သထုံ   ၁၅ ဇန်နဝါရီ 


မွန်ပြည်နယ် သထုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဇန်နဝါရီ ၁၅ ရက်မှစတင်ကာ လင်းယုန်စီမံချက်ဖြင့် ထိန်းချုပ်စစ်ဆေးခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။


ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းပြီး ထိခိုက်မှု ပိုမိုများပြားလာသောကြောင့် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပြည်နယ်ရဲတပ်ဖွဲ့က စီမံချက်ရေးဆွဲတင်ပြကာ အတည်ပြုချက်ရယူ၍ မွန်ပြည်နယ်တစ်ခုလုံး၌ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်းက ပြောသည်။

 

ာိည

 

“စီမံချက်ကာလကတော့ ရက် ၁၀ဝ လို့ သတ်မှတ်ထားတယ်။ ရက်ကြီးအခါကြီးတွေ နိုင်ငံတော်ရဲ့ တရားဝင်ရုံးပိတ်ရက်တွေမှအပ ကျန်ရက်တွေမှာ နေ့စဉ်လိုလို ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရေးဆွဲထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။


စီမံချက်တွင် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့် အချက်(၁၀) ချက် ပါဝင်၍ မြို့နယ်အလိုက်အသိပညာပေးအဖွဲ့များဖွဲ့ကာ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး လက်ရှိအချိန်တွင် ဖမ်းဆီးရေးအဖွဲ့များဖွဲ့၍ စစ်ဆေးဖမ်းဆီးခြင်းများ ပြုလုပ်နေကာ ဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုပြီး တစ်လတစ်ကြိမ် ပြန်လည်သုံးသပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ာိည

 

သထုံမြို့နယ်အတွင်း လင်းယုန်စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ်များ၊ လိုင်စင်မဲ့ယာဉ်များ ထိန်းချုပ် စစ်ဆေးခြင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ စသည့် ပူးပေါင်းအဖွဲ့တို့ဖြင့် နှစ်ဖွဲ့ခွဲကာ မိုဘိုင်းစနစ်ဖြင့် လှည့်လည် စစ်ဆေးဆောင်ရွက် လျက်ရှိပြီး စစ်ဆေး ဖမ်းဆီးထားသည့် စည်းကမ်းပျက်ယာဉ်နှင့် လိုင်စင်မဲ့ယာဉ်များကို သက်ဆိုင်ရာတရားရုံးသို့ ပေးပို့ကာ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ သိရသည်။

သက်ဦး(သထုံ)

 

ာိည