နေပြည်တော် ၂၉ နိုဝင်ဘာ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမင်းသူအား ခန့်အပ်တာဝန်ပေးရန် တင်ပြထားခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပင်လယ်ကြောင်းအကောက်ခွန် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၈ခုနှစ်) နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားကို အခြေခံ၍ လွှတ်တော်၏ သဘောထား မေးမြန်းပြီး တစ်ပိုဒ်ချင်းစီအလိုက် အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရာတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တင်ပြစဉ်က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ အကြံပြု ဆွေးနွေးချက်များအပေါ် ထည့်သွင်းသုံးသပ်၍ ပိုမိုပြည့်စုံ ကောင်းမွန်သော အစီရင်ခံစာ ဖြစ်စေရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အဓိကကျသော ကြွေးမြီဆိုင်ရာ အချက်အလက်၊ ကိန်းဂဏန်းများအား ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အထိ သုံးနှစ်စာ တပေါင်းတစည်းတည်း နှိုင်းယှဉ်ဖော်ပြခြင်း၊ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်ရှိ ပြည်တွင်းကြွေးမြီ လက်ကျန်အခြေအနေအား ကာလအပိုင်းအခြားဖြင့် ဖော်ပြခြင်း၊ ကြွေးမြီစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် စပ်လျဉ်း၍ သုံးသပ်တင်ပြခြင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကြွေးမြိီဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ သုံးသပ်ချက်များအား စိစစ်တင်ပြခြင်း၊ ပုံကားချပ်များတွင် ကိန်းဂဏန်း သို့မဟုတ် ရာခိုင်နှုန်းများကို သင့်လျော်မှုရှိအောင် ဖြည့်စွက်၍ တင်ပြခြင်းတို့ကို ထပ်မံဖြည့် စွက်ထားပါကြောင်း။
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို ယခင်နှစ်များက လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ အကြံပြုချက်များ၊ သဘောထား မှတ်ချက်များကို ထည့်သွင်းသုံးသပ်၍ ပိုမိုကောင်းမွန်သည့် အစီရင်ခံစာဖြစ်စေရန် ပြုစုတင်ပြထားပါကြောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သုံးသပ်တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များကိုလည်း အလေးထား၍ လိုက်နာကျင့်သုံးလျက် ရှိပါကြောင်း၊ ယခုတင်ပြသည့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၃၇) နှင့်အညီ ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သန်းက အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၁၀/၂၀၁၈)ကို ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြရာတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ဥပဒေကြမ်းကို တင်သွင်းခဲ့သည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာများအသင်းတို့နှင့် အစည်းအဝေး ကျင်းပခဲ့ပြီး ဥပဒေကြမ်းပါ သဘောကွဲလွဲချက်များကို လေ့လာစိစစ်ခဲ့ကြပါကြောင်း။
ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များအပြင် လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့သည့် ဥပဒေကြမ်းအပေါ်တွင်လည်း ထပ်မံလေ့လာစိစစ်ခဲ့ရာ ဥပဒေကြမ်း၏ အပိုဒ် ၈ ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အသစ်ပြင်ဆင်ချက်အတိုင်း အတည်ပြု ပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၂ နှင့်အညီ ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံအုပ်ချုပ်မှု လေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် တက္ကသိုလ်များဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် နှစ်စဉ်ကြေး ထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမျိုးဝင်းက International Associations of School and Institutes of Administraion (IASIA) တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင်ရေးကိစ္စကို ထောက်ခံဆွေးနွေးမည် ဖြစ်ပါကြောင်း၊ International Associations of School and Institutes of Administraion (IASIA) သည် International Institute of Adminstrative Sciences (IIAS) ၏ အဖွဲ့ခွဲတစ်ခုဖြစ်ပြီး Public administration နှင့်ပတ်သက်သည့် အထူးပြု ဘာသာရပ်များကို ဝေမျှပေးနေသော NGO အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များသည် နိုင်ငံပေါင်း ၁၆၀ ကျော် ဖြစ်သော်လည်း အများစုသည် NGO နှင့် Private School များသာ ဖြစ်ကြပါကြောင်း၊ ယင်းသင်တန်းနှင့် ချိတ်ဆက်ကြသူများ၏ ရည်ရွယ်ချက်သည် IASIA မှ IIAS၊ ထို့မှတစ်ဆင့် Public administration နှင့် ဆိုင်သည့် Ph.D ဘွဲ့များရယူကြရန်နှင့် ကွန်ဖရင့်စ်များမှ အချက်အလက်များကို Sharing လုပ်ကြရန် ဖြစ်ပါကြောင်း။
