နေပြည်တော် ၂၈ နိုဝင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၆) ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်း တစ်ခုဆက်လက်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မြို့ပေါ်(၅) ရပ်ကွက်နေ ပြည်သူများ၏ နေထိုင်လျက်ရှိသည့် အိမ်ရာမြေများ လယ - (၃၀-က) ရရှိရေးနှင့် မြေစာရင်းပုံစံ (၁၀၅)(၁၀၆) မြေပုံရေးဆွဲရေး၊ မြေငှားဂရန်ရရှိရေကိစ္စများကို မြို့နယ်ပြည်သူလူထု အဆင်ပြေစေရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် မြို့ကွက်အမှတ် (၁-က) မြို့သစ်အကွက်နှင့် (၁-ခ) ကျောက်တော်အကွက်များအား (၆၄ လက်မ ၁ မိုင်) စကေးဖြင့် မြေတိုင်းတာနိုင်ရေး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က မြို့မြေအဖြစ်တိုင်းတာ သတ်မှတ်ထားသည့် မြေဧရိယာ (၁၈၆) ဧကအနက် (၇၁ ဒသမ ၇၂၇) ဧက ကို မြေငှား ဂရန်ထုတ်ပေးထားရှိပြီးဖြစ်ပါကြောင်း၊ မြို့မြေသတ်မှတ်ပြီး ဧရိယာများတွင် နေထိုင်သော ပြည်သူများအနေဖြင့် အချက်အလက်စုံလင်စွာဖြင့် မြေငှားဂရန်လျှောက်ထားလာပါက ၁၉၈၉ ခုနှစ် မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေနှင့် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေအရ စိစစ်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ မြေစာရင်းပုံစံ (၁၀၅) ၊ (၁၀၆) မြေပုံရေးဆွဲရေး၊ မြေငှားဂရန်ရရှိရေးကိစ္စများဆောင်ရွက်နိုင်ရန် မြို့ကွက်အမှတ် (၁-က)၊ မြို့သစ်အကွက် (၁-ခ) ကျောက်တော်အကွက်များကို ၆၄ လက်မ = ၁ မိုင် စကေးဖြင့် မြို့မြေတိုင်းတာဆောင်ရွက်နိုင်ရေးအတွက် လက်ရှိအခြေအနေအရ လုပ်ငန်း ပမာဏနှင့် ဝန်ထမ်းအင်အားလုံလောက်မှုမရှိသည့်အတွက် ရှိသည့်အင်အားဖြင့် ဝန်ထမ်း ခွင့်ပြုမှုအခြေအနေနှင့် ရန်ပုံငွေခွဲဝေရရှိမှုများအပေါ်မူတည်၍ အပိုင်းလိုက် ခွဲခြားဆောင် ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှကျော်က စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) မှ ဦးအောင်မျိုး ၏ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပြဋ္ဌာန်း ချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်အားရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်း ခြင်းတို့ကို ဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင် ခတို့ကို မည်၍မည်မျှပေးဆောင်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန သဘောတူညီ ချက်ဖြင့် ဦးစီးဌာနမှ အမြန်ဆုံး ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုပြဋ္ဌာန်းပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့် ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်းတို့အတွက် ထမ်းဆောင်ရသည့် တံဆိပ်ခေါင်းခွန် တန်ဖိုးသတ် မှတ်နိုင်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ စာချုပ်စာတမ်းအမျိုးအစားအလိုက် မှတ်ပုံတင်ခကိုလည်း သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သူ မြို့သားများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ပြီး ယခုပျက်စီးယိုယွင်းနေသော ထွန်းရွှေဝါ ခန်းမကြီးကို ပြုပြင်ရန်နှင့် အေးမြသာယာ ကျေးရွာအုပ်စုပိုင်အဖြစ် စည်ပင်သာယာမှ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက ပျက်စီးယိုယွင်းနေသော ယင်းခန်းမကြီးကို အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ် ရှိ /မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ထွန်းရွှေဝါ ခန်းမကို အေးမြသာယာကျေးရွာအုပ်စုပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါကြောင်း၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်အဖြစ်သာ ဆက်လက်ထားရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါခန်းမကြီး ကောင်းမွန်ပြီးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ပြုပြင်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉) မှ ဦးမောင်ကျော်ဇံ၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးအောင်သိန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁) မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) မှ ဒေါ်မြတ်သီတာထွန်း က ပုဒ်မ - ၂ ၊ ပုဒ်မခွဲ (က) နှင့်စပ်လျဉ်း၍ အလုပ်သမားဆိုသည်မှာ မိမိ၏ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အလုပ်ရှင်ထံတွင် အချိန်ပိုင်းအလုပ်ကိုဖြစ်စေ၊ အမြဲတမ်းအလုပ်ကိုဖြစ်စေ အခကြေးငွေ ရယူကာ လုပ်ကိုင်နေသူကိုသော်လည်းကောင်း၊ အခကြေးငွေမယူဘဲလုပ်ကိုင်နေသူကိုသော်လည်းကောင်း ဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂ ၊ ပုဒ်မခွဲငယ် ( ဂ )နှင့် စပ်လျဉ်း၍ အလုပ်ရှင်ဆို သည်မှာ မိမိ၏လုပ်ငန်းအတွက် လုပ်အား၊ နည်းပညာသို့မဟုတ် ကျွမ်းကျင်မှုကိုရရှိရန် အလို့ငှာ အလုပ်သမားအားငှားရမ်းစေခိုင်သည့် အခကြေးငွေပေးရန် တာဝန်ရှိသူကိုဆိုသည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၂ ( ဍ ) နှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိလိုပါကြောင်း၊ ပုဒ်မ ၂ (ဈ)၊ ပုဒ်မ - ၁၀၊ ပုဒ်မ - ၁၂၊ ပုဒ်မ ၁၂ - (က) ၊ ပုဒ်မ - ၁၆၊ ၁၉၊ ၂၃၊ ၂၄ ၊ ၂၅ နှင့် ၂၇ တို့ကို အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ထားရှိလိုပါကြောင်း၊ ပြစ်ဒဏ်ပိုင်းရှိ ပုဒ်မ ၄၆(ဂ) နှင့်စပ်လျဉ်း၍ တစ်လအထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိငွေဒဏ်ဖြစ်စေချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၄၆ - (က) ပုဒ်မခွဲငယ် (၃) တွင် သုံးလထိထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံးကျပ်သိန်း ၁၀ဝ အထိ ငွေဒဏ်လည်းချမှတ်ရမည်ဟု ပြင်ဆင်လိုပါကြောင်း၊ ပုဒ်မ ၄၆ - (က)၊ အပိုဒ်ခွဲငယ် (၄) တွင် တစ်လအထိထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံးကျပ် ၁၀ သိန်းအထိငွေဒဏ်လည်းချမှတ်ရမည်ဟု ပြင်ဆင်လိုပါ ကြောင်းဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) မှ ဦးကျော်ထွေး က ဥပဒေကြမ်း ၏ အပိုဒ် ၂ (က) တွင် ဖြည့်စွက်ထားသည့် ဖြည့်စွက်ချက်ကို ပယ်ဖျက်သင့်ပါကြောင်းနှင့် အမျိုးသားလွှတ်တော်၏အတည်ပြုချက် အတိုင်းဆက်လက်ထားရှိသင့်ပါကြောင်း၊ အပိုဒ် ၂ (ခ)နှင့် အပိုဒ် ၁(ဍ) တို့ကိုလည်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းထား ရှိသင့်ပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသည့် ပုဒ်မ ၁၀ ၊ ၁၆ နှင့် ၁၉ တို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်းဆက်လက်ထားရှိသင့်ပါကြောင်း၊ ပြစ်ဒဏ်များအခန်းရှိ ပုဒ်မ ၄၆၊ ၄၇နှင့် ၄၈ တို့တွင် ပြည်သူလွှတ်တော်၏ ပြင်ဆင်ဖြည့်စွက် ချက်များကိုပယ်ဖျက်ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်များ အတိုင်းသာဆက် လက်အတည်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်( ၃) မှ ဒေါ်ရွှေရွှေစိန်လတ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) မှ ဦးလှဆန်းတို့က ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာရန် ဆုံးဖြတ် ကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမနေ့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
မင်းမင်းဇော်