မြစ်ကြီးနား ၁၈ ဧပြီ

 

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (မြန်မာ) FFI နှင့် နိုင်ငံခြားသား ပညာရှင်များ ပူးပေါင်းဆောင်ရွက်ချက်အရ ကချင်ပြည်နယ် ချီဖွေမြို့နယ်နှင့် ဆော့လော် မြို့နယ်နှစ်ခုအတွင်း ကျရောက်သည့် မေခမြစ်နှင့် မြန်မာ-တရုတ် နယ်စပ်ဒေသရှိ မြန်မာနှာခေါင်းလန် မျောက်မျိုးစိတ် ရှင်သန်ကျက်စားရာ တောင်ပေါ်သစ်တောများ၌ ၂၀၁၀ ပြည့်နှစ်မှ လက်ရှိကာလအထိ နို့တိုက်သတ္တဝါ ၅၂ မျိုးနှင့် ငှက်မျိုးစိတ် ၄၀၀ ကျော်တို့ကို တွေ့ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (မြန်မာ)-FFI မှ သိရသည်။

 

အဆိုပါသစ်တောများ၌ ရှားပါး မြန်မာ့နှာခေါင်းလန်မျောက်၊ ရှော့ရစ်မျောက်၊ ပန်ဒါနီ၊ သားမင်း၊ ဝက်ဝံကြီး၊ ကတိုးချေ၊ မလေးဝက်ဝံ၊ အင်းကျား၊ တောခွေးတို့အပါအဝင် နို့တိုက်သတ္တဝါ ၅၂ မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၆ မျိုးမှာ ကမ္ဘာပေါ်ရှိသတ္တဝါ မျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်မှု အဆင့်ကို သတ်မှတ်ပေးသည့် IUCN အဖွဲ့၏ အနီရောင်အဆင့် သတ်မှတ်ချက်ရှိသော တိရစ္ဆာန်မျိုးစိတ်စာရင်းတွင် ပါဝင်သည့်အပြင် ငှက်မျိုးစိတ် ၄၀၀ ကျော် တွေ့ရှိမှုတွင် ၁၄ မျိုးမှာလည်း IUCN အဖွဲ့၏အနီရောင်အဆင့် သတ်မှတ်ချက်ရှိသော တိရစ္ဆာန် မျိုးစိတ်စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

 

“အဓိကကတော့ ၂၀၁၀ ပြည့်နှစ်ကစပြီး ကျွန်တော်တို့အဖွဲ့နဲ့ နိုင်ငံခြားသား ပညာရှင်တွေပါဝင်တဲ့ သုတေသနအဖွဲ့က အဲဒီဒေသမှာ နှာခေါင်းလန် မျောက်တွေ ကျက်စားတယ်ဆိုတာ ကြားသိရလို့ ရှာဖွေတွေ့ရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒေသအနှံ့သွားရောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတောထဲက ကျေးရွာ ၃၀ လောက်ကိုသွားရောက်ပြီး ဒေသခံအများအပြားကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဉ် ပွင့်လင်းရာသီမှာ ကင်မရာ ထောင်ချောက် အလုံး ၄၀ လောက်နဲ့ ဒီတောထဲမှာ ကျက်စားကြတဲ့  တိရစ္ဆာန်မျိုးစိတ်တွေကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်ထဲမှာပဲ နှာခေါင်းလန်မျောက်မျိုးစိတ်ကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တခြားနို့တိုက်သတ္တဝါတွေနဲ့ ငှက်မျိုးစိတ်တွေ ကျက်စားကြတာကိုလည်း စာရင်းကောက်ယူနိုင်ခဲ့ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (မြန်မာ)-FF မှ ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း စီမံကိန်း မန်နေဂျာ ဦးငွေလွင်က ရှင်းပြသည်။

 

ကချင်ပြည်နယ် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် နှစ်ခုအတွင်း ကျရောက်သည့် မေခမြစ်နှင့် မြန်မာတရုတ် နယ်စပ်ဒေသသည် သဘာဝ သယံဇာတများဖြစ်သည့် တောင်တန်း ဂေဟစနစ်၊ သစ်တောဂေဟစနစ်၊ သဘာဝတောတောင်များ၊ သဘာဝ အလှရတနာများဖြင့်ဖြစ်တည်နေသော နေရာတစ်ခုဖြစ်ပြီး လော်ဝေါ်၊ လချိတ်၊ လီဆူ၊ ရဝမ် အစရှိသည့်တိုင်းရင်းသား လူမျိုးစုများ စုစည်းနေထိုင်သည့် အေးချမ်းသော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

 

သတင်း-ပိန်းဇလုပ်သိန်းညွန့်

ဓာတ်ပုံ-FFI