နေပြည်တော်   ၄   ဒီဇင်ဘာ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ ၁ ခု ဖတ်ကြားတင်ပြခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။

 

စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ စေတုတ္တရာမြို့နယ် မြောက်ပိုင်း မုန်းချောင်း အနောက်ဘက်ကမ်းရှိ သွားလာရေးခက်ခဲသော ကျေးရွာ ၁၉ ရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် မုန်းချောင်းအားဖြတ်၍ ကြိုးတံတား သို့မဟုတ် ဘေလီတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီးက အဆိုပါ တံတားတည်ဆောက်မည့် လမ်းပိုင်းများ၏ အခြေအနေသည် အလယ်ဟန်ဒေါက်-ဘူးလမ်းမှာ ကျောက်ချောလမ်း (၁၀/၁) မိုင် Class (A) ဦးစားပေး(၁)နှင့် မြေသားလမ်း ၆ မိုင် Class (A) ဦးစားပေး (၂) တို့ဖြစ်ပြီး မုန်းချောင်းကူးတံတားအား တည်ဆောက်ပြီးပါက ကျေးရွာ ၁၉ ရွာတွင် နေထိုင်ကြသည့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ အလယ်ဟန် ဒေါက်-ဘူး-တပွင့်လမ်းပေါ်ရှိ မုန်းချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘဏ္ဍာငွေ ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မိုင်းပန် မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင်  ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတား (တာဆန်း)သည် မူလကြိုး တံတားဖြစ်ခြင်း၊ ခံနိုင်ဝန် ကန့်သတ်ချက် ရှိခြင်းတို့ကြောင့် တန် (၇၀) ခံနိုင်ဝန်ရှိသည့် အဆင့်မြင့် သံကူကွန်ကရစ် တံတားတစ်စင်း ထပ်မံတည်ဆောက် ပေးနိုင်ခြင်းရှိ၊ မရှိ သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်သူများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရန်နှင့် လုံခြုံစိတ်ချစွာ သွားလာနိုင်ရန်အတွက် မိ်ုင်းတုံ- မိုင်းဆတ် လမ်းပေါ်ရှိ သံလွင်တံတား (တာဆန်း)ကို တန် ၆၀ ခံနိုင်ဝန်ရှိသော  Steel Truss သံဘောင် တံတားအမျိုးအစားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ လုံလောက်စွာ ရရှိပါက အပြီးတည်ဆောက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ လေရှီးမြို့နယ်၏ အဓိက ပင်မလမ်းကြောင်းဖြစ်သော ထမံသီ-လေရှီး-အိန္ဒိယ နယ်စပ်လမ်းကြောင်းပေါ်ရှိ ထမံသီ ချင်းတွင်းမြစ်ကူး တံတားအား မည်သည့်ခုနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ထမံသီ-လေရှီး-အိန္ဒိယ နယ်စပ်လမ်းနှင့် ပင်းမရွာသို့ ဆက်သွယ်ထားသော သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်းပေါ်တွင် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ရှိပါကြောင်း၊ အဆိုပါတံတားနှင့် အဓိက အသုံးပြုရမည့် ဆက်စပ်လမ်းသည် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်း ဖြစ်သည့်အတွက် တံတားတည်ဆောက်ရန် ရေရှည်စီမံချက် Master Plan တွင် ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါကြောင်း။

 

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ပေးမည်ဆိုပါက လေရှီးမြို့အတွက် အလွန်အရေးပါသော တံတား ၁ စင်းဖြစ်ပါကြောင်း၊  ယင်းတံတားတည် ဆောက်ပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ညှိနှိုင်းထားခြင်းများ ရှိပါကြောင်း၊ ချင်းတွင်းတံတား (ထမံသီ)၏ ခန့်မှန်းအရှည်မှာ  ချင်းတွင်းမြစ်၏ အကျယ်မိုင် မိုင်ဝက်ခန့်ပြီး မိုးရာသီကာလ၌ ချင်းတွင်းမြစ်ရေသည် ရေစီးအလွန်သန်သည့် အတွက်ကြောင့် တံတားတည်ဆောက်ချိန်တွင် အင်အားကောင်းသော စက်ယန္တရားများနှင့် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊  ချင်းတွင်းတံတား (ထမံသီ) အကောင်အထည်ဖော် တည်ဆောက်ရန် ရန်ပုံငွေ ကန့်သတ်ချက်များ ရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေခွဲဝေရရှိပါက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အင်အားအကောင်းဆုံး စက်ယန္တရားများဖြင့်  တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၏ ရခိုင်ပြည်နယ်(မင်းပြား-မြေပုံ) မြို့ရွာချင်းဆက်လမ်းအား ကြပ်စင်တံတား ဖွင့်လှစ်ပွဲအမီ ကတ္တရာလမ်းအပြီး ခင်းပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်း ဦးစီးဌာနအတွက် ပြည်နယ်အဆိုပြု လျာထားရန်ပုံငွေ နည်းပါးမှုကြောင့် မြေပုံ-မင်းပြား လမ်းပေါ်ရှိ ကြံ့ခိုင်မှုအားနည်းသော သစ်သားတံတားများကို သံကူကွန်ကရစ် တံတားအဖြစ် ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ပါ၍ ကျန်ရှိသည့် လမ်းပိုင်း (၁၅/၂)မိုင်အား ကြပ်စင်တံတား ဖွင့်ပွဲအမီ ကတ္တရာလမ်းအဖြစ် အပြီးဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေ တင်ပြတောင်းခံသွားမည် ဖြစ်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ရမ်းဗြဲ မဲဆန္ဒနယ်မှ ဦးကျော်ရွှေနှင့် တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဦးအေးမင်းအောင် (ခ) ဦးမင်းမင်းက ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက လွှတ်တော်သို့ တင်ပြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးဖြတ်ရယူ အတည်ပြုသည်။

