နေသစ်ဦး
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ပိုမိုအကျိုးရှိစေမည့် နိုင်ငံ့ဝန်ထမ်း အသက်အာမခံ(ကာလတို)လုပ်ငန်းအား ၂၀-၆-၂၀၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ(ကာလတို)လုပ်ငန်းနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားဖော်ပြလိုက်သည်။
မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ နိုင်ငံ့ဝန်ထမ်း အသက်အာမခံ (ကာလတို) လုပ်ငန်း ဆောင်ရွက်ရခြင်း ရည်ရွယ် ချက်ကို ဦးစွာသိချင်ပါတယ်။
နိုင်ငံ့ဝန်ထမ်း အသက်အာမခံ (ကာလတို) ကအာမခံသက်တမ်းတို ဖြစ်တဲ့အတွက် ဝန်ထမ်းတွေစိတ်ဝင်စားမှု ပိုမိုရှိလာစေရန်နဲ့ နှစ်စေ့တောင်းခံငွေမှာအပိုဆုကြေးငွေ ထည့်သွင်းပေးထားခြင်းကြောင့်လည်း ဝန်ထမ်းများ နှစ်စေ့တောင်းခံငွေ ပြန်လည်ထုတ်ယူချိန်မှာ ငွေကြေးဖောင်းပွမှုကြောင့် ကြုံတွေ့ရမယ့် ဆုံးရှုံးနစ်နာမှုကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) လက်ခံဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းများရဲ့ အသက်အာမခံထားငွေ ပိုမိုတိုးတက်များပြားလာပြီး နိုင်ငံတော်ဝင်ငွေ တိုးပွားစေရန်၊ ငွေကြေးစနစ် ခိုင်မာတောင့်တင်းလာစေရန်နဲ့ ရရှိလာတဲ့ အာမခံထားငွေများကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) လုပ်ငန်းဟာ ဘယ်လိုအသက်အာမခံအမျိုးအစားဖြစ်တယ်ဆိုတာ ရှင်းပြပေးပါဦး။
နိုင်ငံ့ဝန်ထမ်း အသက်အာမခံ (ကာလတို)ဟာ နိုင်ငံ့ဝန်ထမ်းအားလုံး အသက်အာမခံသက်တမ်း သုံးနှစ်၊ငါးနှစ်၊ ၁၀ နှစ် ထားရှိနိုင်ပြီး နှစ်စေ့အကျိုးခံစားခွင့်မှာ အပိုဆုကြေးငွေ ထည့်သွင်းပေးနိုင်ဖို့အတွက် ယခင်က လက်ခံဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်း အသက်အာမခံကို ပြင်ဆင်ရေးဆွဲထားတဲ့ အာမခံအမျိုးအစား ဖြစ်ပါတယ်။ အာမခံသက်တမ်းစေ့လျှင် အာမခံထားသူဝန်ထမ်းကိုယ်တိုင် အပိုဆုကြေးပါတဲ့ အကျိုးခံစားခွင့် တောင်းခံငွေကို ထုတ်ယူနိုင်ပြီး အာမခံသက်တမ်းအတွင်း သေဆုံးမှုလျော်ကြေး ဖြစ်ပေါ်လျှင်လည်း အကျိုးခံစားခွင့်ရှိသူမှ အများဆုံး အာမခံထားငွေ ပမာဏကိုထုတ်ယူနိုင်မှာပါ။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) လုပ်ငန်းဟာ ယခင်ပြည်သူ့ဝန်ထမ်းအသက်အာမခံနဲ့ ဘယ်လို ကွာခြားချက်များရှိပါသလဲ ရှင်းပြပေးပါဦး။
