ကန်ကြီးထောင့် ၁၇ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများမှ ပျံကျဈေးသည်များ အတွက် ယာယီဈေးများကို ဧပြီ ၁၇ ရက်၊နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

“ဈေးရောင်းဈေးဝယ် ပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေးများကို အမှတ် ၁ ရပ်ကွက်၊ ကမ်းနားလမ်းနှင့် မြင်းကဆိပ်ကျေးရွာ မြင်းကဆိပ်ဘောလုံးကွင်းအတွင်းတို့တွင် ဖွင့်လှစ်ထားရှိပေး သွားမည်ဖြစ်ပြီး ဈေးရောင်းသူ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ၊ ဈေးဝယ်သူများက ၃ပေ အကွာ ကြိုးတားထားသည့် နေရာမှ ဈေးဝယ်ရမှာဖြစ်ပါတယ်။ ယာယီဈေးအားလုံးမှာ လက်ဆေးရန်နေရာတွေကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပြီး ဈေးရောင်း ဈေးဝယ်ပြည်သူအားလုံး နှာခေါင်းစည်းများ တပ်ဖို့ အသိပေးပြောကြားထားပါတယ်” ဟု မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်ထံမှ သိရသည်။

ပျံကျဈေးသည်များအတွက် ယာယီဈေးများကို ဧပြီ ၁၈ ရက်၊နံနက်မှစတင်ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)
