နေပြည်တော် ၂၇  နိုဝင်ဘာ 
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု တင်သွင်းခြင်းနှင့် အစီရင် ခံစာ ၁ ခု တင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
 
အစည်းအဝေးတွင် တမူး မဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏ တမူးမြို့နယ်သို့ မဟာ ဓာတ်အားလိုင်းသွယ်တန်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် သက်ဆိုင်ရာဝန်ကြီး ဌာနက မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  မိမိဝန်ကြီးဌာနနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားမည်ဖြစ်ပါကြောင်း၊ တမူးမြို့နယ် သို့ ဓာတ်အားစနစ်မှ ဓာတ်အားပေးရန်အတွက် ကလေးမြို့မှ တမူးမြို့အထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း မိုင် ၉၀ တည်ဆောက်၍ တမူးမြို့တွင် ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းသည် ဝန်ကြီးဌာန၏ Master Plan  တွင် ပါဝင်သော စီမံကိန်းဖြစ်ပါကြောင်း၊  ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်မှစ၍ နှစ်စဉ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားခဲ့သော်လည်း ရန်ပုံငွေ ကန့်သတ်မှုအရ တည်ဆောက်ဆောင်ရွက်နေဆဲ စီမံကိန်းများအတွက်သာ ဘတ်ဂျက်ကို မျှတသုံးစွဲရ သောကြောင့် စီမံကိန်းအသစ်များအတွက် ဘတ်ဂျက်ခွဲ ဝေရရှိခြင်း မရှိသဖြင့် ကလေး-တမူး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းကို စတင်နိုင်ခြင်း မရှိသေးပါကြောင်း။
 
အဆိုပါ ၂၃၀ ကေဗွီ ကလေး-တမူး ဓာတ်အားလိုင်း မိုင် ၉၀ နှင့် ၂၃၀ ကေဗွီ တမူးဓာတ်အားခွဲရုံစီမံကိန်းကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေအားဖြင့် ငွေကျပ် ၁၀၇ ဘီလီယံလိုအပ်ပါကြောင်း၊ နိုင်ငံခြားငွေ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ  ၆၆ ဒသမ ၆ သန်း လိုအပ်ပါကြောင်း၊ အဆိုပါစီမံကိန်းကို Myanmar Sustainable Development Plan (MSDP) တွင် ထည့်သွင်းလျာထား၍ အိန္ဒိယနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၃၀ အောက်မှ ရယူဆောင်ရွက်ခွင့်ပြုပါရန်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပြုထားပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ မြန်မာနိုင်ငံအတွင်း၌  လျှပ်စစ် ဓာတ်ကြိုး ပြတ်တောက်ပြီး မြေပြင်သို့ ပြုတ်ကျမှုများကြောင့် ဓာတ်လိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဓာတ်လိုက်မှုကို ကာကွယ်မှုပေးနိုင်သော  SAC လျှပ်ကာ ဓာတ်ကြိုး များ လဲလှယ်မှုကို မည်ကဲ့သို့ အစီအမံချပြီး  ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရန်ကုန် အရှေ့ပိုင်းခရိုင်အတွင်း  လျှပ်ကာမပါ  ACSR ကြိုးများအစား လျှပ်ကာကြိုး ပါသည့် SAC ဖြင့် ၃၄ ဒသမ ၂၂၄  မိုင် ပြောင်းလဲတည်ဆောက်ခြင်းနှင့်  လျှပ်ကာမပါ ၄၀ဝ ဗို့ HDBC ကြေးကြိုးများနေရာတွင် လျှပ်ကာကြိုး ABC ဖြင့် ၄၀ ဒသမ ၈၉ မိုင် လဲ လှယ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်အနောက်ပိုင်း ခရိုင်၊ တောင်ပိုင်း ခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် SAC ကြိုးများဖြင့်  ပြောင်းလဲ တည်ဆောက်ခြင်းနှင့် ABC ကြိုးများဖြင့်  လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
 
