နေပြည်တော် ၂၅ ဇူလိုင်
မြန်မာနိုင်ငံနေရာတော်တော်များမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့အတွက် လက်တလော ရာသီဥတု အခြေအနေကို အထက်မြန်မာပြည်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနှင့် MDN တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။
မေး-နောက်နှစ်ရက်အတွင်း ဖြစ်ပေးနိုင်တဲ့မိုးလေဝသ ခန့်မှန်းချက်များကို သိပါရစေ။
ဖြေ- ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်အထိခန့်မှန်းတဲ့ ခန့်မှန်းချက်တွေအရ လာမယ့် ၂ ရက်အတွင်းမှာတော့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ မိုးဆက်လက်ပိုပါမည်။ မုတ်သုံလေအသင့်တင့်ကနေ အားကောင်းတဲ့ အခြေအနေမျိုးမှာဆိုရင် ပင်လယ်ကမ်းရိုးတန်း ရခိုင်ကမ်းရိုးတန်းနဲ့ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းဒေသတွေဟာ မုတ်သုံမိုးတွေရရှိတဲ့အခါ မိုးပိုလာနိုင်သည့် အခြေအနေမျိုး ခန့်မှန်းရပါသည်။
ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသခန့်မှန်းရေး ပုံစံတွေလေ့လာကြည့်တဲ့အခါမှာလည်း လာမယ့် ၂ ရက်ကနေ သုံးလေးရက်အတွင်းမှာ တစ်ပြည်လုံးတိုင်းတာမည်ဆိုရင် နေ့စဉ်မိုးရွာသွန်းမှု အနည်းဆုံ ၁ လက်မ လောက်အထိရွာသွန်းနိုင်ဖို့ ရာခိုင်နှုန်းများသည်။ ရခိုင်ကမ်းရိုးတန်းဒေသတွေ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်တွေကို တွေ့နေရပါတယ်။ အဲ့ဒီအတွက် လာမယ့်တစ်ပတ်အတွင်း ဇူလိုင်လကုန်လောက်အထိ စုစုပေါင်း မိုးရွာသွန်းနိုင်မှု အခြေအနေ ခန့်မှန်းချက်တွေကိုကြည့်လျှင် ရခိုင်ကမ်းရိုးတန်း၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်မှာဆိုလို့ရှိရင် မိုးရွာသွန်းမှု အခြေအနေ အနည်းဆုံး ၆ လက်မ၊ ၈ လက်မ၊ ၁၀ လက်မ လောက်အထိရွာသွန်းမယ့် အခြေအနေကိုတွေ့ရပါတယ်။
မေး-မြန်မာနိုင်ငံတွင်းမှာလက်ရှိဖြစ်နေတဲ့ မြစ်ရေအခြေနေကိုလည်း သိချင်ပါတယ်
ဖြေ-မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေ ကမ်းရိုးတန်းဒေသတွေမှာ အနောက်တောင် မုတ်သုံလေအားကောင်းတဲ့အခါ၌ မိုးရွာသွန်းမှုရှိပါတယ်။ ဒီအခြေအနေကြောင့် ပြီးခဲ့တဲ့ရက်တွေက မြန်မာနိုင်ငံ၏ မြစ်ကြီးအများစုမှာ အထူးသဖြင့် အထက်ပိုင်းမြစ်တွေမှာဆိုရင် မြစ်ရေတွေကျဆင်းပြီးတော့ မြန်မာနိုင်ငံအောက်ပိုင်း စစ်တောင်းမြစ်နဲ့ သံလွင်မြစ်တွေမှာဆိုရင် စိုးရိမ်ရေမှတ်ကိုရောက်ရှိတဲ့ အခြေအနေမျိုးတွေမှာ မြစ်ရေကြီးခြင်း သတိပေးချက်တွေကို ထုတ်ခဲ့ရတယ်။
ဧရာဝတီမြစ်အောက်ပိုင်းမြစ်တွေမှာလဲ မြစ်ရေကြီးခြင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ယခု ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည် ၁၂း၃၀ အခြေအနေ မြစ်ရေတိုင်းထွာချက်တွေအရ ဧရာဝတီမြစ် အထက်ပိုင်း မြစ်ကြီးနား၊ ဗန်းမော်မြို့တွေမှာဆိုရင် ပြီးခဲ့တဲ့ ၂၄ နာရီနဲ့ ယှဉ်ရင် ၁ ပေ လောက်ပြန်တက်လာတာမျိုးရှိပါတယ်။
