ချောင်းဆုံ ၁၅ ဇန်နဝါရီ    


မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပြည်သူပူးပေါင်းပါဝင်သော မြို့နယ် စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို UNDP နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့ ကွန်းသာယာခန်းမတွင် ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်း (၂၀၁၉-၂၀) ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီး ဆယ်အိမ်စုမှူး များ၊ အရပ်ဘက် လူမှုအဖွဲ့အသင်းအဖွဲ့ဝင်(၁၁)ဖွဲ့မှအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


ဆွေးနွေးပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အခြေခံအဆာက်အဦ ဆောက်လုပ်ရေး ဆိုင်ရာများကို စီမံကိန်း ရေးဆွဲရာတွင် မြို့နယ်ရှိ အဓိကကဏ္ဍများ၏ ရည်မှန်းချက်နှင့် လက်ရှိ အခြေအနေများသိရှိပြီး စီမံကိန်း ရေးဆွဲရာ၌ စာရင်းအင်းကိန်းဂဏန်း၊ အချက်အလက်များ အသုံးပြုခြင်းအကြောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်များတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရန် ဘတ်ဂျက်တင်ပြမှု/ရရှိမှု အခြေအနေများ၏ အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်ခြင်း၊ မြို့နယ်အခြေအနေများကို ဆန်းစစ်လေ့လာပြီး လက်တွေ့ ဆောင်ရွက်ခြင်းများကို ဆွေးနွေးတက်ရောက်သူ ၁၃၀ ဖြင့် နှစ်ရက်ကြာ ဆွေးနွေးမည်ဖြစ်သည်။


အဆိုပါစီမံကိန်းကို ပြည်နယ်/တိုင်းဒေသကြီး ၃ ခုမှ မြို့နယ် ၂၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ရာ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်အတွက် ချောင်းဆုံမြို့နယ်ဖွံ့ဖြိုးမှုအတွက် UNDP မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ(၁၂၄၀ဝ၀)လျာထားလျှက်ရှိကြောင်း၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ လတွင်လည်းကောင်း၊ တတိယအကြိမ်ဆွေးနွေးပွဲကိုမတ်လတွင်လည်းကောင်း၊ ဆွေးနွေး သွားမည်ဖြစ်ကြောင်း  UNDP မှ ချောင်းဆုံမြိုနယ် တာဝန်ခံ ဦးကျော်စွာလွင်ထံမှ သိရှိရ သည်။


မြို့နယ်(ပြန်/ဆက်)