မန္တလေး ၈ သြဂုတ်
လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်ရေးအတွက် ရည်ရွယ်၍လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကို သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေးတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပြီး ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲရန်အတွက် တာဝန်ရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဒေါက်တာသီတာဝင်း(မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်)
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ဖို့ ဘက်ပေါင်းစုံက ပါဝင်ဆောင်ရွက်ပေးရမှာပါ။ ဒီပွဲတော်မှာ ကျွန်မတို့ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၃၁ ကျောင်းသာမက အသက်မွေးပညာသင်ကျောင်းတွေနဲ့ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေအပြင် လူငယ်ပွဲတော်ဆိုတဲ့အတိုင်း လူငယ်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အသင်းအဖွဲ့တွေအားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။ ဒီပွဲတော်မှာ ကျွန်မတို့နဲ့သက်ဆိုင်တဲ့ အသိပညာ ဗဟုသုတ မျှဝေကြမယ့် ပြခန်းပေါင်း ၉ဝ ကျော် ပါဝင်ပြသမှာဖြစ်ပြီး ပြခန်းတွေ အနေနဲ့လည်း ကျွန်မတို့ တက္ကသိုလ်အသီးသီးမှာ သုတေသနပြု ဆောင်ရွက်ထားကြတဲ့ သင်ခန်းစာတွေ ပြသသွားမယ့်အပြင် ပြခန်းတွေလည်း ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာနဲ့ မြန်မာစာ စွမ်းရည်ပြပွဲတွေ၊ ကျပန်းစကားပြော ပြိုင်ပွဲနဲ့ ကဗျာရွတ်ပြိုင်ပွဲတွေ၊ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွေလည်း ပါဝင်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ် ပါဝင်ပါတယ်။ အားလုံးက ဒီပွဲတော်ကို စိတ်ဝင်တစား ရှိကြပါတယ်။ ဒါ့ကြောင့် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမယ့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို လာရောက်ဆင်နွှဲကြဖို့ ဖိတ်ခေါ် ပါတယ်။
ဒေါ်နှင်းနှင်းမော်(မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ)
ကျွန်မတို့ကိုယ်ပိုင်ကျောင်းတွေက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေသွားရောက် လေ့လာဖို့ စီစဉ်ထားပါတယ်။ တက္ကသိုလ်တွေက အကောင်းဆုံး အသိပညာပေး အစီအစဉ်တွေ ထည့်သွင်းပြသထားကြမယ်။ ဒါ့ကြောင့် ဒီပြခန်းတွေကို သွားရောက်လေ့လာမယ်။ ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ ကျွန်မတို့ ကိုယ်ပိုင်ကျောင်းတွေ အသင်းက ရန်ပုံငွေသိန်းတစ်ရာ ထည့်ဝင်လှူဒါန်းတဲ့အပြင် အမှတ်တရပစ္စည်းလေးတွေ လက်ဆောင်ပေးမယ့် အစီအစဉ်နဲ့ ပွဲတော်ကို သတိတရ ရှိနေစေဖို့အတွက် အမှတ်တရပစ္စည်းတွေကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပွဲတော်ဟာ လူငယ်ပွဲတော် ဖြစ်တဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ အနုပညာရပ်များနဲ့ တီထွင်ဖန်တီးမှုတွေအားလုံး ပါဝင်ပြသထားမှာ ဖြစ်တဲ့အတွက် သွားရောက်လေ့လာခြင်းဖြင့် အသိပညာဗဟုသုတတွေ ရရှိစေမှာဖြစ်တယ်။ အားလုံး ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်း ဖိတ်ခေါ်ပါတယ်။
ဦးညွန့်မောင်(ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးပညာရေးမှူးရုံး)
ဒီပွဲတော်ရဲ့ ဖွင့်ပွဲမှာ ကျွန်တော်တို့ အခြေခံပညာကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ ၃ဝဝ နဲ့ စကားဝိုင်း ဆွေးနွေးပွဲမှာ ကျောင်းသားကျောင်းသူ ၁ဝဝ တက်ရောက်ဖို့ ရွေးချယ်ထားပါတယ်။ အခြေခံပညာကျောင်းတွေအနေနဲ့ စိုက်ပျိုးရေးနဲ့ စိမ်းလန်းစိုပြည်ရေး၊ တိုင်းရင်းသား ဘာသာစကား စာပေဆိုင်ရာ ပြခန်းငါးခန်း ပြသသွားမှာပါ။ ဒီပွဲတော်ကနေ အသိပညာဗဟုသုတတွေ တိုးပွားလာမှာ ဖြစ်တဲ့အတွက် လူငယ်တွေအားလုံး ပါဝင်စေချင်ပါတယ်။
ဒေါ်ဝေဝေဖြိုး(မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး)
ဒီပွဲတော်မှာတော့ စာအုပ်အရောင်းဆိုင်တွေနဲ့ အခြားပြခန်းတွေ စုစုပေါင်း ၃ဝဝ နီးပါး ပါဝင်ပြသသွားမှာပါ။ အိုင်တီဆိုင်ရာ လှုပ်ရှားမှုပြခန်းတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေ၊ အဆင့်မြင့် ပညာတွေကနေ ပြသမယ့် ပညာရပ်ဆိုင်ရာပြခန်းတွေ၊ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြသပေးမယ့် အသိပညာပေးပြခန်းတွေလည်း ပါဝင်ပြသပေးမှာပါ။ ပွဲတော်ကြီးတစ်ခုလုံးမှာတော့ အဓိကလှုပ်ရှားမှုကြီး ငါးခုပါဝင်ပါတယ်။ ဒါတွေကတော့ အနုပညာ၊ အားကစား၊ စာပေ၊ နည်းပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပြသမယ့် အစီအစဉ်တွေပါ။ ဘက်ပေါင်းစုံကနေ ဖျော်ဖြေရေး အစီအစဉ်တွေ၊ အသိပညာပေးရေး အစီအစဉ်တွေ၊ ကိုယ်တိုင်ပါဝင် ဆင်နွှဲနိုင်တဲ့ အစီအစဉ်တွေ ပါဝင်တာဖြစ်တဲ့အတွက် လူငယ်တွေအတွက် တစ်သက်မမေ့နိုင်မယ့် ပွဲတော်ကြီး တစ်ခုလည်းဖြစ်ပါတယ်။
ဦးမျိုးမြင့်အောင်( ညွှန်ကြားရေးမှူး၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး)
မန္တလေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပမယ့် လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ အားကစားဆိုင်ရာ လှုပ်ရှားမှုတွေအနေနဲ့ လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ ဘတ်စကက်ဘော ဂိုးသွင်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲနဲ့ ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲတွေ ထည့်သွင်းကျင်းပပေးသွားမယ်။ ဒါ့အပြင် သရုပ်ပြအားကစားနည်းတွေအဖြစ် တက္ကသိုလ်/ ကောလိပ်ပေါင်းစုံ ဘော်လီဘော ပြိုင်ပွဲတွေ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွေ၊ ဝူရှူးအားကစားနည်း၊ ကျွမ်းဘားအား ကစားနည်း၊ ကရာတေးဒို အားကစားနည်းတွေနဲ့ Myanmar Fitness Dance တွေ ပါဝင်မှာဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက် နံနက် ၅ နာရီခွဲမှာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကျင်းပတဲ့ မုခ်ဦးရှေ့ကနေ မန္တလေးတက္ကသိုလ်အတွင်း လမ်းတွေမှာ လမ်းလျှောက်မယ့် စုပေါင်းလမ်းလျှောက်ပွဲလည်း ပါဝင်မှာဖြစ်ပါတယ်။ အားကစားဆိုင်ရာ ဓာတ်ပုံပြပွဲတွေလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။
အဆိုပါပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် ဧည့်သည်အဆိုတော်များ ဖြစ်ကြသည့် အိုင်းရင်းဇင်မာမြင့်၊ ရင်ဂို၊ ယုန်လေး၊ မီမီဝင်းဖေတို့နှင့်အတူ ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရ အဆိုရှင်များကလည်း ပွဲတော်ကျင်းပရက်အတွင်း နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ဧည့်ခံသီဆို ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်းသိရသည်။
တင်မောင်၊ မင်းထက်အောင်(မန်းကိုယ်ပွား)