ရန်ကုန် ၂၉ နိုဝင်ဘာ
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈) ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကတိသစ္စာမပြုရသေးသော ရွေးကောက်တင်မြှောက်ခံရသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦးတို့က ကတိသစ္စာပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈) တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)နှင့် တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြုလက်မှတ်ရေးထိုးကြသည်။
ထို့နောက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က “ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သမဝါယမ အသင်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ၎င်းလုပ်ငန်းများမှ လစဉ်ဝင်ငွေ၊ နှစ်စဉ်ဝင်ငွေ ရရှိမှုများကို သိရှိလိုပါကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒ လုပ်ထုံးလုပ်နည်းနှင့်မညီသော ဆိုင်များကို မည်သို့ဆက်လက် ဆောင်ရွက်မည်”ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းတွင် သမဝါယမအသင်း စုစုပေါင်း (၄၆) သင်း ဖွဲ့စည်းထားရှိပြီး အသင်းမှ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ထိန်းကျောင်းတည့်မတ် ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းမှ ပိုင်ဆိုင်သောမြေနှင့်အဆောက် အဦအခန်းများကို ငှားရမ်းခြင်း၊ အကျိုးတူ ဆောင်ရွက်ခြင်းစသည်တို့ကို ရွေးချယ်ထားသော အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ ကာလသတ်မှတ်၍ ခိုင်မာသော စာချုပ်များချုပ်ဆို ငှားရမ်းပြီး အသင်းဝင်ငွေရအောင် ဆောင်ရွက်ကြပါကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် မညီသော အသင်းအား သမဝါယမအသင်းနည်း ဥပဒေပုဒ်မ - ၂၅ ပါ အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက သက်ဆိုင်ရာ သမဝါယမအသင်းအား စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ပါကြောင်း” ပြန်လည်ဖြေကြားသည်။
ယင်းနောက် သာကေတမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း၏ “သာကေတမြို့နယ်၊ ရပ်ကွက်အတွင်းရှိ သမဝါယမ အသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုကြောင်းနှင့် အချို့ရပ်ကွက်များတွင် ဖြစ်ပွားလျက်ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်းစည်းမျဉ်း စည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အသင်းသားများကို မည်သို့သော ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခြင်း ရှိ/မရှိ”ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ဦးဟံထွန်းက သာကေတ မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု တစ်သင်း၊ အခြေခံသမဝါယမအသင်း ၅၉ သင်း၊ စုစုပေါင်း အသင်း ၆၀ ရှိပါကြောင်း၊ သမဝါယမအသင်းများမှ ပိုင်ဆိုင်သော ရင်းနှီးပစ္စည်းများဖြစ်သည့် မြေ (၆၁) ကွက်၊ အသင်းပိုင်အဆောက်အဦး ၆၉ လုံး၊ သမဝါယမပိုင် မြေပေါ်တွင်မြေငှား၍ ပုဂ္ဂလိကပိုင် အဆောက်အဦ ၁၉၄ လုံး၊ စုစုပေါင်းအဆောက်အဦ ၂၆၃ လုံး ရှိပါကြောင်း၊
အဆိုပါ အဆောက်အဦများတွင် အကျိုးတူငှားရမ်းထားသော အခန်းပေါင်း ၂၀၈ ခန်းရှိပါကြောင်း၊ သမဝါယမ အသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို သမဝါယမအသင်းနည်းဥပဒေအရ အသင်း သည် လိုအပ်သည့် ငွေစာရင်း၊ ပစ္စည်းစာရင်း၊ အခြားစာရင်းများနှင့် မှတ်တမ်းများကို သတ်မှတ်ချက် နှင့်အညီ ပြုစုထိန်း သိမ်းထားရှိခြင်း၊ သမဝါယမအသင်းများက ပိုင်ဆိုင်သော အဆောက်အဦများကို အသင်းမှ စီမံခန့်ခွဲရာမှ ရရှိသောဝင်ငွေသည် ၄င်းသက်ဆိုင်ရာ သမဝါယမအသင်း၏ ငွေစာရင်းသို့သာ ဝင်ပါကြောင်း၊ သမဝါယမ ဦးစီးဌာနအဆင့်ဆင့်သည် သမဝါယမအသင်း အဆင့်ဆင့်၏ စာရင်းများကို ခြောက်လတာကာလတွင် သာမန်စစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် နှစ်ချုပ်စစ်ဆေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၏ “လှိုင်မြို့နယ်အတွင်း သမဝါယမပိုင်ဆိုင်ခန်းများ၊ တိုက်ခန်းများ မည်မျှရှိပါသလဲ၊ ဆိုင်ခန်းငှားရမ်းခများ အား ခေတ်ကာလပေါက်ဈေးများဖြင့် ပြင်ဆင်ပြောင်းလဲ သတ်မှတ်စာချုပ် ချုပ်ရန် အစီအစဉ် ရှိ/မရှိနှင့် ဆိုင်ခန်းနှင့်တိုက်ခန်းများ၏ ငှားရမ်းခနှုန်းထားများအား တစ်ခုချင်းစီ အလိုက်” ကို သိရှိလို ကြောင်းမေးခွန်း၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်၏ “စားသုံးသူ သမဝါယမအသင်း အဆင့်ဆင့် (တိုင်း၊ မြို့နယ်၊ ရပ်ကျေး) အသင်းများ၏ ပိုင်ဆိုင်ခဲ့သော မရွှေ့မပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် မြေနေရာများ၊ အဆောက်အဦများ၊ စက်ပစ္စည်းများ အစ ရှိသည်တို့ကို ယခုအချိန်တွင် ဥပဒေအကြောင်းအရ မည်သူပိုင်ဆိုင်သည်” ကို သိရှိလိုကြောင်း မေးခွန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီး ဦးဟံထွန်းက ပြန်လည် ဖြေကြားခဲ့သည်။
သတင်း -မင်းသစ်(MNA)/ ဓာတ်ပုံ၊ စန်းကျော်ဦး