နေပြည်တော်  ၂၀  ဧပြီ

 

မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို ထည့်သွင်းစဉ်းစား ဆောင်ရွက်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက Video Conference ဖြင့် ပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်သည်။

 

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပါဝင်ဆွေးနွေးခဲ့ ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နှစ်စဉ်မိုးရာသီကာလ၌ လေပြင်းတိုက်ခတ်ခြင်းများ၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုများ၊ မုန်တိုင်းတိုက်ခတ်ခြင်း စသည်ဖြင့် ရင်ဆိုင်ကြုံတွေ့ ရလေ့ရှိကြောင်း၊ မကြာမီ မိုးရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်နှစ်များနှင့် မတူဘဲ လတ်တလောဖြစ်ပွားလျက် ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်လိုအပ်လာကြောင်း၊ စီမံခန့်ခွဲမှုပုံစံများ၊ လုပ်ဆောင် ချက်များ ပြောင်းလဲ သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံးကို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်အပါအဝင် သဘာဝဘေး ဖြစ်စဉ်များတွင် ကိုယ်တိုင်ပါဝင်ခဲ့ကာ စီမံခန့်ခွဲမှု အတွေ့အကြုံကောင်းများစွာရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ ဘာသာရပ်ပိုင်းဆိုင်ရာ ပညာရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရသည့်အတွက် ထိရောက်သည့်ဆွေးနွေး အကြံပြုချက်များရရှိပြီး လာမည့်မိုးတွင်း ကာလ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူလူထုအတွက် ထိရောက်သော အစီအမံများကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် အကြံပေးအဖွဲ့ဝင် ပညာရှင်များက ဆွေးနွေးကြရာ ယခုနှစ်အတွက် မိုးကြိုကာလ၊ မိုးလယ်၊ မိုးနှောင်း ကာလများတွင်ဖြစ်ပွားနိုင်သည့် ရာသီဥတုအခြေအနေများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာတွင် မိုးနည်းပြီး အပူချိန်မြင့်မားနိုင်ကြောင်း၊ သောက်သုံးရေ ရှားပါးမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ရေကြီးမှုကျယ်ကျယ်ပြန့်ပြန့် ကြီးကြီးမားမား မဖြစ်နိုင်သော်လည်း နေရာကွက်၍ မိုးကြီးခြင်းကြောင့် ရေစီးကြောင်းပိတ်ဆို့ပြီး လျှပ်တစ်ပျက် ရေကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းကြောင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း၊ ဆည်မြောင်းများ ရေဝင်နည်းပြီး စိုက်ပျိုးရေးအတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း၊ အပူရှိန်ပြင်းထန်မှုကြောင့် လေပြင်းများတိုက်ခတ်နိုင်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပွားနိုင်ကြောင်း၊ ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းများ ကျရောက်နိုင်သည့် ကြိုတင်ခန့်မှန်းချက် များရှိရာ ယခုကဲ့သို့ ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိသော ကာလတွင် သဘာဘေးတုံ့ပြန်မှုများအနေဖြင့် ဘေးလွတ်ရာသို့  ရွှေ့ပြောင်းရေးကိစ္စများ၊ Quarantine နေရာများ၊ နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်တွင် အကြုံးဝင်သည့် မြို့နယ်များ/နေရာများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကုသနေသည့်နေရာ များတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးစခန်း များတွင် နေရာချထားရာ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ သတ်မှတ်ချက်၊ လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရေး၊ ထောက်ပံ့ရေးပစ္စည်းများတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများကိုပါ ထည့်သွင်း စဉ်းစားရေး၊ ကယ်ဆယ်ရေးစခန်းများတွင် ရေလုံလောက်စွာ ရရှိရေးနှင့် ရေသန့်စင်နိုင်ရေးကိစ္စများ၊ သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာ ဖြန့်ဝေခြင်း၊ ဆည်မြောင်းတာတမံ နှင့် စိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေသုံးစွဲရေး နှင့် လုပ်ငန်းစီမံချက် ကြိုတင်ပြင်ဆင်ရာတွင် ကိုဗစ်-၁၉ ဖြစ်စဉ်နှင့် ဆက်စပ်၍ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်တို့က ဆွေးနွေးချက်များအပေါ် လက်တွေ့အကောင်အထည်ဖော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်၍ ကဏ္ဍအလိုက်  ကြိုတင်စီစဉ်ရမည့် အခြေအနေများ၊ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝိုင်းဝန်းဆွေးနွေး အကြံပြုချက်များကို အလေးအနက်ထားပြီး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအနေဖြင့် အခြားလုပ်ငန်းကော်မတီများနှင့် ဆက်လက်ဆွေးနွေး ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရှေ့ဆက်ကြုံတွေ့ရမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်မှုများတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းစဉ်များနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရှင်များ၏ ဆက်လက်အကြံပြုမှုများကို ဖိတ်ခေါ်ပါကြောင်းနှင့် ယခုပါဝင်ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

သတင်းစဉ်