ယခင် ပြည်သူ့ဝန်ထမ်း အသက်အာမခံလုပ်ငန်းဟာ ဝန်ထမ်းတစ်ဦး ပင်စင်ယူမယ့်အချိန်မှာ နှစ်စေ့ငွေပြန်လည် ထုတ်ယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပါတယ်။ အသက် ၁၈ နှစ်ရှိတဲ့ ဝန်ထမ်းဟာ ယခင်ပြည်သူ့ဝန်ထမ်း အသက်အာမခံထားရှိမယ်ဆိုရင် အာမခံသက်တမ်းက ၄၂ နှစ် ကြာမြင့်မှာဖြစ်ပြီး သူ့အသက် ၆၀ နှစ်ပြည့်မှသာ အာမခံထားငွေကို ပြန်လည်ထုတ်ယူနိုင်မှာပါ။ ဒါပေမယ့် အားနည်းချက်က အာမခံသက်တမ်းကြာမြင့်လွန်းပြီး ငွေကြေးဖောင်းပွမှုကြောင့် အကျိုးခံစားခွင့် ငွေတန်ဖိုးဟာ အာမခံစတင်ထားရှိချိန်ကထက်အဆများစွာ ကွာခြားတဲ့အတွက် ပင်စင်ယူချိန်မှာဝန်ထမ်းရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။ အခု နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ဟာ အာမခံသက်တမ်းတိုဖြစ်ပြီး နှစ်စေ့ အပိုဆုကြေးလည်း ထည့်သွင်းပေးထားတဲ့အတွက် ငွေကြေးဖောင်းပွမှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ကို ဘယ်လိုလူတွေ ထားရှိနိုင်ပါသလဲ။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ကို အသက်၁၈ နှစ်မှ ၅၇ နှစ် အတွင်းရှိတဲ့ နိုင်ငံ့ဝန်ထမ်းတိုင်း နှစ်သက်ရာ အာမခံသက်တမ်းကို ရွေးချယ်ထားရှိနိုင်ပါတယ်။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ထားရှိခြင်း အားဖြင့် ဘယ်လိုအကျိုးကျေးဇူးများ ရရှိနိုင်ပါသလဲ။
နိုင်ငံ့ဝန်ထမ်း အသက်အာမခံ (ကာလတို) ထားရှိခြင်းအားဖြင့် ချွေတာစုဆောင်းသည့် အလေ့အထကောင်း ရှိစေခြင်း၊ မမျှော်လင့်သော ဖြစ်ရပ်ဆိုးများနှင့်ကြုံခဲ့သော် မိသားစုအတွက် ငွေကြေးအထောက်အပံ့ရစေခြင်း၊ အာမခံသက်တမ်းစေ့ပါက ပေးသွင့်ရသည့် အာမခံကြေးထက် ပိုမိုသော အာမခံ အကျိုးခံစားခွင့်ငွေရနိုင်ခြင်း၊ ဝင်ငွေခွန်သက်သာခြင်း၊ အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ခွင့်ရှိခြင်း စတဲ့အကျိုးကျေးဇူးများကို ခံစားရရှိနိုင်ပါတယ်။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ထားရှိခြင်းအားဖြင့် အခြားခံစားခွင့်များရှိလျှင်လည်း ပြောပြပေး စေလိုပါတယ်။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ထားရှိတဲ့ဝန်ထမ်းဟာ အနည်းဆုံးတစ်နှစ် ပရီမီယံကြေး ပေးသွင်းပြီးပါက ချေးငွေရယူနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် အာမခံထားသည့်ဝန်ထမ်း အလုပ်မှ နုတ်ထွက်ခဲ့ပါက အမ်းငွေထုတ်ယူနိုင်ခြင်း၊ ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်းများအတွက်လည်း အာမခံထားငွေကို ထုတ်ပေးမှာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ထားရှိတဲ့ ဝန်ထမ်းတွေကို ချေးငွေဘယ်လိုချေးပေးပါလဲ။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ထားရှိတဲ့ဝန်ထမ်းဟာ အနည်းဆုံး တစ်နှစ် ပရီမီယံကြေး ပေးသွင်းပြီးပါက မိမိပေးသွင်းထားတဲ့ စုစုပေါင်းပရီမီယံရဲ့ ၇၅ရာခိုင်နှုန်းခန့်ကို တစ်နှစ်လျှင် ၆ ဒသမ ၂၅ ရာခိုင်နှုန်း အတိုးဖြင့် ပြန်လည်ချေးယူနိုင်ပါတယ်။
