မန္တလေး   ၁၄   ဩဂုတ်

 

လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော် နောက်ဆုံးနေ့ ပွဲတော်ကျင်းပရာ မန္တလေးတက္ကသိုလ်ဝင်းအတွင်း လူငယ်လူရွယ်များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ ပွဲတော်နောက်ဆုံးနေ့လည်းဖြစ်၊ ကျောင်းဖွင့်ရက်လည်း တိုက်ဆိုင်နေရာ မန္တလေးမြို့ပေါ်မှ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ပညာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ ပြည်သူများဖြင့် ယခင်ရက်များကထက် ပိုမိုစည်ကားလျက်ရှိသည်။ လူငယ်ပွဲတော်သို့ လာရောက်ဖျော်ဖြေသူ၊ လေ့လာသူ ကျောင်းသား ကျောင်းသူအချို့နှင့် တွေ့ဆုံကာ လူငယ်ပွဲတော်နှင့် ပတ်သက်၍ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

 

ဒေါ်သန်းမြင့်အောင် 

 

{ဒုတိယဥက္ကဋ္ဌ (၁)}  {ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း}

 

လူငယ်တွေကြားမှာ သားဆက်ခြားရေး အသိပညာပေးမှုတွေ ပြန့်ပွားအောင် လုပ်ဆောင်နေပါတယ်။ လူငယ်တွေ ကြားမှာလည်း ပြဿနာတွေ အနည်းအများတော့ ရှိကြတာပဲ။ ဒီလိုပဲ အိမ်ထောင်သည်တွေ ကြားမှာလည်း ပြဿနာတွေ ရှိကြတယ်။ လူမှုရေး၊ စီးပွားရေးတွေအရ သားသမီးတွေကို စနစ်တကျ ရယူမှု၊ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု မလုပ်နိုင်ကြပါဘူး။ သားဆက်ခြားခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေက မိဘရော၊ မွေးဖွားလာမယ့် သားသမီးတွေအတွက်ရော ကောင်းတဲ့အကျိုးတရားတွေ ရရှိစေမှာပါ။ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကြောင့်လည်း လမ်းမှားတွေ ရောက်ကြတယ်။ အရွယ်ရောက်လာတဲ့ ယောကျာ်းလေး၊ မိန်းကလေးတွေအားလုံး သားဆက်ခြားမှု အသိပညာတွေ သိထားသင့်ပါတယ်။ ဒါကြောင့် ဒီလို လူငယ်ပွဲတော်မှာ သားဆက်ခြားမှု အသိပညာတွေ ဖြန့်ဝေပေးခြင်း အားဖြင့် သူတို့လေးတွေ အသိတရားတွေ ရရှိသွားစေမှာ ဖြစ်ပါတယ်။ လူငယ်တွေဆိုတာ ဘက်ပေါင်းစုံက အသိပညာ၊ အတတ်ပညာတွေ လေ့လာဆည်းပူးထားဖို့၊ သိရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုလူငယ်ပွဲတော်တွေ လုပ်ပေးတယ် ဆိုတာကလည်း ကိုယ်တိုင်ပါဝင်လေ့လာ သိရှိနိုင်အောင်လို့ ဖြစ်ပါတယ်။

 

မဇင်မာအေး

 

(တတိယနှစ်၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ ဖြိုးတိုးတက်ရေး တက္ကသိုလ်)

 

အခုလို လူငယ်တွေအတွက် ဘက်စုံဖွံ့ ဖြိုးရေးပွဲတော် ကျင်းပတာဟာ သမီးတို့လူငယ်တွေအတွက် စွမ်းဆောင်ရည် မြင့်မားပြီး အသိပညာဉာဏ်နဲ့ ပြည့်စုံတဲ့ လူငယ်တွေဖြစ်အောင် တွန်းအားပေးတဲ့ပွဲလို့ ခံယူမိပါတယ်။ သမီးတို့အနေနဲ့လည်း လူငယ်ဘဝမှာ အသိပညာ၊ အတတ်ပညာတွေ ပြည့်စုံအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းကြိုးစားသွားဖို့ လိုအပ်တယ်ဆိုတာ ဒီပွဲတော်တွေကတစ်ဆင့် အသိတရားတွေ ပိုမိုရရှိစေပါတယ်။ ဒီလိုလူငယ်ပွဲတော်မျိုးကို လူငယ်တွေ လာရောက်လေ့လာ စေချင်ပါတယ်။

 

လွေးဆိုင်းဟာ

 

(ပထမနှစ်၊ ပထဝီဝင်) {ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ ဖြိုးရေး ဒီဂရီကောလိပ်}

 

