နေပြည်တော် ၂၁ ဧပြီ 

 

ကိုဗစ် - ၁၉ ရောဂါ တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ အား မြန်မာနိုင်ငံအတွက် ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် ကမ္ဘာ့ဘဏ်မှ သတင်းထုတ်ပြန်ထားသည်။

 

ယင်းဘဏ္ဍာငွေသည် ကမ္ဘာ့ဘဏ်က ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချမှတ်သည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းသိရပြီး ယင်းအကူအညီဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ် - ၁၉ ရောဂါကို ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သည့် လုပ်ငန်းများကို အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ထိုမှတစ်ဆင့် ရောဂါပြန့်ပွားမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး ကျန်းမာရေး ၀န်ထမ်းများအား အကာအကွယ်များ ပိုမိုပေးအပ်နိုင်မည်ဖြစ်သည့်အပြင် ရောဂါကူးစက်ခံရသူများ၊ ရောဂါပြင်းထန်စွာခံစားရခြင်းမှ သက်သာစေရန် နှင့် သေဆုံးနှုန်းကို လျှော့ချနိုင်ရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၏ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ မာရီယမ်ရှာမန်က ပြောကြားထားသည်။

 

အဓိကအားဖြင့် ရောဂါကုသပေးနေသည့် ဆေးရုံများ၏ အထူးကြပ်မတ် စောင့်ရှောက်မှုဌာနများကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကျန်းမာရေး၀န်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် ရပ်ရွာလူထုအား အသိပညာပေး ခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် အဓိကဆောင်ရွက်သွားနိုင်မည်ဟု သိရသည်။

 

စီမံကိန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံရှစ်ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရှိ ဆေးရုံ ၄၃ ရုံပါ၀င်မည်ဖြစ်ပြီး လုပ်ငန်းများအား အပိုင်းလိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အရေးပေါ်အလိုအပ်ဆုံးဒေသများ ဥပမာအားဖြင့် လူဦးရေ ထူထပ်သည့်ဒေသများ၊ ခရီးသွားလာသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိသည့် ဒေသများကို ဦးစားပေးဆောင်ရွက်မည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ယင်းစီမံကိန်းသည် ကမ္ဘာ့ဘဏ်က လက်ရှိဆောင်ရွက်နေသည့် အဓိက ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရေး စီမံကိန်းနှင့်အတူ ဆောင်ရွက် မည့်စီမံကိန်းဖြစ်ပြီး လက်ရှိစီမံကိန်းသည် ၂၀၁၅ ခုနှစ်ကတည်းက ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

 

တစ်နိုင်ငံလုံးရှိ ပဏာမကျန်းမာရေးစောင့်ရှောက်မှုဌာန ၁၂၀၀၀ ကျော် အား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိလည်ပတ်နေသည့် စီမံကိန်းမှ ရန်ပုံငွေများအား ကိုဗစ် - ၁၉ ရောဂါတုံ့ပြန်ရေးအတွက် သုံးစွဲလျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ရောဂါစောင့်ကြည့်ရေး လုပ်ငန်းများနှင့် ရောဂါရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ သံသယလူနာ များနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ မှန်ကန်စွာဖော်ထုတ် နိုင်ရန်နှင့် တင်ပြဆောင်ရွက်နိုင်ရန်၊ တိုင်းရင်းသားဒေသများရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အဖွဲ့များအပါအ၀င် အခြေခံကျန်းမာရေး၀န်ထမ်းများနှင့် စေတနာ့၀န်ထမ်းများအား လမ်းညွှန်ချက်များ ဖြန့်ဝေခြင်းနှင့် ရပ်ရွာအတွင်း သံသယလူနာစောင့်ကြည့်ခြင်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အပြင် အများပြည်သူအတွက် သတင်းအချက်အလက်များ မျှဝေခြင်းလုပ်ငန်းများ နှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးပေါ်ကာလအတွက် သတင်း ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရန် စတင်အသုံးပြုလျက်ရှိကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ခင်ရတနာ