နှစ်စေ့အကျိုးခံစားခွင့်မှာ ထည့်သွင်းပေးထားတဲ့ အပိုဆုကြေးငွေအကြောင်းကို ရှင်းပြပေးစေလိုပါတယ်။
နိုင်ငံ့ဝန်ထမ်းအသက်အာမခံ (ကာလတို) ထားတဲ့ဝန်ထမ်းတိုင်း အာမခံ သက်တမ်းစေ့ချိန်မှာ အပိုဆုကြေးပါတဲ့ အကျိုးခံစားခွင့် တောင်းခံငွေကို ထုတ်ယူနိုင်ပါတယ်။ ဥပမာ-အသက် ၄၀နှစ် ရှိတဲ့ ဝန်ထမ်းတစ်ဦးက အာမခံထားငွေ ကျပ် ၁၀ သိန်းကို အာမခံသက်တမ်း၁၀ နှစ် ထားရှိပါက တစ်လလျှင် ပရီမီယံ ကျပ် ၇၉၀ဝ ဖြင့်နှစ်စေ့ချိန်အထိ စုစုပေါင်း ကျပ် ၉၄၈၀ဝဝ ပေးသွင်းရမှာဖြစ်ပြီး နှစ်စေ့ချိန် အသက် ၅၀ နှစ်တွင် အပိုဆုကြေးပါတဲ့ အကျိုးခံစားခွင့်ငွေကျပ် ၁၂ သိန်းရရှိမှာဖြစ်ပါတယ်။
အာမခံထားငွေအပေါ်နှင့် လစဉ်ပေးသွင်းပရီမီယံအပေါ်မှာ ကန့်သတ်ချက်တွေများရှိပါသလား။
ဟုတ်ကဲ့၊ ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်း အသက်အာမခံ(ကာလတို) ထားရှိမယ့်ဝန်ထမ်းဟာ အာမခံထား ငွေကျပ်သိန်း ၂၀ အထိ ဆေးစစ်ချက် ကင်းလွတ်ခွင့်နဲ့ အာမခံထားရှိနိုင်ပြီး အာမခံထားငွေ ကျပ်သိန်း ၂၀ ထက်ပိုမိုထားရှိလိုပါက ဆေးစစ်ချက်တင်ပြရန် လိုအပ်ပါတယ်။ ဒါ့အပြင် ပေးသွင်းရမယ့် လစဉ်ပရီမီယံဟာ အာမခံထားသူရရှိတဲ့ လစာရဲ့ ၁၅ ရာခိုင်နှုန်းထက်မကျော်လွန်ရပါ။ လစဉ်ပရီမီယံကို မပျက်မကွက် ပေးသွင်းသွားဖို့တော့ လိုအပ်ပါတယ်။
နိုင်ငံ့ဝန်ထမ်း အသက်အာမခံ (ကာလတို)မှာ အကျိုး ခံစားခွင့်မရနိုင်တဲ့ အချက်တွေလည်း သိလိုပါတယ်။
အာမခံထားတဲ့နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း၊ အာမခံဝယ်ယူပြီးနောက် ခြောက်လအတွင်း ဖြစ်သော ရှိရင်းစွဲရောဂါများကြောင့် သေဆုံးခြင်းနှင့် ထာဝစဉ်မသန်းစွမ်း ဖြစ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် သေဆုံးခြင်းနှင့် ထာဝစဉ် မသန်းစွမ်းဖြစ်ခြင်းတို့အတွက် အကျိုးခံစားခွင့်မရရှိပါ။
နောက်ဆုံးအနေဖြင့် ဆရာမကြီးမှ ဖြည့်စွက်ပြောလိုသည်များရှိလျှင် ပြောကြားပေးစေလိုပါတယ်။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ပြည်သူများအတွက်အကျိုးရှိတဲ့ အာမခံလုပ်ငန်းတွေကို ဖော်ဆောင်ရေးမှာ အစဉ်တစိုက် အားထုတ်ကြိုးပမ်းလျက်ရှိနေပါတယ်။ ယခု နိုင်ငံ့ဝန်ထမ်း အသက်အာမခံ (ကာလတို) လုပ်ငန်းဟာလည်း အာမခံထားသူ ဝန်ထမ်းများအတွက်သာမက နိုင်ငံတော် အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ အာမခံထားသူဝန်ထမ်းများရဲ့ အာမခံကြေး ပေးသွင်းငွေများက နိုင်ငံတော်ရဲ့ ငွေကြေးလည်ပတ်မှုကို များစွာအထောက်အပံ့ဖြစ်စေပြီး ဝန်ထမ်းများကိုယ်တိုင်အတွက်လည်း သက်တမ်းအလိုက် အာမခံထားငွေအပေါ် အပိုဆုကြေးရရှိမှာဖြစ်တာကြောင့် ဝန်ထမ်းတိုင်း မဖြစ်မနေထား ရှိသင့်တဲ့ အာမခံအကာအကွယ်တစ်ခု ဖြစ်ပါတယ်လို့ တိုက်တွန်းပြောကြားလိုပါတယ်။ ။