မန္တလေးမြို့မှာဆိုရင် မြစ်ရေဟာ အနည်းငယ် ဆက်လက်ကျဆင်းနိုင်ချိန်ရှိပြီးတော့ နောက်သုံးလေးရက်ကြာရင်တော့ မြစ်ရေအနည်းငယ် ပြန်တက်လာနိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဧရာဝတီမြစ်၏ အောက်ပိုင်းမှာဆိုရင် မြစ်ရေတွေ တက်နေတဲ့ အနေထားမျိုးရှိပါတယ်။ စိုးရိမ်ရေမှတ် ရောက်တဲ့နေရာတွေကတော့ စစ်တောင်းမြစ်ရေ မဒေါက်မြို့နှင့် ရွှေကျင်မြစ်ရေ ရွှေကျင်မြို့နှင့် သံလွင်မြစ်ရေဟာဆိုရင် ဘားအံ့မြို့တို့မှာ စိုးရိမ်ရေမှတ်ရောက်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနက လိုအပ်တဲ့မြစ်ရေကြီးခြင်း သတိပေးချက်တွေ ဆက်လက်ပြီးတော့ ထုတ်ပြန်ထားပါတယ်။
မေး-မြန်မာနိုင်ငံ မြစ်ရေအခြေအနေ ဘယ်လိုများ ဆက်လက်ဖြစ်ပေါ်နိုင်ပါသလဲ
ဖြေ-အဓိက ကတော့ မိုးလယ်ကာလက ဇူလိုင်လနှင့် သြဂုတ်လ ရက်ပေါင်း ၆၂ ရက်ရှိတယ် ယခုမှ ၂၄ ရက်ပဲရှိသေးတယ်ဆိုတော့ မိုးလယ်ကာလ မုတ်သုံအားအကောင်းဆုံး အချိန်ဖြစ်တဲ့ ကာလက နောက်ရက်ပေါင်း ၄၀ နီးပါးလောက်ကျန်နေသေးတယ်။ မုတ်သုံလေဟာလဲ သူ့ရဲ့စရိုက်သဘာဝအရ လေဖိအားရှု့ထောင့်ကနေကြည့်ကြည့် လေတိုက်ခတ်မှုပြင်းထန်မှုပေါ်မှာပဲ ကြည့်ကြည့် မုတ်သုံလေဟာ အားအကောင်းဆုံးကနေတဆင့် တဖြေးဖြေးနဲ့ အားလျော့သွားတယ်။ ပြီးရင်အားပြန်ကောင်းတဲ့ အချိန်ကာလတစ်ခုအတွင်းမှာရှိနေတဲ့ အနေအထားမျိုးမှာ ကျန်တဲ့ ဒီရက်ပေါင်း ၄၀ ကာလအတွင်းမှာတော့ အားအကောင်းဆုံး အချိန်ကာလ နှစ်ခုလောက်တော့ ရှိအုန်းမယ်။
ဒီအခြေအနေတွေကြောင့်မိုလို့ မုတ်သုံလေအားကောင်းလာတာနဲ့ အတူတူ မြန်မာနိုင်ငံရဲ့ အနီးပတ်ဝန်းကျင်မှာလဲ လေဖိအားစနစ်တွေ အပြောင်းအလဲဖြစ်ပြီးတော့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာလဲ တစ်ခါတစ်ရံ မိုးကောင်းနေတဲ့ ရက်သတ္တပတ်တွေ ဖြစ်တယ်။ ရေဦးရေဖျားဖြစ်တဲ့ ဒေသတွေမှာ မြစ်ဖျားဒေသတွေမှာ မိုးကောင်းတယ်ဆိုရင် မြစ်ရေတွေက တဖြေးဖြေးနဲ့ ပြန်လည် မြင့်တက်လာတယ်။
ဒီလိုအခြေအနေမှာပဲ အရှေ့ဘက်မှာ တောင်တရုတ်ပင်လယ်ပြင်ရယ်၊ ဖိလစ်ပိုင်ပင်လယ်ပြင်ရယ် ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းဒေသတွေမှာ လက်ရှိအခြေအနေမှာဆိုရင် အပူပိုင်းမုန်တိုင်းငယ်အဆင့် လေဖိအားနည်းရပ်ဝန်းအဆင့် မုန်တိုင်းဖြစ်ပေါ်တဲ့အဆင့် ထူးထူးခြားခြား မုန်တိုင်းအခြေအနေမျိုးကို ကမ္ဘာမုန်တိုင်းခန့်မှန်းရေးဌာနတွေက စောင့်ကြည့်နေရတဲ့အဆင့် မုန်တိုင်းအားလုံးလောက်ထိ တပြိုင်တည်းဖြစ်ပေါ်နေတယ်။
ကျွန်တော်တို့နဲ့ အနီးဆုံးကတော့ ဟိုင်နန်ကျွန်း တောင်တရုတ်ပင်လယ်ပြင် တုံကင် ပင်လယ်ကွေ့နားမှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်လေး ဒီလိုမျိုးအခြေအနေမျိုး ကစပြီးတော့ အရှေ့ဘက်က တောင်တရုတ်ပင်လယ်ပြင်နှင့် အနောက်တောင်မုတ်သုံကာလမှာ လေပွေလှိုင်းတွေ လေပွေမုန်တိုင်းတွေ တိုင်ဖုန်းတွေဖြစ်တယ်ဆိုရင် တောင်ကမ္ဘာခြမ်းကလာတဲ့ အနောက်တောင် မုတ်သုံလေစီးကြောင်းတွေဟာဆိုရင် ပိုပြီးတော့ အားကောင်းလာစေတယ်။ ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်ပြင်တို့ကို မုတ်သုံလေအားကောင်းစေတဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ မုတ်သုံအားကိုလျော့ကျမသွားစေတဲ့ ဖြစ်စဉ်မျိုးတွေကိုလဲ ကျွန်တော်တို့ သုံးသပ်နိုင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- အိမို့မို့ခိုင်