ယခု International Course များကို အသုံးပြု၍ မြန်မာနိုင်ငံမှ ဗဟိုဝန်ထမ်း တက္ကသိုလ် ၂ ခုတွင် သင်ကြားရန် ပြင်ဆင်နေသည့် အစီအစဉ်အား ကြိုဆိုထောက်ခံပါကြောင်း၊ သို့သော် စွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းဆိုသည်မှာ သင်တန်းများ ပို့ချရုံဖြင့် ထွက်ပေါ်လာမည် မဟုတ်ပါကြောင်း၊ ဝန်ထမ်းများအတွက် တောက်ပသည့် အနာဂတ်များ မျှော်လင့်ချက်များကို ပုံဖော်ပေးထားရမည့်အပြင် လက်တွေ့ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိုးရိမ်ပူပန်မှုများကိုလည်း လေ့လာ ဖြေရှင်းပေးရမည် ဖြစ်ပါကြောင်း၊ ရာထူးအခွင့်အလမ်း တိုးပေးသင့်သူများကို တိုးပေးရမည်ဖြစ်သကဲ့သို့ အကျင့်ပျက် ဝန်ထမ်းများကိုလည်း ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ် ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဒေါက်တာ တင်တင်ဝင်းနှင့် ညောင်ဦးမဲဆန္ဒနယ်မှ ဦးစောတို့ကလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များကို IASIA သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့် ပြုမည်ဆိုပါက နိုင်ငံတကာဗဟုသုတနှင့် အတွေ့အကြုံကောင်းများကို လေ့လာနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ သုတေသန အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာတမ်းများပြုစုခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များရှိ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ သင်တန်းရေးရာ ဌာနများ၏ အုပ်ချုပ်မှု၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေး တိုးတက်မြင့်မားလာစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အဆင့်အတန်းဝင် အသိအမှတ်ပြုတက္ကသိုလ်များ ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ လေ့ကျင့်သင်ကြားခြင်းအတွက် နိုင်ငံတကာအဆင့်မီ နည်းပညာအတွေ့အကြုံကောင်းများ ရယူဖလှယ်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့က မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွား ရေးစင်္ကြံ လမ်းတစ်လျှောက်ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်း ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency – NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက မြဝတီမြို့ ရေပေးဝေရေးစနစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်းဖြစ်ပြီး မြဝတီမြို့၏ အမှိုက်စွန့်ပစ်စနစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆သန်းဖြစ်ပါကြောင်း၊ Public Awareness Programs များဆောင်ရွက်ရန်နှင့် မြဝတီမြို့တွင် တာဝန်ထမ်း ဆောင်နေသည့် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် ကာလအတွင်း ကုန်ကျမည့် Financing Charges များ၊ အခြားကုန်ကျစရိတ်များအတွက်လည်း ချေးငွေကို ကျခံသုံးစွဲသွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် မြဝတီမြို့နှင့် မဲဆောက်မြို့တို့တွင် စီးပွားရေး ကုန်သွယ်မှုဇုန်နှင့် စက်မှုဇုန်များ ထူထောင်၍ မြန်မာ - ထိုင်း နယ်စပ်ဒေသ ဘက်ညီမျှတ ဖွံ့ဖြိုးစေရန် Joint Spatial Development Plan စီမံကိန်းပုံစံအား ရေးဆွဲပေးခြင်းအတွက် ADB ချေးငွေမှ အမေရိကန်ဒေါ်လာ ဝ ဒသမ ၉ သန်း သုံးစွဲသွားမည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှု စီမံကိန်းကြောင့် မြဝတီမြို့မှ ရရှိခစားနိုင်မည့် မြို့ပြဝန်ဆောင်မှုဆိုင်ရာ အကျိုးရလဒ်များမှာ မြို့ပြပြိုင်ဆိုင်မှု မြင့်တက်လာခြင်း၊ အခြေခံမြို့ပြ ဝန်ဆောင်မှုများ တိုးတက်လာခြင်း၊ မြို့ပြစီမံခန့်ခွဲမှု စွမ်းရည်မြင့်တက်လာခြင်း၊ လက်ရှိ ရေပေးဝေရေး ပမာဏထက် ပိုမိုရေပေးဝေနိုင်ခြင်း၊ ရေလေလွင့်မှု လျော့နည်းစေခြင်း၊ ရေခွန်ရေခများ ပိုမိုကောက်ခံနိုင်ခြင်း၊ နိုင်ငံတကာ အဆင့်မီ ၂၄ နာရီ ရေဖြန့်ဖြူးပေးနိုင်ခြင်း၊ မြဝတီမြို့၏ အမှိုက်စွန့် ပစ်မှုစနစ်အား စနစ်တကျ ခွဲခြားသိမ်းဆည်းနိုင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဒေသနေပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုတို့ကို လျှော့ချနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါကြောင်း။
