ထီးလင်း ၁၅ ဇန်နဝါရီ


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်ရှိ ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေး လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း တတိယနှစ်စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာ လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စုရပ်များ၌ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး သင်တန်းများကို ဇန်နဝါရီလအတွင်း ပို့ချဆွေးနွေးလျက်ရှိကြောင်း မြို့နယ်လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းမှ သိရသည်။  


“သင်တန်းမှာ သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်၊ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးစနစ်အကြောင်း၊ လုပ်ငန်းရည်ရွယ်ချက်၊ ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးနှင့် လုပ်ငန်းတာဝန်များအကြောင်းတို့ကို တာဝန်ရှိသူများက ပို့ချဆွေးနွေးကြပါတယ်၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်နဲ့ တာဝန်ခံမှု တာဝန်ယူမှု ပိုမို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက်ပါ” ဟု မြို့နယ်လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း နည်းပညာအကြံပေးအဖွဲ့မှ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးတာဝန်ခံ ဦးကျော်ဇေယျက ပြောသည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာ ၉၃ ရွာမှ ကျေးရွာကော်မတီဝင်များအတွက် စုရပ် ၅ နေရာတွင် သင်တန်းဖွင့်လှစ်ရန်ဖြစ်ပြီး ယမန်နေ့က ရွှေခုံတိုင်ရွာ ဝေနေယျသုခဓမ္မာရုံ၌ သင်တန်းဖွင့်လှစ်ခဲ့ ရာ အနီးပတ်ဝန်းကျင်ကျေးရွာ ၂၂ ရွာမှ ကျေးရွာကော်မတီဝင်များ ၅၂ ဦးတို့ တက်ရောက်ခဲ့ကြသည်။ ရွှေခုံတိုင် ရွာတွင် ဖွင့်လှစ်သည့်သင်တန်းမှာ စတုတ္ထအကြိမ်မြောက် သင်တန်းဖြစ်၍ အညာဘန်း၊ ဆင်စွယ်၊ မိုးကောင်း ကျေးရွာစုရပ်များတွင်လည်း သင်တန်းများဖွင့်လှစ်ပြီးဖြစ်ရာ ကျေးရွာပေါင်း ၆၀ ကျော်မှ ကျေးရွာကော်မတီဝင် ၂၀ဝ ကျော်ကို သင်တန်းပို့ချဆွေးနွေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိကျေးရွာများအတွက်လည်း ဇန်နဝါရီ တတိယပတ်အတွင်း သင်တန်းပို့ချ ဆွေးနွေးမည်ဖြစ်ကြောင်း ထီးလင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။


MDN

 

ာိည