နေပြည်တော် ၄ ဒီဇင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ခရီးသည် ၁၀ ဦးနှင့်အထက် စီးနင်းလိုက်ပါနိုင်မည့် အသေးစား လေယာဉ်ကွင်းငယ် ဖြစ်မြောက်ရေး၊ လေယာဉ်ခရီးစဉ် ပုံမှန်ပျံသန်းခွင့် ရရှိရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို နိုင်ငံတော်အစိုးရမှ ကြီးကြပ်လမ်းညွှန်ပေးပြီး အောင်မြင်စွာ အကောင်အထည်ဖော် ပေးနိုင်မည့် အစီအစဉ်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လေယာဉ်ကွင်းငယ် တည်ဆောက်ရေးမှာ မြန်မာနိုင်ငံ၏ Transport Master Plan နှင့် လေကြောင်းဦးစီးဌာန၏ လျာထားစီမံချက်များတွင် မပါဝင်သော်လည်း လွှတ်တော်ကိုယ်စားလှယ် တင်ပြသွားသည့် မြေနေရာ အဆင်သင့်ဖြစ်ခြင်း၊ ကုန်ကျစရိတ်အတွက် အလှူရှင်နှင့် အဖွဲ့အစည်းများ ရှိခြင်းတို့အပေါ် အခြေခံ၍ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အစီအစဉ်ဖြင့် ခရီးသည် ၁၀ ဦးနှင့်အထက် စီးနင်းလိုက်ပါနိုင်မည့် လေယာဉ်ငယ်များ ဆင်းသက် အသုံးပြုနိုင်ရန် လေယာဉ်ကွင်းငယ်တစ်ခု တည်ဆောက်မည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်း အနေဖြင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ဦးစွာညှိနှိုင်းဆွေးနွေးပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အာဏာပိုင်အဆင့်ဆင့်သို့ တင်ပြ၍ လမ်းညွှန်မှုနှင့် သဘောတူ ခွင့်ပြုချက်များ ရယူရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ခွင့်ပြုချက်များ ရရှိပါက လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နည်းပညာနှင့် လေကြောင်းဆိုင်ရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် အချက်အလက်များ ပြီးပြည့်စုံသည့်အခါတွင် ဆောင်ရွက်မည့် အစီအမံများနှင့်အတူ ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းပန်ဖ၏ ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ နန်းမန်း ကျေးရွာအုပ်စု၊ မယ်ဆည်နမ် ကျေးရွာအုပ်စုနှင့် ဟိုဂျစ်ကျေးရွာ အုပ်စု ၃ စုတွင် MPT ဆက်သွယ်ရေး တာဝါတိုင်များ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ မြို့ပြနှင့် ကျေးလက်ဒေသများပါမကျန် ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန်အတွက် မိုဘိုင်းဆက်သွယ်ရေး စခန်းများနှင့် တာဝါတိုင်များကို တည်ဆောက်ပေးလျက်ရှိသော်လည်း မိုဘိုင်းစခန်းများ တည်ဆောက်ရာတွင် မြေနေရာရရှိနိုင်မှုအခြေအနေ၊ မိုက္ကရိုဝေ့ဗ်/ ဖိုင်ဘာ/ ဂြိုဟ်တု စသည့် အဝေးဆက်သွယ်ရေး ဆက်ကြောင်းများ ချိတ်ဆက်နိုင်မှု အခြေအနေ၊ လျှပ်စစ်မီး ရရှိနိုင်မှုအခြေအနေ၊ မြေပြင်အနေအထား၊ ဒေသရာသီဥတု အခြေအနေ၊ လွှမ်းခြုံနိုင်မည့် လူဦးရေ၊ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မည့် ဝင်ငွေတို့ကို ထည့်သွင်း တွက်ချက်ရခြင်း စသည်တို့ အပေါ်မူတည်၍ တည်ဆောက်ရခြင်းတို့ကြောင့် ကယားပြည်နယ်၊ မယ်စဲ့ မြို့နယ်အတွင်းရှိ နန့်မန်းကျေးရွာအုပ်စု၊ မယ်ဆည်နမ် ကျေးရွာအုပ်စုနှင့် ဟိုကျစ် ကျေးရွာအုပ်စုတို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ တည်ဆောက်ပေးရန် လတ်တလောတွင် အစီအစဉ် မရှိသေးပါကြောင်း။
Telenor ၊ Ooredoo နှင့် Mytel တို့အနေဖြင့်လည်း အဆိုပါ ကျေးရွာအုပ်စုတို့တွင် ဆက်သွယ်ရေး တာဝါတိုင်များ လတ်တလောတွင် တည်ဆောက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့ရာတွင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများမှ အချိုးကျ ထည့်ဝင်၍ တည်ထောင်မည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ Universal Service Fund (USF) ၏ သတ်မှတ်စည်းမျဉ်းများအရ ဆက်သွယ်မှုကွန်ရက် လွှမ်းခြုံနိုင်မှု မရှိသေးသည့် နေရာဒေသများသို့ အဆင့်အလိုက် ဦးစားပေး အစီအစဉ်ဖြင့် ဆက်သွယ်မှု ရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ရေဘေးကြုံတွေ့ခဲ့ရမှုအပေါ် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းဆုံးရှုံးမှုများအား အနာဂတ်တွင် ဖြစ်ပေါ်မှု လျော့နည်းစေရေး၊ ထိခိုက်မှု အနည်းဆုံး လျှော့ချနိုင်ရေး၊ ရေရှည်စီမံကိန်းများ ရေးဆွဲနိုင်ရန်အတွက် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့အား ပူးတွဲ၍ အသေးစိတ် ကွင်းဆင်းလေ့လာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဘီးလင်းမြစ် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြန်မာ့မီးရထား၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ လာမည့် သုံးနှစ်အတွင်း ဆောင်ရွက်မည့် ရေတိုအစီအမံများ၏ ခန့်မှန်းကုန်ကျ စရိတ်များကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေသို့ တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ရေရှည်အစီအမံဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဖြစ်သည့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်မည့် ရေလှောင်တမံ သုံးခုနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်မည့် မြစ်ကြောင်းဖြောင့်ခြင်း လုပ်ငန်းများ၏ ကုန်ကျစရိတ်များကို ပြည်ထောင်စုရန်ပုံငွေသို့ တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ရေရှည်တွင် ဘီးလင်းမြို့နယ်အတွင်း ရေဘေးကြုံတွေ့မှု မရှိစေရေး၊ အနာဂတ်တွင် ဖြစ်ပေါ်မှု လျော့နည်းစေရေး၊ ထိခိုက်မှုအနည်းဆုံး လျှော့ချနိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့အပြင် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဘီးလင်းမြစ် ရေကြီးရေလျှံမှု လျော့ပါးစေရေး ကော်မတီ၏ ဆက်စပ်ဌာနများမှ ရေတိုရေရှည် အစီအမံများ ရေးဆွဲဆောင်ရွက်ထားပြီး ဖြစ်ပါ၍ မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်နော်ဆာမူထူး၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ၂၀၁၇ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်သီဟက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့် အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် အဆိုတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက် ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက တရားလွှတ်တော် ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုးက အဆိုပါ ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် ကထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အနေဖြင့် နိုင်ငံတော်၏ သက်ရှိ သဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ရှားပါးပြီး မျိုးတုန်းလုနီးဖြစ်သည့် တောဆင်ရိုင်းများ ထိရောက်စွာ ကာကွယ်ရာတွင် အထောက်အကူပြုရန်အတွက် မြန်မာ့ဆင်ပြတိုက်အား တိရိစ္ဆာန်ဥယျာဉ်တွင် အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ သတ်ဖြတ်ခံ ဆင်စွယ်၊ ဆင်ရိုး၊ အရေခွံ စသည်များကို ဖျက်ဆီးပစ်ခြင်းထက် လူအများ သနားဂရုဏာပွား၍ စာနာစိတ်ထားနိုင်ရန် အဆိုပါ ပြတိုက်တွင် ပြသထားရန် လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍ သင်ရိုးများတွင် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်၊ သယံဇာတ တန်ဖိုးထားသည့် စာပေများကို မူလတန်းမှစ၍ ဘာသာရပ် တစ်ခုအနေဖြင့် သင်ကြားစေလိုပါကြောင်း၊ တောဆင်ရိုင်း သတ်ဖြတ်မှုများသည် ဧရာဝတီတိုင်းတွင် အများဆုံးဖြစ်သည့်အတွက် ဧရာဝတီတိုင်းတွင် ဘေးမဲ့တောတစ်ခုသတ်မှတ်၍ အမြန်ဆုံး အကောင်အထည် ဖော်ရန်လိုအပ်ပါကြောင်း၊ အစိုးရ၏ နိုင်ငံတော်စီးပွားရေးမူဝါဒတွင် သဘာဝသယံဇာတများကို စနစ်တကျ ရေရှည်ထိန်းသိမ်းကာ ဂေဟစနစ်များကို မပျက်စီးစေသည့် စီးပွားရေးလုပ်ငန်းများ ချမှတ်ဆောင်ရွက်ခြင်းကို ထိရောက်စွာ လုပ်ကိုင်သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေးက ဆင်စွယ်များ သိမ်းဆည်းမှု များပြားပြီး တရားခံ မပေါ်ခြင်းများ၊ ထိရောက်စွာ အရေးယူဆောင်ရွက်မှု အားနည်းခြင်းများသည်လည်း ပြစ်မှုဆိုင်ရာ ရာဇဝတ်မှုများကို ထပ်မံပေါ်ပေါက် လာစေပါကြောင်း၊ သုံးစွဲမှုများ ရှိနေသရွေ့ သတ်ဖြတ်မှုများ ရှိနေမည်ဖြစ်ပါကြောင်း၊ ထိရောက်သည့် အရေးယူမှု၊ အပြစ်ပေးမှုများ နိုင်နိုင်နင်းနင်းဖြစ်အောင် မလုပ်နိုင်သရွေ့ သတ်ဖြတ်မှုများ ယခုထက် ပိုမိုရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖမ်းဆီးအရေးယူ အပြစ်ပေးမှုကို အရှိန်မြှင့်လုပ်ဆောင်ရမည် ဖြစ်သကဲ့သို့ သစ်တောဝန်ထမ်းများကို လည်းကောင်းမွန်သည့် လက်နက်များ တပ်ဆင်ပေးသင့်ပါကြောင်း၊ ရေရှည်ထိန်းသိမ်းရန်လိုအပ်သည့် ဆင်အပါအဝင် တောဆင်ရိုင်းများကို တရားမဝင်သတ်ဖြတ် ရောင်းဝယ်နေမှုအား ထိရောက်သော အရေးယူဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေ စိန်လတ်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒသမနေ့ကို ဒီဇင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(အောင်ရဲသွင်)