မန္တလေး ၁၁ သြဂုတ်
လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင် အထည်ဖော်ရေးအတွက် ရည်ရွယ်၍ လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်(မန္တလေး)ကို ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေးတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပွဲတော်ကြီးတွင် စကားဝိုင်းဆွေးနွေးပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ အဆိုပါဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးကြမည့် သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဦးနေဝင်းအောင်
မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်း အနေနဲ့ အခုကျင်းပမယ့် လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်မှာ Digital နဲ့ ပတ်သက်တဲ့ နည်းပညာအခြေခံတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆွေးနွေးမယ့် အကြောင်းအရာ တွေထဲမှာ Digital နည်းပညာ တွေဟာ လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုအကျိုးရှိအောင် သုံးနိုင်မယ်ဆိုတဲ့အချက်နဲ့ အခြေခံအားဖြင့် သုံးစွဲ ရမယ့် အချက်တွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ဆွေးနွေးပေးသွားမှာပါ။
အခု ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ရွေးချယ်ဖြစ်တာကတော့ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Digital မီဒီယာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်တွေမှာ Digital နည်းပညာကို အသုံး ချမှုက ကျယ်ပြန့်လာပြီး နိုင်ငံသား အတော်များများဟာလည်း တယ်လီဖုန်းတွေ အသုံးပြုလာကြပြီဖြစ်တဲ့ အတွက် သုံးစွဲမှုရာနှုန်းလည်း မြင့်လာပါပြီ။ တစ်နိ်ုင်ငံလုံးမှာ သုံးစွဲသူ သန်း ၃၀ လောက် ရှိနေပြီဖြစ်တဲ့အတွက် နေ့စဉ်လူနေမှုဘဝမှာ မပါမဖြစ် ပစ္စည်းတစ်ရပ်အနေနဲ့ ရှိ်နေပါ ပြီ။ Digital နည်းပညာတွေကတစ်ဆင့် မိမိရဲ့ လူနေမှုဘဝ အကျိုးရှိအောင် အသုံးပြုနိုင်ဖို့ လိုက်နာရမယ့်ကျင့်ဝတ်တွေကို လိုက်နာနိုင်ဖို့ ဆိုးကျိုးတွေဖြစ် ပေါ်မလာဖို့ မိမိရဲ့ ကျန်းမာရေး ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေကို နည်းပညာကတစ်ဆင့် သုံးစွဲနိုင်တာ ကို သိရှိဖို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒေါက်တာတေဇာစန်း
အမှုဆောင်ဒါရိုက်တာ၊ ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်း
အခု ကျင်းပမယ့် လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်ကြီးမှာ ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အခုကျင်းပတဲ့ ပွဲတော်ကြီးကလည်း လူငယ်တွေအတွက် ရည်ရွယ်ကျင်းပတဲ့ပွဲ ဖြစ်တဲ့အတွက်ကြောင့် “အနာဂတ် မြန်မာ နိုင်ငံနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့် ပုဂ္ဂိုလ်အားလုံးကလည်း လူငယ်တွေပဲဖြစ်ပါတယ်။ သူတို့ဘဝ ဖြတ်သန်းမှုအတွေ့အကြုံအရ မတူညီတဲ့ရှုထောင့်တွေက ပြောကြားမယ့် လူငယ်တွေ အနေနဲ့ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဘယ်အခန်းကဏ္ဍက ပါဝင်နေသလဲ၊ ပိုကောင်းအောင် ဘယ်လို ဆောင်ရွက် နေမလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ် တဲ့အတွက် တိုင်းရင်းသားတွေ ကိုလည်း စကားဝိုင်းမှာ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ လူငယ်ထုရဲ့ အင်အားဟာ ၃၀ ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အင်မတန်ကြီးမားတဲ့ အင်အားစုကြီးတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုခေါင်းစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလမှာ တိုင်းပြည်ခေါင်းဆောင် တွေက လူငယ်ထုအပေါ်မှာ အားထားတယ်ဆိုတာကို သိသာပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ စွမ်းအားစုဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရေးပါတယ်ဆိုတာ သိစေချင်ပါတယ်။ အခုလို လူငယ်တွေအတွက် ရည်ရွယ် ကျင်းပတဲ့ ပွဲတော်တွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောလိုပါတယ်။
ကိုအောင်ဌေးမြင့်
