မိတ္ထီလာ ၂၀ ဧပြီ
မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မောင်းသူမဲ့လေယာဉ်သုတေသနဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသိပညာပေးနိုင်ရန်ရည်ရွယ်ပြီး MAEU Speaker Drone ကို ပြုလုပ်ဆောင်ရွက်ပြီး ဖြစ်ကြောင်းသိရသည်။
ကမ္ဘာ့နိုင်ငံတွေနဲ့ မြန်မာနိုင်ငံမှာရော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေမှာ ပြည်သူတွေ အသိပညာပေး လုပ်ငန်းတွေဆောင်ရွက်နိုင်ငံဖို့ ဒီ MAEU Speaker Drone ကို ပြုလုပ်ဆောင်ရွက်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အခုလို ဒရုန်းတွေ အသုံးပြုပြီး အသိပညာပေးလုပ်ငန်းတွေနဲ့ စောင့်ကြည့်ကွပ်ကဲခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေတာမို့ အလားတူဆောင်ရွက်နိုင်စေချင်တာကြောင့်လည်း ပြုလုပ်တာဖြစ်ပါတယ်။ ဒီဒရုန်းနဲ့ ဒေသခံတွေကို ဝိုင်ယာလက်ကြိုးမဲ့စကားပြောစက်အသုံးပြုပြီး အသိပညာပေးနှိုးဆော်တာတွေကြေငြာတာ၊ အသံသွင်းပြီး အသိပေးနှိုးဆော်တာ၊ တိုက်ရိုက်ကြည့်ကင်မရာနဲ့ မြေပြင်အနေအထားကို ရှာဖွေစောင့်ကြည့်ကွပ်ကဲတာတွေ ပြုလုပ်နိုင်ပါတယ်။ MAEU Speaker Drone ကို ပြုလုပ်ဆောင်ရွက်ပြီးဖြစ်တာမို့ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မန္တလေးမြို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက မန္တလေးမှာ အသုံးပြုဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ထားတာရှိတယ်၊ မန္တလေးမြို့ကို မသွားမီ မိတ္ထီလာမှာလည်း ဒီဒရုန်းကို အသုံးချဆောင်ရွက်သွားချင်သေးပါတယ်ဟု မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် မောင်းသူမဲ့လေယာဉ်သုတေသနဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာသဲမောင်မောင်က ပြောသည်။
မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မောင်းသူမဲ့လေယာဉ်သုတေသနဌာနမှ ပြုလုပ်ထားသည့် အဆိုပါ MAEU Speaker Drone မှာ ပန်ကာခြောက်ခုတပ်ဒရုန်းဖြစ်ပြီး ၃ ကီလိုဂရမ်မှ ၄ ကီလိုဂရမ်အလေးချိန်အထိ သယ်ဆောင်နိုင်ကာ ပျံသန်းချိန် ၁၅ မိနစ်အထိ ကြာမြင့်စွာ ပျံသန်းနိုင်သည်။ လေတိုက်ခတ်မှုဒဏ်ကိုခံနိုင်ရည်ရန် ပြုလုပ်ထားပြီး အမြင့်ပေ မီတာ ၈၀ အထိပျံသန်း၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်းသိရသည်။
ချမ်းသာ (မိတ္ထီလာ)