ရန်ကုန် ၂၀ ဧပြီ
အိန္ဒိယနိုင်ငံသို့ မတ်ပဲတင်ပို့ရန် ပြည်တွင်း၌ ပဲအလုံအလောက်ရှိသော်လည်း ကိုဗစ်-၁၉ ကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးလျက်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ဧပြီ ၂၀ ရက်တွင် ပြောသည်။
"အိန္ဒိယကို တင်ပို့ဖို့ ပြည်တွင်းမှာ မတ်ပဲက ရှိတယ်၊ ဒါပေမယ့် တကယ်တမ်း အခု ဒီဘက်ဆိပ်ကမ်းကိုလည်း ဒီနေ့စဖွင့်တယ်၊ ဒီမှာ Agents တွေ လူမစုံသေးဘူး၊ စသည်ဖြင့် အမျိုးမျိုး အခက်အခဲတွေကတော့ ပေါင်းစုံဖြစ်နေတယ်၊ ကိုရိုနာ ဗိုင်းရပ်ပြဿနာနဲ့၊ သဘောက အိန္ဒိယဘက်မှာ Lock down လုပ်တာနဲ့ ဒီဘက်မှာလည်း Semi-Lock down လုပ်တာနဲ့ ကုန်စည်စီးဆင်းမှု Delay အမျိုးမျိုး ဖြစ်တဲ့အခါကျတော့ ပစ္စည်းက တကယ်တမ်း ဟိုဘက်ကို ရောက်ချိန်မှာ မရောက်ကျဘူး ဖြစ်နေတာ"ဟု ဦးမင်းကိုဦး က ပြောသည်။
လက်ရှိ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် အိန္ဒိယနိုင်ငံ၏ မတ်ပဲတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်အရ တန်ချိန် နှစ်သိန်းခွဲကို ဧပြီလအကုန် အရောက်တင်သွင်းရန် အချိန်တိုးမြှင့်ပေးထားသော်လည်း ကိုဗစ်-၁၉ ကြောင့် ဆက်လက်၍ လာမည့် မေ ၁၅ ရက်အထိ အချိန်တိုးမြှင့်ပေးထားသည်။
“ပြောရရင် အိန္ဒိယဘက်က ပဲလိုအပ်ချက်ရှိနယ်ဆိုတာတော့ သွင်းလို့မရဘူး။ ပဲလိုအပ်ချက်ရှိတဲ့အထဲမှာ မှ မတ်ပဲလိုအပ်ချက် ပိုပြီးကြီးတယ်လို့ပဲ သုံးသပ်တယ်။မတ်ပဲကိုပဲ အဓိက Focus လုပ်နေတာကိုး၊ ကိုရိုတာဗိုင်းရပ်စ် ပြဿနာ သူတို့ဘက်မှာလည်း ဖြစ်နေတာပဲကို၊ ဖြစ်တော့ သူတို့ဘက်မှာလည်း ၂၁ ရက် Lock down တွေချတယ်၊ နောက်တစ်ခါ ဧပြီ ၁၉ ရက်ထိ Lock down ထပ်ချတယ်ဆိုတော့ ဒီလိုမျိုး ဆက်တိုက်တွေ သူတို့ဘက်မှာ ဥပဒေတွေ ထုတ်ပြန်တဲ့အခါကျတော့ ကုန်ပစ္စည်း စီးဆင်းမှုတွေ မမှန်တော့ဘူးပေါ့၊ ဒီဘက်မှာလည်း ဒီလိုမျိုး စဖြစ်နေတာပဲလေ၊ ဖြစ်တဲ့အခါကျတော့ ဒီတင်ပို့ဖို့ လိုင်စင်ရထားတဲ့ ကုန်သည်တွေကလည်း တောင်းဆိုတော့ မေ ၁၅ ရက်ထိကို ထပ်ရွှေ့ပေးတယ်"ဟု ဦးမင်းကိုဦး က ဆက်ပြောသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ပဲလိုအပ်ချက်အရ ယခုဘဏ္ဍာရေးနှစ်အတွင်း မတ်ပဲတင်သွင်းခွင့် ကိုတာ သတ်မှတ်ချက်ကို ယခင် တန်ချိန် တစ်သိန်းခွဲ သတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် နှစ်သိန်းခွဲ တိုးမြှင့်တင်သွင်းရန်အတွက် ပြီးခဲ့သည့်နှစ်ကုန် ဒီဇင်ဘာ ၁၂ ရက်တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာန (DGFT)က Trade Notice ဖြင့် အသိပေးချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုးမြှင့်တင်သွင်းခွင့်ရသည့် တန်ချိန် နှစ်သိန်းခွဲကိုလည်း တင်သွင်းခွင့်ရရှိသော ကုမ္ပဏီများအနေဖြင့် ယခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းသို့ အရောက်တင်သွင်းရမည်ဟု ယခင်က ထုတ်ပြန်ခဲ့သည်။
သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်ကြိမ်မြောက် အချိန်ထပ်တိုးပေးထားပြီး လက်ရှိ မတ်ပဲ တန်ချိန် နှစ်သိန်းခွဲအနက် တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့နိုင်သေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ် မိုးရာသီစိုက် မတ်ပဲများ ရာသီဥတုဖောက်ပြန်ပြီး အထွက်နှုန်းနည်းသောကြောင့် ပြည်နယ်အစိုးရ ခွင့်ပြုမိန့်ဖြင့် ပဲဝယ်ယူခဲ့ရာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် မတ်ပဲတစ်တန်လျှင် ကျပ် ၁၃ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိ သင်္ကြန်အပြီးတွင် မတ်ပဲတစ်တန်လျှင် ငွေကျပ် ၉၆၀ဝ၀ဝ/ ၉၇၀ဝ၀ဝ ဝန်းကျင်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက်လည်း မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
Nyein Nyein