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် လူငယ်ရေးရာမူဝါဒ၏ အကျိုးသက်ရောက်မှုများ ခေါင်းစဉ်နဲ့ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံရဲ့မူဝါဒအရ လူငယ်ဆိုတာ အသက် ၁၅ နှစ်ကနေ ၃၅ နှစ်ထိ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်ကောင်းတွေဖြစ်ပေါ်ဖို့ လူငယ်ရေး ရာမူဝါ ဒဆိုတာ ဖြစ်ပေါ်လာတာပါ။ လက်ရှိအချိန်မှာတော့ နိုင်ငံရေးကဏ္ဍ အပါအဝင် ကဏ္ဍတော် တော်များများမှာ လူငယ်တွေပါဝင်နိုင်မှု အတော်ရလာပါပြီ။ အခုပွဲမှာ လူငယ်ထုနှင့် အစိုးရအဖွဲ့ ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းတယ်လို့ ထင်ပါတယ်။
ဒီကနေတစ်ဆင့် လူငယ်ထုရဲ့အခန်းကဏ္ဍကို ပိုမိုချဲ့ထွင်နိုင်ဖို့ ဆောင်ရွက်သွားမှာ ပါ။ လူငယ်ထုဟာ တိုင်းပြည်လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ရှိတာကြောင့် တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရေးကြီး တဲ့အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ လူငယ် ရေးရာမူဝါဒမှာ လူငယ်တွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ထည့်သွင်းဖော်ပြ ထားတာဖြစ်တာကြောင့် လူငယ်တွေသိရှိ နားလည်ထားဖို့ လိုပါတယ်။ ဒီအပေါ်မှာ လူငယ် တွေရဲ့ ဝေဖန်သုံးသပ်ချက်တွေလည်း ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် မူဝါဒ တွေကိုလည်း ပြင်ဆင် သွားနိုင် မှာဖြစ်ပါတယ်။
ဒေါ်မြတ်မွန်ဇော်
စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
လူငယ်နှင့် အနာဂတ်ဘဝလမ်းကြောင်းရွေးချယ်မှု ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါ တယ်။ ဆွေးနွေးပွဲမှာ လူငယ် တွေအနေနဲ့ မိမိတို့သင်ကြားထားတဲ့ပညာရေးနဲ့ အလုပ်အကိုင်တွေ၊ ပညာရပ်ဆိုင်ရာ အထောက် အပံ့တွေ အတွက် ပြင်ပနဲ့ အဆက်အသွယ် မပြတ်ဘဲရှိနေဖို့ မိမိတို့ရဲ့အတွေးအခေါ်တွေကို ခေတ်စနစ်နဲ့အညီ ပြောင်းလဲ သွားနိုင်ဖို့ ဆွေးနွေးသွားမှာပါ။ အခုခေတ်လူငယ်တွေအတွက် အခွင့်အလမ်းတွေက ပိုမိုများပြား လာပါတယ်။ အခုလိုဆွေးနွေးပွဲတွေက ဘွဲ့ရပြီးရင် အလုပ်အကိုင်အတွက် ဘယ်လို ရွေးချယ်ရမလဲဆိုတာ သိရှိသွားမှာဖြစ်ပါ တယ်။
ဒေါက်တာကေသရီကျော်
မန်နေဂျင်းဒါရိုက်တာ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စိန်နဲ့မြမွေ့ရာလုပ်ငန်း အခုစကားဝိုင်းမှာ လုပ်ငန်း ရှင်တစ်ဦးဖြစ်ချင်ရင် ဘာတွေကို ကြိုတင်ပြင်ဆင် ထားရမယ်ဆိုတာနဲ့ ကြုံတွေ့ရမယ့် အခက်အခဲ တွေကို အဓိကထားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ဆိုတာနဲ့ အရင်က
ကျောင်းတက်ကြ တယ်ဆိုရင် ဘွဲ့ရဖို့ကိုပဲ ဦးတည်ခဲ့ကြ တယ်။ လုပ်ငန်းခွင်ဆိုတာ ဘွဲ့ရပြီးမှပဲ စဉ်းစား ရတဲ့ကိစ္စလို့ သဘောထားခဲ့ကြတယ်။ အခုလို ဆွေးနွေးပွဲတွေမှာ တက်ရောက်နားထောင်ခြင်းအားဖြင့် ကျောင်း တက်နေစဉ် မှာပဲ လုပ်ငန်းခွင်အတွက် ဘယ်လိုကြိုတင်ပြင်ဆင်ရမယ်ဆိုတာကို သဘောပေါက် လာမှာ ဖြစ်ပါ တယ်။ ဒီမှာ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြပွဲတွေ၊ ပြိုင်ပွဲတွေ၊ ပညာရပ်ဆိုင်ရာ ပြခန်းတွေ၊ ဟောပြော ပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ ပါဝင်မှာဖြစ်တဲ့ အတွက် လူငယ်တိုင်း ဒီပွဲတော်ကြီးကို လာရောက်ဆင်နွှဲလှည့်ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
မနန်းသင်းမြတ်စုအောင်
Primary Colour Civic Edu Network
ပြောဆိုဆွေးနွေးမယ့်သူတွေကို အချိန်နဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုတွေ လုပ်ပေးသွား ပါမယ်။ ဆွေးနွေးကြမယ့် ခေါင်းစဉ်အပေါ်မှာ သက်ရောက်မှုရှိအောင် ချိတ်ဆက်ပေးသွား မှာပါ။ အခုဆွေးနွေးကြဖို့ ရွေးချယ် ထားတဲ့ ခေါင်းစဉ်တွေက လူငယ်တွေအတွက် တကယ်လိုအပ်တဲ့ ခေါင်းစဉ်တွေဖြစ်တာကြောင့် အလွန် ကောင်းမွန် ပါတယ်။ အခု လူငယ်နှင့် ဘက်စုံဖွံ့ ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးတဲ့အခါမှာ အနုပညာ၊ အား ကစား၊ စာပေ၊ မူးယစ်ဆေးဝါးဆိုတဲ့ အကြောင်းအရာတွေကို ဦးဆောင်ဆွေးနွေးသူ တစ်ဦးအနေနဲ့ အချိန်ကို စီမံခန့်ခွဲပေးသွားမှာပါ။
အေးမြ(မန္တလေး)