစည်းရုံးလို့ဖြစ်တယ်။ အားလုံးစည်းရုံးသလို ကျွန်မတို့နိုင်ငံကိုလည်း စည်းလုံးစေချင်တယ်။ တိုင်းရင်းသားအားလုံး မစည်းရုံးသေးသရွေ့ မှာတော့ တိုင်းပြည်ကြီးတိုးတက်ဖို့ မလွယ်ဘူး။ အခု အခက်အခဲတွေရှိတယ်ဆိုတာကလည်း နောက်ဆုတ်ဖို့ မဟုတ်ဘူး။ အဆင်ပြေဆုံး ညှိနှိုင်းအဖြေရှာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မိကျိကျဲညီ
မွန်အမျိုးသားပါတီ
နိုင်ငံရေးပါတီအစုအဖွဲ့
နိုင်ငံရေးပါတီအစုအဖွဲ့က ဆွေးနွေးနေတာကတော့ သုံးခုလောက်တော့ ပြီးပါပြီ။ နိုင်ငံရေးရယ်၊ စီးပွားရေးရယ်၊ လူမှု ရေးရယ်။ မနေ့က အစုအဖွဲ့အလိုက် ဆွေးနွေးတဲ့အတိုင်းပါပဲ UPDJC က ချမှတ်ပေးတဲ့အဆိုပြုလွှာအတိုင်း ရပ်တည် သွားမယ်ဆိုတာပဲ အားလုံးနီးပါးကတစ်သံတည်း အဆင်ပြေတဲ့ အနေအထားရှိပါတယ်။ ကျွန်မတို့ကတော့ အကောင်း ဆုံးဖြစ်အောင်မျှော်လင့်ချင်တာပေါ့လေ။ နည်းနည်းတစ်ဆို့ နေတာတွေကိုတော့ မဖြစ်စေချင်ဘူး။ အစုအဖွဲ့တိုင်းက သဘောတူညီချက်တွေလဲလိုတယ်။ အစုအဖွဲ့တစ်ခု တည်းကနေ ဆုံးဖြတ်လို့မရတဲ့ အချက်တွေဖြစ်တဲ့အတွက် ကြောင့် ရှေ့ဆက်ဖို့ကတော့ အများကြီးရှိနေ ပါသေးတယ်။ ကျွန်မအမြင်ကတော့ အားလုံးပါဝင်လာဖို့အတွက်က အားလုံးပါဝင်ချင်တဲ့ ဆန္ဒရှိဖို့တော့လိုမယ်။ တစ်ဖက်ကပဲ တင်းခံနေတာမဟုတ်ဘဲနဲ့ အလျှော့အတင်းတွေ လုပ်ဖို့ တော့လိုမယ်။ ကျွန်မတို့ အရမ်းမျှော် လင့်နေတဲ့ ငြိမ်းချမ်းရေးကိစ္စဆိုတော့ ငြိမ်းချမ်း ရေးကို နှလုံးသားနဲ့ စကားပြော ပေးကြပါ။ ကိုယ့်အုပ်စု ရပ်တည်ချက်တစ်ခုတည်းမဟုတ်ဘဲ အားလုံးအဆင်ပြေစေဖို့ နှလုံးသားနဲ့ ပြောကြပါလို့ ပြောချင်ပါတယ်။
ဦးရာပွေး
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့
အခုဒီနေ့ အစုအဖွဲ့အလိုက်ဆွေးနွေးပွဲမှာတော့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေ ဆွေးနွေးကြတယ်။ ဒီနေ့ အဓိကဆွေးနွေးတာက ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံသော နိုင်ငံဆိုတဲ့နေရာမှာ မြန်မာဆိုတာကို မထည့်ချင် ကြဘူး တိုင်းရင်းသားတွေက၊ ကျွန်တော်အမြင်ကတော့ မြန်မာကထည့်ကို ထည့်ရမယ်။ တိုင်းရင်းသားတွေဖက်က လိုချင်တာပဲပြောကြတာပဲ တပ်မတော်ဘက်က လက်လျှော့လို့ မရမယ့်ဟာဆိုတာ မသိဘူး။ တိုင်းရင်းသားဖက်က အနည်းငယ်လျှော့ဖို့ လိုတယ်လို့ မြင်ပါတယ်။ အားလုံးပါဝင်လာဖို့အတွက်ဆိုရင်တော့ တပ်မတော်ဘက်က လက်မလွှတ်နိုင်တဲ့ကိစ္စတွေကိုတော့ တိုင်းရင်းသားတွေဖက်က နားလည်ပေးဖို့လိုတယ်။ လက်မလွှတ်နိုင်တဲ့ ကိစ္စတွေကို အတင်းကြီးလိုချင်သပလို့ ပြောမယ်ဆိုရင်တော့ ခရီးလမ်းက ဖြောင့်တန်းနိုင်မှာမဟုတ်ဘူး။
တွေ့ဆုံမေးမြန်း - ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