နေပြည်တော် ၆ ဒီဇင်ဘာ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်အစား ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးအား ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူပြီး လွှတ်တော်ကသဘောတူအတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ ဥပဒေကြမ်း၏ အပိုဒ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွဲဖက် အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက အဆိုပြု တင်သွင်းပြီး မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ မြင်းမူ မဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာဝင်းမြင့်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ စိန်မြအေး နှင့် နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင် တို့က ဆွေးနွေးကြကာ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၇ - ၂၀၁၈၊ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အခွန်ကောက် ခံရရှိမှု အခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၈) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးကြသည်။
ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ အခွန်ထမ်းပြည်သူများအပေါ်တွင် များစွာ မူတည်နေပါကြောင်း၊ ၂၀၁၇ - ၂၀၁၈ဘဏ္ဍာ ရေးနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရငွေသည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ် အခွန်ရငွေထက် လျော့နည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ လျော့နည်းရခြင်း အကြောင်းရင်းမှာ တစ်နိုင်ငံလုံးတွင်ရှိသည့် စီမံကိန်း လုပ်ငန်းများကို သေချာစွာ အခွန်စီးကြပ်၍ ကောက်ခံမှုအားနည်းခြင်းကြောင့်ဟု သုံးသပ်လိုပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ရေရှည်တွင် နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များကို အခွန်အရပ်ရပ်ကောက်ခံရရှိမှု ရငွေများဖြင့် အဓိကသုံးစွဲရမည် ဖြစ်သည့်အတွက် အခွန်တိမ်းရှောင်နေသူများနှင့် အခွန်လျော့ပေါ့ပေးဆောင်နေသူများကို စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ ကောက်ခံနိုင်မှသာ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက အောင်ဘာလေထီနှင့် ပတ်သက်၍ တင်ပြလိုပါကြောင်း၊ အောင်ဘာလေထီ၏ မူလရည်ရွယ်ချက်သည် မပြည့်စုံသည့် ပြည်သူများ ဘဝကံ အခြေအနေမြင့်မားလာစေရန်၊ ပြည်သူများဝယ်ယူသည့် ထီတန်ဖိုးငွေမှ ပြည်သူများအကျိုးကို ပြန်လည်ဖြည့်ဆည်းရန် ဖြစ်သည့်အတွက် ဆုငွေပမာဏများစွာကို စုပုံချီးမြင့်ခြင်းထက် သာမန်လူတန်းစားဘဝပြောင်းလဲ သွားနိုင်သည့် သိန်း ၂၀ဝ၊ ၃၀ဝ ဆုများကို ထားပေးနိုင်မည်ဆိုပါက ထီဆုရသူအရေအတွက် ပိုမိုများလာပြီး သာမန်ပြည်သူများ၏ ဘဝပြောင်းလဲလာနိုင်မည်ကို အကြံပြုလိုပါကြောင်း။
လက်ရှိ ထီ ၁ စောင်လျှင် ငွေကျပ် ၅၀ဝ သည် လက်လုပ်လက်စား ဆင်းရဲသား မိသားစုများ၏ တနေ့တာ စရိတ်နှင့် ထီ ၂ စောင်၊ ၃ စောင်တန်ဖိုးသည် ညီမျှနေသောကြောင့် ဘဝတိုးတက်ရန် လမ်းစအတွက် ထီကို စွန့်စား၍ ထိုးရန် မလွယ်သည့် အနေအထား ရှိနေသည့်အတွက် ယခင်ကကဲ့သို့ ငွေကျပ် ၂၀ဝ တန် ထီလက်မှတ်ကိုလည်း ပြန်လည်ဆောင်ရွက်ပေးသင့်သည်ဟု ယူဆပါကြောင်း၊ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများကိုလည်း အခွန်ကောက်ခံသူ အစိုးရတစ်ဘက်တည်း၏ အမြင်ကိုသာ မကြည့်ဘဲ အခွန်ထမ်းဆောင်ကြမည့် ပြည်သူများ၏ အမြင်ကိုလည်း ထည့်သွင်းစဉ်းစား ရေးဆွဲပြီးနိုင်ငံနှင့် ပြည်သူ နှစ်ဦး နှစ်ဘက် အကျိုးရှိရှိဖြင့် ကောင်းမွန်သည့် အခွန်စနစ် အောင်မြင်အောင်ဆောင်ရွက်သင့်ပါကြောင်း အကြုံပြု ဆွေးနွေးသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာ အားကာမိုးက အခွန်ဆိုင်ရာ ပညာပေးခြင်း၊ အခွန်တာဝန်ကျေပွန်သည့် အခွန်ထမ်းပြည်သူများနှင့် အခွန်ဝန်ထမ်းများကို အသိအမှတ်ပြုခြင်း၊ ထိုက်သင့်သည့် ချီးမြှောက်မှုများ စီမံဆောင်ရွက်ခြင်းအပြင် တာဝန်ယူမှုရှိသော နိုင်ငံသားများ၊ သိက္ခာရှိသော အခွန်ဝန်ထမ်းများဖြစ်ရန်နှင့် အခွန်ယဉ်ကျေးမှု အားကောင်းလာရန် တိုးချဲ့ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များကို ခေတ်မီ နည်းစနစ်ဖြင့် လိုက်နာနိုင်ရန်၊ ယိုဖိတ်မှုနှင့် အလွဲသုံးစားမှုကင်းရှင်းရန်အတွက် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းကိုလည်း လွှတ်တော်တွင် တင်ပြဆွေးနွေးထား ပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ မိုးညိုမဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်း၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တပ်ကုန်းမဲဆန္ဒနယ်မှ ဦးကျော်တင့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်ဆွေ၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၊ မိုးကောင်းမဲ ဆန္ဒနယ်မှ ဦးဝင်းနိုင်၊ ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမျိုးဝင်း၊ ဆိပ်ကြီး/ ခနောင်တိုမဲ ဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ နှင့် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း တို့က ဆက်လက် ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဒီဇင်ဘာ ၁၀ရက် တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ရဲသွင်
