နေပြည်တော် ၃ ဒီဇင်ဘာ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သိန်းခိုင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဝမ်းနည်းကြောင်း အဆိုကို အတည်ပြု မှတ်တမ်းတင်နိုင်ရန် လွှတ်တော်၏ဆန္ဒရယူရာ လွှတ်တော်က အတည်ပြုကြောင်းနှင့် မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သိန်းခိုင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ နှစ်မိနစ်ငြိမ်သက်ပြီး မေတ္တာပို့သကြသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသော ဦးမင်းသူက ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ရှေ့မှောက်၌ ကတိသစ္စာပြုသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းအား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်း၏ အပိုဒ် ၇ ခုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက အဆိုပြု တင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးကျော်နိုင်၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းနှင့် တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြည်တို့ကဆွေးနွေးကြကာ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကြမ်း၏ အပိုဒ်ငါးခုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက အဆိုပြု တင်သွင်းပြီး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က ဆွေးနွေး၍ တစ်ပိုဒ်ချင်း စီအလိုက် လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်း စီမံကိန်းဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေထံမှ ချေးငွေအမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်း ရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ ချေးငွေပေးအပ်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုလွှာ (Pledge of EDCF Loan) အား ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ ကတိကဝတ်ပြုလွှာတွင် ချေးငွေ၏ အတိုးနှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်မည့် အဖွဲ့အစည်းသည် ကိုရီးယား သမ္မတနိုင်ငံ၏ Small and Medium Enterprises (သို့မဟုတ်) Medium –Large ကုမ္ပဏီများဖြစ်ပါက အတိုးနှုန်းအား ဝ ရာခိုင်နှုန်းသို့ လျော့ချပေးမည်ဖြစ်ပြီး ချေးငွေ ပြန်ဆပ်ရန်ကာလမှာ ဆိုင်းငံ့ကာလ ၁၅ နှစ်အပါအဝင် နှစ် ၄၀ ဖြစ်ပါကြောင်း။
ဤစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် အစိုးရ၏ Online ဝန်ဆောင်မှုများကို ပြည်သူများမှ အချိန်မရွေး၊ နေရာဒေသမရွေးအဆင်ပြေ ချောမွေ့စွာ ရယူအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနှံ့အပြားရှိ အစိုးရ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအကြားတွင် သတင်း အချက်အလက်ဆက်သွယ်စီးဆင်းမှုများ လွယ်ကူလျင်မြန်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ e-Government လုပ်ငန်းများ အောင်မြင်ခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည့်အပြင် အစိုးရဌာနဆိုင်ရာများ၏ အရေးကြီးအချက်အလက်များအား လုံခြုံစွာထိန်းသိမ်းထားရှိနိုင်မည် ဖြစ်ပါသဖြင့် e-Government Intergrated Data Center(eGIDC) စီမံကိန်းအား ကိုရီးယားသမ္မတ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF) ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လွှတ်တော်မှ အတည်ပြုပေးစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကဤချေး ငွေစီမံကိန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၇ခုနှစ်၊ “ကာလ လတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ”၊ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒတို့နှင့် ကိုက်ညီမှုရှိ သည့်အပြင် မကြာသေးမီကထုတ်ပြန်ထားသောမြန်မာနိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း။
