နေပြည်တော် ၅ ဒီဇင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခုနှင့် အဆို ၁ ခုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းစီးကျေးရွာအုပ်စု၊ မိုင်းဟွမ်ကျေးရွာအုပ်စု၊ မိုင်းယကျေးရွာအုပ်စုနှင့် မူဆယ်မြို့နယ်၊ မုံးကိုးကျေးရွာအုပ်စုအထိ ဆက်သွယ်ထားသော ကားလမ်းအား ကတ္တရာလမ်းအဖြစ် ပြုပြင်မွမ်းမံပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် လမ်းပိုင်းသည် လက်ရှိအခြေအနေတွင် လုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေသေးပါကြောင်း၊ နယ်မြေအေးချမ်းသွားပါက လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၏ နိုင်ငံရေးအရ သော်လည်းကောင်း၊ လုံခြုံရေးအရ သော်လည်းကောင်း၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအရ သော်လည်းကောင်း ယနေ့ခေတ်ကာလတွင် မရှိသင့်တော့သော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး နယ်အစပ် ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင် ဝါးတားဂိတ်အား ဖြုတ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်သည် မူးယစ်ဆေးဝါးများ၊ တရားမဝင်လက်နက်/ခဲယမ်းများ၊ တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ အကောက်ခွန်မဲ့ကုန်ပစ္စည်း ဝင်/ထွက်မှုများ၊ ခိုးဝင်မှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတစ်ရပ်လုံး၏ ဘေးကင်းလုံခြုံမှုကို များစွာအထောက်အကူပြုရာ ရောက်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မလွှဲတောင်စစ်ဆေးရေးဂိတ်အား ဖြုတ်သိမ်းပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီမြစ် အရှေ့ဘက်ခြမ်းဖြစ်သည့် သာဒါဆိပ်ကျေးရွာနှင့် ရွှေလှိုင်ကျေးရွာအကြားတွင်လည်းကောင်း၊ ဗျှာလာကျေးရွာနှင့် ဆင်အိုးချိုင်ကျေးရွာ အကြားတွင်လည်းကောင်း ရွာအနောက်ဘက်မှ လယ်ကွင်းများကိုဖြတ်၍ ကျေးရွာ ကုန်ထုတ်လမ်းတစ်လမ်းစီ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီမြစ် အရှေ့ဘက်ခြမ်းဖြစ်သည့် သာဒါဆိပ်ကျေးရွာနှင့် ရွှေလှိုင်ကျေးရွာတို့အကြား ကုန်ထုတ်မြေသားလမ်း ဖောက်လုပ်ပေးခြင်းနှင့် ဗြုန်းကျောက်စရစ်ခင်းကြိတ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ၁ မိုင်အား ခန့်မှန်းကုန်ကျငွေကျပ် ၄၅ သန်း၊ ဗျာလာကျေးရွာနှင့် ဆင်အိုးချိုင်ကျေးရွာအကြား ကုန်ထုတ်မြေသားလမ်း ဖောက်လုပ်ခြင်းနှင့် ဗြုန်းကျောက်စရစ် ခင်းကြိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ၂ မိုင်အား ခန့်မှန်းကုန်ကျငွေကျပ်သန်း ၉၀ စုစုပေါင်း ငွေကျပ် ၁၃၅ သန်း ကုန်ကျမည် ဖြစ်ပါကြောင်း။