အစားထိုးလဲလှယ်နိုင်ခြင်းမရှိသေးသည့် နေရာများတွင် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရေးအတွက် လက်ရှိဓာတ်အားပေးထားသော လျှပ်ကာမပါသည့်  ၄၀ဝ ဗို့ ဓာတ်အားလိုင်းများတွင် လိုင်းကြိုးတန်းပုခက်ကြိုးများ တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်း ကြိုးချင်းထိန်းကြိုးများတပ်ဆင်ခြင်း၊ မြေဓာတ်ချကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဟောင်း နွမ်းဆွေးမြေ့နေသည့်  ၄၀ဝ ဗို့ ဓာတ်အားလိုင်းကြိုးများနေရာတွင် ABC ကြိုးများဖြင့် မိုင် ၅၀ဝ ခန့် တည်ဆောက်ရန် လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်ရေး တင်ဒါခေါ် ယူထားပြီး ပစ္စည်းများရရှိပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းတွင် အမြန်လဲလှယ် နိုင်ရန်စီမံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  မိမိဝန်ကြီးဌာနအနေဖြင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရန်နှင့်  ဓာတ်လိုက်မှု အန္တရာယ်လျော့ကျစေရန်အတွက် Insulated Cable များဖြင့်  အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများနှင့် အသစ်တည် ဆောက်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲ ခွင့်ရှိသော မြေလွတ်မြေလပ်မြေရိုင်းများကို ဥပဒေမဲ့ အလွဲသုံးစားမပြုလုပ်နိုင်ရန်နှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ သောင်ထွန်းမြေရိုင်းများအား သဘာဝဘေးအန္တရာယ်ကာ ကွယ်ပေးပြီး ဒေသခံပြည်သူ စားဝတ်နေရေးအတွက်  မည်သို့စီမံခန့်ခွဲပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က  ပြီးခဲ့သည့်  ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပ သည့် ပင်လယ်ကမ်းရိုးတန်း သယံဇာတအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်းအဝေး တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ပြုထားသည့်အနက် မှ အကောင် အထည်ဖော်ဆောင်ရွက်ပြီး ဧရိယာများကို ချန်လှပ်ကွက်အဖြစ်ထားရှိပြီး၊ ကျန်ရှိသည့်  အကောင်အထည်မဖော်ရသေးသည့်  ဧရိယာများကို ဒီရေတောစုဖွဲ့ရာတွင် ထည့်သွင်း ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းထားရှိခဲ့ပါကြောင်း။
 
ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို ဥပဒေမဲ့ အလွဲသုံးစား မပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းမှုဖြင့်  ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မုတ္တမပင်လယ်ကွေ့အနီးရှိ  သောင်းထွန်းမြေရိုင်းများအား သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ဒီရေကြိုးပြင်ကာ ကွယ်တော သတ်မှတ်ဆောင်ရွက်သွားမည့် အစီအမံများနှင့် နိုင်ငံတော်၏ စီးပွားရေး နှင့် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် သင့်တင့်မျှတစွာ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ တိုင်းပြည်ဘဏ္ဍာနှင့် ငွေကုန်ကြေးကျ ခံတည်ဆောက်ခဲ့သော အသုံးမတည့်ဖြစ်နေသည့် ဝင်းဖနုံရေလှောင်တမံဆည်မှ ရေကို ရေပြတ်လပ်မှုကြီးထွားလာည့် သံဖြူဇရပ်မြို့သို့ ပို့လွှတ်ပေးရေး စီမံကိန်းတစ်ရပ် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဝင်းဖနုံရေလှောင်တမံမှရေကို  ၁၀ မိုင်ခန့်ကွာဝေးသည့် သံဖြူဇရပ်မြို့ ရေပြတ်လပ်မှုကြီးထွားလာသည့် အခြေအနေကို  ကုစားပေးနိုင်ရန်နှင့် ထိုမှတစ်ဆင့် ၁၅ မိုင်ခန့်ကွာဝေးသည့်  ကျိုက္ခမီမြို့များသို့ သောက်သုံးရေ ပေးပို့ရန်မှာ စိစစ်မှုများအရ လုပ်ငန်းပမာဏကြီးမား၍ ကုန်ကျစရိတ် လည်း လွန်စွာများပြားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မိမိတို့ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(JICA)  မှ ချေးငွေစီမံကိန်းတစ်ရပ် ရယူပြီး လုပ်ငန်းများအား နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်  စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း အဆိုပါ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အကြံပေးအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒီဇိုင်းလုပ်ငန်းများ အပ်နှံဆောင်ရွက် ခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းတွင် ဒီဇိုင်းလုပ်ငန်းများ အပ်နှံ ဆောင်ရွက်သွားနိုင်ရေးအတွက် တင်ဒါခေါ်ယူမည်ဖြစ်ပါကြောင်း၊ ဒီဇိုင်းများနှင့် တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် တင်ဒါခေါ်ယူနိ်ုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
ဆက်လက်၍ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊  ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေနှင့် သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးများက ရှင်းလင်းဖြေကြားကြသည်။
 
ထို့နောက် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုက လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသော ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင် တန်ဖိုးမြှင့် ကုန်ပစ္စည်းများဖြစ်အောင် ပြည်တွင်း၌ပင် အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင် ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရခြင်း၏ ရည်ရွယ်ချက်မှာ  ပြည်တွင်း၌ ကုန်ကြမ်းများ ကို Value Added ဖြစ်စေရန် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း  ပိုမို ရရှိစေနိုင်ရေးအတွက် Value Added လုပ်၍ ပြည်ပဈေးကွက်ကို ယှဉ်ပြိုင်ရောင်းချနိုင် ခြင်းဖြင့်  ပို့ကုန်ဝင်ငွေတိုးလာခြင်းနှင့်အတူ  တစ်ဖက်တွင်လည်း သွင်းကုန်အစားထိုး လုပ်ငန်းများ တိုးတက်လာသည့်အတွက် သွင်းကုန်လျှော့စေပြီး နှစ်ခုပေါင်းရလဒ်အဖြစ် ကုန်သွယ်မှုလိုငွေ လျှော့စေကာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို ထိန်းချုပ်နိုင်စေ ရန်နှင့် တိုင်းပြည်ဝင်ငွေ တိုးလာပြီး အစိုးရ၏ အခွန်ရငွေကိုလည်း တိုးစေနိုင်ရန် အတွက် ဖြစ်ပါကြောင်း။
 
ပြည်တွင်းတွင် Value Added အနေဖြင့် ကော်ဖီ၊ လက်ဖက်စသော လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံတကာဈေးကွက်ကို ချဲ့ထွင်နေပြီဖြစ် ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည့် Value Added များ ပြည်တွင်း၌ လျင်မြန်စွာ ဖွံ့ဖြိုးကြီးမားစေရန်အတွက် လိုအပ်ချက် များကို နိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့နိုင်ရေးအတွက်  တင်သွင်းရခြင်းဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
 
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဝေါ မဲဆန္ဒနယ်မှ ဦးတင်ထွေးက ထောက်ခံဆွေး နွေးသည်။
 
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း ၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေး ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
 
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ယင်းနောက်  ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာကို  ကော်မတီအဖွဲ့ဝင် ဒေါက်တာကြည်မို့မို့လွင်က ဖတ်ကြား တင်ပြသည်။
 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ထို့နောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် ပြန်လည်ပေးပို့သော တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေကို  ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
 
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက် များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အတည်ပြု ချက်အတိုင်း သဘောတူသောကြောင့် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲမှုရှိရာ  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြရန် ဥပေဒကြမ်း ကော်မတီဝင် ဦးဌေးငွေ က အဆိုတင်သွင်းသည်။
 
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ သဘောကွဲလွဲချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြ သွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို နိုဝင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။
 
အေးအေးသန့်(သတင်းစဉ်)