ဒီလိုပွဲတော်ကတော့ သမီးတို့လို လူငယ်တွေအတွက် အသိတရားတွေ ရရှိစေတဲ့ပွဲလို့ မြင်မိပါတယ်။ လူငယ်တွေဟာ ကျန်းမာကြံ့ခိုင်ရမယ်၊ ဗဟုသုတကြွယ်ဝရမယ်။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးကောင်းမွန်ဖို့လည်း လိုအပ်တာကို ဒီလိုပွဲတော်မျိုးက သတိပေးနေသလိုပါပဲ။ ဒီပွဲတော်မှာ ပါဝင်ဆင်နွှဲခွင့်ရလို့လည်း ဘဝမှာ ဖြည့်ဆည်းဖို့ လိုအပ်နေသေးတဲ့ အတွေးအခေါ်တွေနဲ့ အသိပညာတွေ အများကြီး ရှိနေပါသေးတယ်ဆိုတာ နားလည်မိပါတယ်။ စွမ်းရည်ပြည့်ဝ တန်ဖိုးရှိတဲ့ လူငယ်တစ်ဦးအဖြစ် ကြိုးစားသွားမှာပါ။

 

မီမီဝင်းဖေ

 

(အဆိုတော်)

 

လူငယ်တွေကို သီဆိုဖျော်ဖြေခွင့်ရတာ တကယ်ပျော်ရွှင် ကြည်နူးဖို့လည်း ကောင်းပါတယ်။ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုတဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချသင့်ပါတယ်။ ကိုယ်ဝါသနာပါရာ အလုပ်မှာ ထူးချွန်အောင်မြင်အောင် ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်စေချင်ပါတယ်။ ကိ်ုယ့်ရဲ့ ငယ်ရွယ်နုပျိုချိန်ကို သတိရှိရှိနဲ့ တန်ဖိုးထားပြီး ဘဝတစ်လျှောက်လုံး အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ အခုအရွယ်ကတည်းက အရည်အချင်းကောင်းတွေ ဖြည့်ဆည်းဖို့၊ ဆည်းပူးနေဖို့ လိုအပ်ပါတယ်။ လူငယ်တွေရဲ့ တန်ဖိုးကိုသိရှိလို့လည်း နိုင်ငံတော်က အခုလို လူငယ်ပွဲတော်တွေ ကျင်းပပေးပြီး စွမ်းရည်ပြည့်ဝသူတွေအဖြစ် အသိကိန်းအောင်းနိုင်အောင် ဆောင်ရွက်ပေးတာလို့လည်း ယုံကြည်ပါတယ်။ လူငယ်ဘဝတန်ဖိုး ဘယ်လောက်အထိ ကြီးမားတယ်ဆိုတာ အခုအချိန်ကတည်းက သိရှိနားလည်အောင် နေထိုင်လေ့လာ ဆည်းပူးဖို့ လိုအပ်ပါတယ်။

 

ပါရ်ဂျူးသွယ်

 

(သတ္တမတန်း၊ အလက-၄) အောင်မြေသာစံမြို့နယ်

 

ဒီပွဲတော်မှာ ပြခန်းတွေလည်း အများကြီး၊ အားကစား ပြိုင်ပွဲတွေလည်း အများကြီးပါဝင်လို့ ပျော်ရပါတယ်။ ပြခန်းတွေက စိတ်ဝင်စားဖို့ကောင်းပြီး မှတ်သားစရာတွေ၊ စိတ်ဝင်စားစရာတွေ များပါတယ်။ စာအုပ်တွေလည်း အများကြီးတွေ့ရတော့ လူငယ်တွေ စာဖတ်ဖို့လိုတယ်ဆိုတာ သတိပြုမိပါတယ်။ လူငယ်တိုင်း ကျန်းမာသန်စွမ်းဖို့အတွက် အားကစားလှုပ်ရှားမှုတွေ မှာလည်း ပါဝင်ဖို့လိုပါတယ်။ ကျန်းမာပြီး အသိပညာ၊ အတတ်ပညာပြည့်ဝမှ မိမိဘဝကိုရော၊ မိသားစုဘဝသာမက နိုင်ငံတော် အတွက်ပါ တန်ဖိုးရှိတဲ့ လူငယ်တွေဖြစ်လာမှာပါ။

 

မဆွေဆွေဝင်း

 

(တတိယနှစ်၊ သူနာပြုတက္ကသိုလ်)

 

ဒီပွဲတော်မှာ ပါဝင်ပြသထားတဲ့ ပြခန်းတွေက လူငယ်တွေအတွက် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလည်း ရရှိစေပါတယ်။ အထူးသဖြင့် စာအုပ်အရောင်းပြခန်းတွေမှာ ခင်းကျင်းပြသထားတဲ့ စာအုပ်တွေက လူငယ်တွေအတွက် စာဖတ်ဖို့၊ စာဖတ်ဖို့စိတ်ကို ဖြစ်ပေါ်စေအာင်လည်း နိုးကြားစေဖို့ လိုပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေကြတဲ့ လူငယ်တွေကိုကြည့်ပြီး အားကျစိတ်လည်း ဖြစ်ရပါတယ်။ အားကစားပြိုင်ပွဲတွေလည်း ထည့်သွင်းကျင်းပ ပေးထားတာမို့ လူငယ်တွေ ကျန်းမာသန်စွမ်းဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတိပြု အလေးထားစရာ ဖြစ်ပါတယ်။

 

သတင်းအဖွဲ့