 

အဆိုပါ မြန်မာ့သတ္တုတွင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍  လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုရှိသော အချက် ၂ ချက်ကို  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန် ကော်မတီဝင် ဒေါက်တာ ဝေဖြိုးအောင်က အဆိုတင်သွင်းပြီး လွှတ်တော်က သဘောတူ အတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ထိုနောက် မောက်မယ် မဲဆန္ဒနယ်မှ  ဦးစိုင်းငေါင်းဆိုင်ဟိန်း တင်သွင်းသည့်  အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်သေးမီ စပ်ကြားကာလတွင် နိုင်ငံတော် တစ်ဝန်းလုံးရှိ ရပ်ကွက်နှင့် ကျေးရွာများအားလုံး တစ်ပြေးညီ သန့်ရှင်းသပ်ရပ်လှပစေရန် စနစ်တကျအမှိုက် သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လုံလောက်မျှတစေမည့် အမှိုက်စုပုံကွင်းနှင့် အမှိုက်စွန့်ပစ်ကျင်းများ တိကျစွာ သတ်မှတ်ဖော်ဆောင် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ဦးစားပေးလုပ်ငန်း လမ်းညွှန်ချက်တစ်ရပ်အဖြစ် သတ်မှတ်ညွှန်ကြားပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးကြသည်။

 

သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က မိမိတို့လူသားများနှင့် လူ့သဘာဝပတ်ဝန်းကျင်၏ သာယာလှပမှု ကျန်းမာဖွံ့ဖြိုးတိုးတက်မှုများကို ပျက်စီးစေရန် ခြိမ်းခြောက်နေသည့် အကြောင်းအရာများထဲတွင် စွန့်ပစ်အမှိုက်ပြဿနာသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ စွန့်ပစ်အမှိုက် ပြဿနာကို စည်ပင်သာယာနှင့် အစိုးရတို့က ဖြေရှင်းခြင်း၊ မြေနေရာရှိခြင်းတို့ဖြင့်  မဖြေရှင်းနိုင်ပါကြောင်း၊ အဆိုရှင် တင်ပြသကဲ့သို့ လူတစ်ဦးချင်းစီက စွန့်ပစ်လိုက်သည့် အမှိုက်တစ်စ ပေါင်းလိုက်ပါက လူအဖွဲ့အစည်း တစ်ခုလုံးကို ခြိမ်းခြောက်လာနိုင်သောကြောင့် ပြည်သူအားလုံးက တာဝန်သိစွာနှင့် စွန့်ပစ်အမှိုက်များကို လျော့ချရန် မိမိတို့အမှိုက်များကို တစ်ပိုင်တနိုင်ဖြင့် ဖြေရှင်း၍ရသည့် နည်းလမ်းများဖြင့် ဖြေရှင်းရန် လိုအပ်ပါကြောင်း၊  မလိုလားအပ်သည့် ထုပ်ပိုးမှုများကို ငြင်းပယ်ခြင်း၊ ဖျက်ဆီးရ ခက်ခဲသည့် ပလတ်စတစ်စသည့် အသုံးအဆောင်များကို လျော့ချခြင်းဖြင့်လည်း ဖြေရှင်းနိုင်ပါကြောင်း၊  အစိုးရနှင့် ပြည်သူလက်တွဲကူညီ ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံတော်ကြီးကို သန့်ရှင်းလှပမှုများ ဆောင်ကျဉ်းပေးကြရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးသည်။

 

လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက နိုင်ငံတစ်ဝန်းလုံးအတွက် စွန့်ပစ်အမှိုက် စီမံမှုသည် အလွန်အရေးကြီးသည့်အတွက်   အမျိုးသား စီမံကိန်းတစ်ရပ် မအောင်မြင်မီ ကြားကာလကိုလည်း မဖြစ်မနေ အာရုံစိုက်ရန် လိုအပ်လာပါကြောင်း၊  စွန့်ပစ်အမှိုက်များအတွက် အစိုးရက ဒေသဆိုင်ရာနှင့် အံဝင်ခွင်ကျဖြစ်မည့် စီမံမှု အစီအစဉ်များကို စည်ပင်သာယာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရေးဆွဲရာတွင် မဖြစ်မနေထည့်သွင်း စေလိုပါကြောင်း၊  ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များကို ဆီလျော်စွာ ပြဋ္ဌာန်းသတ်မှတ်ပြီး ခိုင်လုံသည့် မူဝါဒ၊ ကတိကဝတ် ပြုမှုများ၊ ပြည်သူလူထု၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ စီးပွားရေးလုပ် ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ ပူးပေါင်းဆောင်ရွက်ရန် မျှော်မှန်းပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက စွန့်ပစ်ပစ္စည်း စွန့်ပစ်မှုသည် ကမ္ဘာကြီးကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံး အရာတစ်ခုဖြစ်ပါကြောင်း၊ ယခုနှုန်းအတိုင်း သွားမည်ဆိုပါက ကမ္ဘာပေါ်တွင် မြို့များ၏ စွန့်ပစ်ပစ္စည်း တိုးလာနှုန်းသည် ၂၀၂၅ တွင် တစ်နှစ်လျှင် ၂ ဒသမ ၂ ဘီလီယံတန်နှုန်း ဖြစ်လာနိုင်ပါကြောင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်းများ ပိတ်ဆို့ခြင်း၊ မြစ်ချောင်း အင်းအိုင်များတွင် အမှိုက်များ ပိတ်ဆို့နေမှုကြောင့် ရေကြီးရေလျှံမှုများကိုလည်း ဖြစ်ပေါ်စေပါကြောင်း၊  မြို့ကြီးများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ ပိုမိုများပြားလာပါကြောင်း၊ လူနေအသုံးအဆောင်များလည်း ပိုမိုသုံးစွဲလာသည်နှင့်အတူ အမှိုက်စွန့်ပစ်မှုများသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါကြောင်း၊ ပလတ်စတစ် မျိုးစုံပမာဏသည် အတိုင်းအတာ တစ်ခုအထိ ပါဝင်နေပါကြောင်း၊ အမှိုက်ခွဲခြားပစ်ရန် ဆောင်ရွက်နိုင်မှု မရှိခြင်း၊ အမှိုက်စနစ်တကျ မစွန့်ပစ်တတ်ခြင်းတို့သည်လည်း သဘာဝအလှတရားကို  ထိခိုက်စေသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေပါကြောင်း။

 

ကျေးလက်ဒေသများတွင် အမှိုက်ကင်းစင်သောရွာ၊ စံပြရွာဟု ဆိုင်းဘုတ် တပ်ထားသော်လည်း အမှန်တကယ် သန့်ရှင်းသောရွာ ဖြစ်စေရန်အတွက်  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကျေးရွာအုပ်စု တစ်စုလျှင်တစ်ရွာကို စံပြရွာသတ်မှတ်၍ အမှိုက်ခြင်းတောင်း၊ အမှိုက်စွန့်ပစ်ကျင်းများကို စနစ်တကျ နမူနာပြ ပညာပေး ဆောင်ရွက်ပေးသင့်ပါကြောင်း၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ရန်နှင့် အမှိုက်စွန့်ပစ်မည့် အမှိုက် စုပုံကွင်းများ၊ အမှိုက်စွန့်ပစ်ကျင်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တိကျစွာ သတ်မှတ်ပေးရန်တို့ကို အကြံပြုဆွေးနွေးသည်။

 

ထို့နောက် ညောင်ရွှေ မဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုး၊ ဓနုဖြူ မဲဆန္ဒနယ်မှ ဦးတင်လှ၊ စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊ ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးမြင့်သိန်း၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်ညို၊ မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့်အောင်နှင့် မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်တို့က ဆက်လက် ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက စွန့်ပစ်အမှိုက်များ စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB ချေးငွေဖြင့် မော်လမြိုင်မြို့တွင် ခေတ်မီအမှိုက်သိမ်းဆည်းခြင်းစနစ်နှင့် အမှိုက်ကျင်းတွင် အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအဆိုသည် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ပြဋ္ဌာန်းအကောင်အထည် မဖော်နိုင်သေးသည့် ကြားကာလအတွက် အရေးကြီးသည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သည့် ၆ ကြိမ်မြောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးတွင် ယခုအဆိုနှင့် စပ်လျဉ်း၍ တင်ပြခဲ့ပါကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ပလတ်စတစ် အပါအဝင်အမှိုက်များ စနစ်တကျ သိမ်းဆည်းစုစည်း စွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်တစ်ရပ် ချမှတ်ဆောင်ရွက်ရန်ဟူ၍ ဗဟိုကော်မတီ၏ ရှေ့လုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်နှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အဆိုအား မှတ်တမ်းတင်ထားရှိပြီး စောင့်ကြည့်ပေးပါရန် ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ စက်ခလုတ်အသုံးပြုပြီး လွှတ်တော်၏ ဆန္ဒမဲရယူရာ ထောက်ခံမဲ ၁၇၂ မဲ၊ ကန့်ကွက်မဲ ၁၇၉ မဲနှင့် ကြားနေမဲ ၂ မဲဖြင့် ကန့်ကွက်မဲများ သည့်အတွက် အဆိုအား မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ဒီဇင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)