နေပြည်တော် ၂ စက်တင်ဘာ

 

ကမ္ဘာ့ကုလသမဂ္ဂသည် ကမ္ဘာ့နိုင်ငံများ ငြိမ်းချမ်းသာယာရေးကို ဖော်ဆောင်ပေးသောအဖွဲ့ကြီးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍ ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်လေ့လာထားသည့်  မှန်ကန်သောအချက်အလက်များဖြင့် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ တရား မျှတမှုတို့ကို အခြေခံပြီး အပြုသဘောဆောင်ကာ ကရုဏာထားလျက် ကမ္ဘာ့နိုင်ငံများ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသည်။

 

ယခုအခါ ရခိုင်ပြည်နယ်အရေးကို အကြောင်းပြု၍ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုး၊ စွပ်စွဲပြောဆိုမှုအဖုံဖုံတို့ ပိုမိုပြုလုပ်လာသည်ကို မြင်တွေ့ ကြားသိကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီမှ ယမန်နှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့အား သမာသမတ်မကျသဖြင့် အဆိုပါ အဖွဲ့ဖွဲ့စည်းမှုနှင့် ရှာဖွေတွေ့ရှိမှုများကို လက်မခံကြောင်း ရှင်းလင်းပြတ်သားစွာ အသိပေးခဲ့ပြီးဖြစ်သည်။

 

ယခုနှစ် ဩဂုတ်လအတွက် ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး မြန်မာနိုင်ငံအခြေအနေခေါင်းစဉ်ဖြင့် တံခါးဖွင့်ရှင်းလင်းပွဲတစ်ရပ်ကို ဩဂုတ်လ ၂၈ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီခန်းမ၌ ကျင်းပခဲ့သည်။ ထိုရှင်းလင်းပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံ၏ပကတိအခြေအနေမှန်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

တံခါးဖွင့်ရှင်းလင်းပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ဖော်ပြပါအချက်အလက် ရှာဖွေရေးအဖွဲ့၏ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်နှင့်ပတ်သက်၍ ဘက်လိုက်မှုကင်းနိုင်ခြေအပေါ် စိုးရိမ်သည့်အတွက် ယင်းအဖွဲ့၏ ဆောင်ရွက်ပိုင်ခွင့်ကို လက်မခံခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ၎င်းအဖွဲ့မှ အစီရင်ခံစာ အချိန်ကိုက်ထုတ်ပြန်သည့်ရည်ရွယ်ချက်အပေါ်တွင်လည်း များစွာသံသယရှိကြောင်း ပြောကြားခဲ့သည်။

 

ထိုအဖွဲ့သည် ဩဂုတ်လ ၂၇ ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံအခြေအနေခေါင်းစဉ်ဖြင့် တံခါးဖွင့်ရှင်းလင်းပွဲကျင်းပခဲ့သည်မှာ သံသယဖြစ်ဖွယ်ဖြစ်သည်။ အမှန်တကယ်တွင် ရခိုင်ပြည်နယ်အရေးကို အကြောင်းပြု၍ ဖိအားပေးပွဲများမှာ မဆန်းသလိုပင် ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ လူ့အခွင့်အရေးကို အကြောင်းပြပြီး စွပ်စွဲပြစ်တင်မှုများ အကြိမ်ပေါင်းမြောက်မြားစွာပြုလုပ်ခဲ့ကြသည်ကို သိရှိကြမည်ဖြစ်သည်။

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ချဉ်းကပ်ဖြေရှင်းရန် ကြိုးပမ်းခဲ့သည့် ဒေါက်တာကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင်ဖွဲ့စည်းပြီး တစ်လအကြာ ၂၀၁၆ ခုနှစ်အောက်တိုဘာလ ၉ ရက်နေ့တွင် အာဆာအဖွဲ့ဖြစ်လာမည့် အာကွာမူမူဂျာဟီဒင် အစွန်းရောက်အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ် မောင်တော ခရိုင်အတွင်းရှိ နယ်စပ်လုံခြုံရေးစခန်းသုံးခုကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် ကိုဖီအာနန်ကော်မရှင်က အပြီးသတ် အစီရင်ခံစာကို မြန်မာအစိုးရသို့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင်တင်သွင်းခဲ့ပြီး နာရီပိုင်းအကြာ ၂၀၁၇ ခု နှစ် ဩဂုတ်လ ၂၅ ရက်နေ့ အစောပိုင်းတွင် အာဆာအဖွဲ့က ရခိုင်ပြည်နယ် မောင်တောဒေသရှိ ရဲကင်းစခန်း ၃၀၊ နယ်မြေခံတပ်ရင်းဌာချုပ်တစ်ခုတို့ကို ကြိုတင်အကွက်ချစီစဉ်တိုက်ခိုက်ခဲ့သည်။ ထိုပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူများအား အာဆာအဖွဲ့က သတ်ဖြတ်ခြင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးစေခြင်းတို့သည်အာဆာအဖွဲ့က သေချာစွာ တွက်ချက်ဖန်တီးထားခြင်းသာဖြစ်သည်။

 

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အရေး၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ မိမိတို့အရေးကို မိမိတို့ကသာ ဝိုင်းဝန်းကြိုးပမ်း ဖြေရှင်းဆောင်ရွက်ကြရမည် ဖြစ်သော်ငြားလည်း နိုင်ငံတကာအသိုင်းအဝိုင်း အဖွဲ့အစည်းများအနေဖြင့် မှန်ကန်သည့်အချက်အလက်များ၊ မျှတကောင်းမွန်သည့် သဘောထားများဖြင့် ပူးပေါင်းကူညီဖြေရှင်းရေးမှာအရေးကြီးပါကြောင်း။ ။

 

ကြေးမုံ