စီမံကိန်းဆောင်ရွက်မှု အစီအစဉ်များအနေဖြင့် ၂၀၁၇ - ၂၀၁၈ခုနှစ်အတွင်း စီမံကိန်း အကြိုပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ခုနှစ်အတွင်း စီမံကိန်း အသေးစိတ်ပုံစံများ ရေးဆွဲရေးနှင့် Procurement လုပ်ငန်းများကို Consultant Team အဖွဲ့ ငှားရမ်းရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ရယူ ဆောင်ရွက်နိုင်ရန် ကိစ္စသည် မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမက၎င်းနှင့် ဆက်စပ်နေသည့် မြန်မာ့ဟိုတယ်နှင့် ခရီးသွားအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ဆက်စပ်၍ မြန်မာ့စီးပွားရေး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်က အတည်ပြုပြီးသည့်အခါတွင် ချေးငွေပေးအပ်မည့် အဖွဲ့အစည်းနှင့် ချေးငွေစာချုပ်အတွက် ညှိနှိုင်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ချေးငွေရယူခြင်း၊ ထပ်ဆင့်ထုတ်ချေးခြင်း၊ ချေးငွေထုတ်ယူ သုံးစွဲမှုကို အစီရင်ခံတင်ပြစေခြင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ရာတွင် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၆၃ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂ မဲဖြင့် ထောက်ခံမဲများသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက စာချွန်လွှာ လက်မှတ်ထိုးရန် အဖွဲ့ဝင် နိုင်ငံများမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်း စသည့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အဖွဲ့ဝင် (၅) နိုင်ငံပါဝင်ပါကြောင်း၊ ရည်ရွယ်ချက်သည် ဒေသတွင်းရှိ ပြည်သူများ ချမ်းသာကြွယ်ဝမှု မြှင့်တင်နိုင်ရေး၊ အတွေ့အကြုံများ ပူးပေါင်း ဖလှယ်နိုင်ရေး၊ အရင်းအနှီးဈေးကွက် မူဝါဒ ချမှတ်နိုင်ရေး၊ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်နားလည်မှုနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ သတင်းအချက်အလက် ဖလှယ်နိုင်ရေး၊ အကူအညီ ရယူနိုင်ရေးနှင့် သုတေသန လုပ်ငန်းများ ပူးပေါင်း ရှာဖွေဖော်ထုတ်နိုင်ရေးတို့ အတွက်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စာချွန်လွှာတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုး ခြင်းအားဖြင့် ထိုင်းနှင့် ဗီယက်နမ်တို့၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် လေ့လာနိုင်ပြီး နည်းပညာဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတိုးတက်ရန် ဆောင်ရွက်လာနိုင်မည့် အခွင့်အလမ်း ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင် ၅ နိုင်ငံ၏ ကုန်သွယ်မိတ်ဖက်နိုင်ငံများလည်း မြန်မာနိုင်ငံအတွက် မိတ်ဆွေသစ်များအဖြစ် တိုးလာနိုင်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးမည်ဆိုပါက လက်မှတ်ရေးထိုးထားသည့် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် အသိပညာဗဟုသုတများ၊ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ ကောင်းမွန်သည့် အလေ့အကျင့်များ၊ စွမ်းရည်မြှင့်တင်ခြင်း ဆိုင်ရာအစီအစဉ်များ မျှဝေခြင်းဖြင့် မိမိနိုင်ငံအတွင်းရှိ စည်းမျဉ်းမူဘောင်များကို နိုင်ငံတကာနှင့် ဒေသအတွင်းအဆင့်၊ စည်းမျဉ်းမူဘောင်များနှင့် တန်းတူရည်တူ ပိုမိုကောင်းမွန်လာစေရန် ဖြစ်ပါကြောင်း။
ဒေသတွင်းဈေးကွက် အခြေအနေများအပေါ် ပိုမိုနားလည်စေရန် စာချုပ်ဝင် နိုင်ငံများအကြား အပြန်အလှန်အကျိုးကျေးဇူး ဖြစ်ထွန်းစေရန်၊ နယ်စပ်ဖြတ်ကျော် အရင်းအနှီး ဈေးကွက်လှုပ်ရှားမှုများအား အရှိန်အဟုန် မြှင့်တင်ပေးနိုင်ရေးအတွက် အခွင့်အလမ်းများ လေ့လာဖော်ထုတ်ပေးနိုင်ရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍအတွက် လိုအပ်သော ရင်းနှီးငွေများကို အရင်းအနှီး ဈေးကွက်မှတစ်ဆင့် ရှာဖွေရယူနိုင်မည်ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်သော နိုင်ငံများဖြစ်သည့် ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ဒေသအတွင်းရှိ အရင်းအနှီးဈေးကွက်များတွင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ပေးခြင်း၊ ကမ္ဘာ့အရင်းအနှီးဈေးကွက်၌ ရင်းနှီးမြှုပ်နှံရာတွင် ဖြစ်ပေါ်လာတတ်သည့် လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု စသည့်နစ်နာမှုများကို စုံစမ်းဖော်ထုတ်ခြင်း၊ စိစစ်အရေးယူခြင်းတို့ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတို့ကို လွယ်ကူချောမွေ့စေမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံများအကြား နားလည်မှုစာချွန်လွှာ Mekong Capital Market Cooperation - Multiateral Memorandum of Understanding (MCMC MMoU) တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအပေါ် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဒီဇင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)