ရန်ကုန် ၃ နိုဝင်ဘာ
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်၍ တစ်နိုင်ငံလုံးရှိ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် စတင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူ များသည် သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးသို့ လာရောက် ဆန္ဒမဲပေးကြသည်။
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပါတီပေါင်း ၈ ပါတီမှ ကိုယ်စား လှယ် ၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မဲပေးပိုင်ခွင့်ရှိသူ ၉၉၁၁၉ ဦး၊ မဲရုံပေါင်း ၁၂၃ ရုံ ရှိသည်။
မဲရုံများတွင် ဆန္ဒမဲ လာရောက်ပေးသူများ စနစ်တကျ လွတ်လပ်စွာ ဆန္ဒမဲပေး နိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့မှ တာဝန်ရှိသူများ၊ မဲရုံမှူးများ နှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။
အလားတူ ကျန်းမာရေးမကောင်းသော မဲဆန္ဒရှင်များနှင့် မသန်စွမ်း မဲဆန္ဒရှင်များ အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(MILT) တို့က ပေါင်းစပ် ကူညီ ဆောင် ရွက်ပေးခဲ့ကြသည်။
ညနေ ၄ နာရီတွင် မဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များသည် မဲပုံးများကိုဖွင့်ဖောက်၍ ခိုင်လုံမဲနှင့် ပယ်မဲတို့ကို စနစ်တကျရေတွက်ကြပြီး သက်ဆိုင်ရာ မှတ်တမ်းစာအုပ်များ၌ မှတ်တမ်းရေးသွင်းကြသည်။
၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်သော တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ သန့်ရှင်း လွတ်လပ်ပြီး တရားမျှတစွာဖြင့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်လွယ်ကူစွာ မဲပေးနိုင် ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက စနစ်တကျစီမံဆောင်ရွက် ပေးခဲ့ကြ သည့် နည်းတူ သံတမန်များ လေ့လာစောင့်ကြည့်သူများကလည်း သက်ဆိုင်ရာ မဲရုံများ အလိုက် လာရောက်ကြည့်ရှုလေ့လာကြသည်။
(သတင်းစဉ်)