သို့ပါ၍ သတင်းအချက်အလက်ဗဟိုဌာနကြီးဖြစ်သော (e-Governmental Integrated Data Center-e-GIDC) တည်ဆောက်ခြင်းစီမံကိန်းအတွက် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံ ရေးဦးစီးဌာနအတွက် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက် ရေးရန်ပုံငွေ (EDCF) ထံမှ ချေးငွေအမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းရယူ နိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုချက်ရယူ ပေးနိုင် ပါရန် နာယကကြီးမှတဆင့် လေးစားစွာတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့သို့ ဝင်ရောက်ရန်နှင့် နှစ်စဉ် ကြေးထည့်ဝင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း ကဆွေး နွေးရာတွင် လက်ရှိမြန်မာရာဘာစိုက်ပျိုးရေးတွင် ဈေးနှုန်းမတည်ငြိမ်ခြင်းနှင့် အရည်အသွေး တိုးတက်အောင် လုပ်ဆောင်ရမည့် အခက်အခဲနှစ်ခု တွေ့ကြုံနေရပါကြောင်း၊ ကမ္ဘာတွင် ရာဘာထုတ်လုပ်သည့် နိုင်ငံပေါင်း ၉၅ ရာခိုင်နှုန်းသည် အသင်းဝင်နိုင်ငံများ ဖြစ်နေပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခုမှ အသင်းဝင်ခြင်းသည် နောက်ကျ နေသည်ဟု ထင်မိပါကြောင်း၊ မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် ရာဘာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရာဘာများ အရည်အသွေးကောင်းမွန်စေရေးတို့အတွက် အဓိကအသက်သွေး ကြောဖြစ်သည့် သုတေသနလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အသင်းဝင်ရန်နှင့် နှစ်စဉ်ကြေးပေးခြင်းတို့ကို ခွင့်ပြုသင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် မြန်မာ နိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategies) ၏ ဦးစားပေး ကဏ္ဍများအနက် ရော်ဘာလုပ်ငန်းသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံအနေဖြင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် စိုက် ဧကပေါင်း ၁၆ သိန်းကျော်ရှိသည့်အနက် ဧက ၇သိန်း ၇ သောင်းခန့်သည် အစေးလှီး ဧကများ ဖြစ်ပြီး တန်ချိန် ၂ သိန်း ၄ သောင်းခန့်သာ ထုတ်လုပ်နိုင်မှုရှိပါကြောင်း။
အထွက်နှုန်းအနေဖြင့် နိုင်ငံတကာနှင့် ယှဉ်ပါက နည်းပါးနေသေးပြီး တစ်ဧက ပျမ်းမျှ ပေါင် ၇၀ဝ ဝန်းကျင်သာ ရှိပါကြောင်း၊ ရော်ဘာပြည်ပတင်ပို့နိုင်မှု အနေဖြင့် လက်ရှိတွင် တန်ချိန် ၁ သိန်း ၃ သောင်း ဝန်းကျင်သာ ရှိပါကြောင်း၊ ထုတ်လုပ်သည့် ရော်ဘာအရည်အသွေးအပေါ်မူတည်ပြီး ဈေးကွက်ရရှိရေးနှင့် ထိုက်သင့်သည့် ဈေးနှုန်း ရရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရော်ဘာသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) သို့ဝင် ရောက်နိုင်မည်ဆိုပါက မျိုးပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သုတေသနရလဒ် များကို ပိုမိုသိရှိနိုင်မည့်အပြင် မြန်မာနိုင်ငံ၏ရော်ဘာအရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် လည်း အကျိုးရှိစွာ အသုံးချသွားနိုင်မည်ဖြစ်ပါကြောင်း၊။
နိုင်ငံအတွင်း ဖွဲ့စည်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းအတွက်လည်း နိုင်ငံတကာရော်ဘာ သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးလာနိုင်မည် ဖြစ်သည့်အတွက် မြန်မာ့ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခြေအနေများ ဖန်တီးလာနိုင်မည် ဖြစ်ပါကြောင်း၊ အသင်းဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စတို့နှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြသဘောတူ ခွင့်ပြုချက်များ ရရှိပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် အပြည်ပြည်ဆိုင်ရာ ရော်ဘာ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (International Ruber Research and Development Board-IRRDB) သို့ ဝင်ရောက်ခွင့်ပြုနိုင်ရေးနှင့် နှစ်စဉ်ကြေးထည့်ဝင် ခွင့်ပြုနိုင်ရေးကိစ္စရပ်အပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည် ပြု၊ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မီးရထားလူစီးတွဲဝယ်ယူရေးစီမံကိန်းအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံထံမှ အတိုးမဲ့ချေးငွေယွမ် သန်း ၈၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ယခုကဲ့သို့ အတိုးမဲ့ချေးငွေယွမ်သန်း ၈၀ ဖြင့် လူစီးတွဲ အထက်တန်း ၁၄တွဲနှင့် ရိုးရိုး တန်း၁၄ တွဲဝယ်ယူရာတွင် အထက်တန်းတွဲအစစ်၊ ရိုးရိုးတန်းတွဲအစစ် ပြုလုပ် လိုက်ပါက ယခု ၂၈ တွဲသည် ရိုးရိုးတန်း ၂၃ တွဲနှင့် အထက်တန်း ၅ တွဲ ဖြစ်သွားမည်ဖြစ် ပါကြောင်း၊ ထို့နောက် ရန်ကုန် - မန္တလေးအမြန်ရထား ၃အဆန်၊ ၄အစုန်ကိုလည်း ရိုးရိုးတန်း ကိုးတွဲ၊ အထက်တန်း နှစ်တွဲ၊ စားသောက်တွဲ တစ်တွဲ၊ ဘရိတ်တစ်တွဲဖြင့် ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက မီးရထားဝယ်ယူရေးစီမံကိန်း အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အတိုးမဲ့ချေးငွေယွမ်သန်း ၈၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ချေးငွေကို ခွင့်ပြုပေးပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပဲခူးတိုင်းဒေသကြီး၊ အမှတ် (၃) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေ ရွှေစိန်လတ်နှင့်မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက်တို့ ထောက်ပြဆွေးနွေးခဲ့သည့် “ချေးငွေတိုးတက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်မှုများကို အစီရင်ခံစာတင်ပြသည့်အခါ အသေးစိတ်အချက်အလက်များ ထည့်သွင်းတင်ပြရန်” ကိစ္စနှင့်စပ်လျဉ်းပြီး ပြန်လည်ဆွေးနွေးခွင့်ပြုပါရန် တင်ပြအပ် ပါကြောင်း၊ ပြည်ပချေးငွေစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာန များအလိုက် ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၈ ခုနှစ်၊ မေလတွင် ပထမအကြိမ်အဖြစ် တင်ပြခဲ့ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့်ချေးငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းများအတွက် အကောင်အထည်ဖော်မှုများကို ယင်းသို့နှစ်စဉ်ရှင်းလင်းတင်ပြသင့်ပါကြောင်း။
ပြည်ပကြွေးမြီနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွင်း ကြွေးမြီဆိုင်ရာ ဆောင်ရွက်ချက်များဖြစ်သည့် စာချုပ်အသစ်ချုပ်ဆိုမှု၊ ချေးငွေထုတ်ယူသုံးစွဲမှု၊ ပြန်လည် ပေးဆပ်မှုအခြေအနေများကို၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ထုတ်ပြန်ခဲ့သည့်အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာများတွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင်ကာလလတ်ကြွေးမြီ စီမံခန့်ခွဲ မှုမဟာဗျူဟာများတွင် ပြည်ပချေးငွေအပေါ်အရင်း၊ အတိုးပြန်လည် ပေးဆပ်ရမည့် အစီအစဉ်ကို ခန့်မှန်း ရေးဆွဲ ဖော်ပြထားပါကြောင်း။
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို ဆွေးနွေးခဲ့သည့် အတိုးမဲ့ချေးငွေဖြစ်သော်လည်း တရုတ်နိုင်ငံမှ ပစ္စည်းကို ပြန်လည်ဝယ် ယူရခြင်းဖြစ်သဖြင့် အရည်အသွေးကောင်းမွန်ရေးနှင့် ဈေးနှုန်းမှန်ကန်ရေးတို့သည် အရေးကြီးသည့်အချက်များဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ချေးငွေနှင့် ဆက်စပ်ဆောင်ရွက်သည့် Contract Agreement များ ချုပ်ဆိုရာတွင် အသေးစိတ် ဆွေးနွေး၍ မိမိနိုင်ငံအတွက် နစ်နာမှုမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်လည်း သင့်လျော်မည့် သဘောထားမှတ်ချက်များပေးခြင်းဖြင့် ကူညီဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲမည့် အထက်တန်းလူစီးရထားတွဲသစ် (၁၄)တွဲ၊ ရိုးရိုးတန်း လူစီးရထားတွဲသစ်(၁၄)တွဲ၊ စုစုပေါင်းလူစီးရထားတွဲ(၂၈) တွဲ ဝယ်ယူရေးစီမံကိန်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ရယူရေးကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် နာယကကြီးမှတဆင့်လေးစားစွာတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၆၅ မဲ၊ ကန့်ကွက်မဲ ၁၂မဲ၊ ကြားနေမဲ ၇မဲဖြင့် ထောက်ခံမဲများသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဒီဇင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)