အဆိုပါ ကုန်ထုတ်လမ်းနှစ်လမ်းအား မြေသားလမ်းဖောက်လုပ်ပေးမည်ဆိုပါက လယ်ဧက ၁၇၅၆ ဧကနှင့် လယ်သမား ၁၅၀ ကျော်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အကျိုးပြုမည်ဖြစ်သော်လည်း ယခုနှစ်တွင် ရန်ပုံငွေအခြေအနေအရ လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် အဆိုပါလုပ်ငန်းများ ကိုဆောင်ရွက်ပေးရန်အတွက် ဘဏ္ဍာနှစ်အလိုက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းတို့က ဆွေးနွေးကြသည်။
ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းက ဆင်များ သတ်ဖြတ်ခြင်းမှ ကာကွယ်ရန်အတွက် ဆင်စွယ်ဖြင့် ပြုလုပ်သောပစ္စည်း၊ ဆင်သားရေဖြင့် ပြုလုပ်သော အသုံးအဆောင် အဆင်တန်ဆာများကို ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန် ပညာပေးသင့်ပါကြောင်း၊ ဆင်များကို ကာကွယ်ထိန်းသိမ်းနေသူများအား ကူညီထောက်ပံ့ပေးရန်လည်း လိုအပ်ပါကြောင်း၊ ဆင်နှင့်ပတ်သက်၍ အသိပညာပေးမှု မြှင့်တင်ရန်အတွက် မီဒီယာ၊ စာစောင်၊ ဖေ့ဘွတ်ခ် စသည်တို့တွင် ကွန်ရက်ပြုလုပ်၍ အသိပေးခြင်း၊ ကျူးလွန်သူများကို နေရာဒေသအလိုက် သတင်းပေးခြင်း၊ အလွတ်သဘောစုံစမ်း စစ်ဆေးခွင့်ရှိရန်နှင့် ဆက်သွယ်တိုင်ကြားရမည့်နေရာကို လူအများသိရန် အသိပေးခြင်းတို့ဖြင့် ဆင်များကို အကူအညီပေးရမည် ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းက အိမ်မွေးဆင်များကို တောထဲသို့ ပြန်လွှတ်ခြင်းများကိုလည်း စနစ်တကျ ပြန်လုပ်ရန် လိုအပ်ပါကြောင်း၊ ဆင်နှင့် တောရိုင်းတိရစ္ဆာန်များသာမက သစ်တောနှင့် သစ်တောထွက်ပစ္စည်းများကို တရားမဝင်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းများကိုလည်း ကြပ်ကြပ်မတ်မတ် တားဆီးအရေးယူရန် လိုအပ်ပါကြောင်း၊ သစ်တောဝန်ထမ်းများ၏ အရေအတွက်နှင့် အရည်အသွေးများကို မြှင့်တင်ပေးရန် လိုအပ်သကဲ့သို့ သစ်တောဝန်ထမ်းများ၏ လိုအပ်သည့် သင်တန်း၊ နည်းပညာဗဟုသုတ၊ ခေတ်မီလက်နက် ကိရိယာများကို တပ်ဆင်ပေးရန် လိုအပ်ပါကြောင်း။
ထို့ပြင် ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်များအတွက် သဘာဝဘေးမဲ့တောများ၊ အမျိုးသားဥယျာဉ်များ လုံလုံလောက်လောက် ကျယ်ကျယ်ဝန်းဝန်းစနစ်တကျ လုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ သစ်တောနှင့် ဆက်စပ်ဌာနများဖြစ်သည့် ပြည်ထဲရေးနှင့် တရားရေးအပိုင်းကလည်း ဖမ်းဆီးခြင်း အရေးယူအပြစ်ပေးခြင်းများကို ဥပဒေအတိုင်း ထိထိရောက်ရောက် ဆောင်ရွက်သင့်ပါကြောင်း၊ ဆင်နှင့် တောရိုင်းတိရစ္ဆာန်များ၏ အရေးကြီးမှုကို ပြည်သူများ သိရှိနိုင်ရန် ရေဒီယို၊ ရုပ်သံ သတင်းမီဒီယာများမှ ထုတ်ပြန်ပေးပြီး လူအများအာရုံစိုက်မှု တိုးမြှင့်စေရန်အတွက် မြန်မာ့ဆင်နှင တောရိုင်းတိရစ္ဆာန်များနှစ်အဖြစ် နှစ်တစ်နှစ်ကို သတ်မှတ်ပြီး ပြည်သူနှင့် ကမ္ဘာသိအောင် လုပ်ဆောင်သင့်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးခင်မျိုးဝင်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ဒီဇင်ဘာ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်