နေပြည်တော် ၇ ဒီဇင်ဘာ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၁ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ ဥပဒေကြမ်း ၁ ခု ဆွေးနွေးခြင်းနှင့် အဆို ၁ ခုဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လယ်၊ စည်ပင်သာယာဈေးကြီး မြောက်ဘက်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် အန္တရာယ်ရှိ အဆောက်အအုံများကို အမြန်ဆုံး ဖျက်သိမ်းပြီး သက်ဆိုင်ရာဌာနအတွက်လည်းကောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး လွှဲပြောင်း အသုံးချရန်အတွက် လည်းကောင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အဆိုပါ မြေနှင့် အဆောက်အဦအား ဒေသခံမြို့လူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ရှောပင်းစင်တာတစ်ခု အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် စွန့်လွှတ်ပေးပါရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ညှိနှိုင်းလာခဲ့ပါကြောင်း။
တစ်ဖက်တွင်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါမြေပေါ်တွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC) ရုံး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးနှင့် ကုန်သွယ်မှု ဗဟိုဌာနတို့အတွက် အဆောက်အဦများလိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ မြေကွက်ကို မြို့၊ရွာဖွံ့ဖြိုးတိုး တက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့လွှဲပြောင်းပေးအပ်ရန်ဆန္ဒရှိပါကြောင်း၊ ထိုသို့ ဆန္ဒရှိသည့်အတွက် ဝန်ကြီးဌာန၏ မြို့နယ်ရုံးများ အစားထိုးရရှိနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ် ၏ အစိုးရရာထူး အဆင့်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မည်သည့်အချိန်တွင် အငြိမ်းစားယူခဲ့သည်ဖြစ်စေ၊ ရာထူးအဆင့်နှင့်လုပ်သက် တူညီပါက တစ်ပြေးညီ တူညီစွာ ခံစားခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပင်စင်အသုံးစရိတ်များနှင့် ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ၊ အငြိမ်းစားဝန်ထမ်းအင်အားအရေအတွက်၊ လစဉ်ကျခံသုံးစွဲလျက်ရှိသည့် လစာစရိတ်၊ ပင်စင်လစာနှင့် ဆုကြေးစရိတ်၊ ငွေကြေးဖောင်းပွမှုနှုန်း စသည့်အချက်များအား သုံးသပ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၅၂ (ဇ)နှင့်အညီ နိုင်ငံ့ဝန် ထမ်းများ၏ ပင်စင်အကျိုးခံစားခွင့်အတွက် ယင်းတို့ပင်စင်ယူသည့်အချိန်ရှိ တည်ဆဲ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ နောက်ဆုံးထုတ်လစာကို အခြေခံ တွက်ချက်၍ ခံစားခွင့်ပြုခဲ့ခြင်း ဖြစ်သည့်အတွက် အငြိမ်းစားလစာယူသည့်အချိန်ကာလ ကွာခြားမှုအရ လစာနှုန်းသစ်ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာနှင့် လစာနှုန်း ဟောင်းခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာမှာ ကွာခြားမှု ရှိမည်ဖြစ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းလစာနှုန်းတိုးမြှင့်သည့်အချိန်တိုင်းတွင် ၎င်းအချိန်မတိုင်မီက အငြိမ်းစားယူခဲ့သူများ၏ ပင်စင်လစာ တိုးမြှင့်သတ်မှတ်ပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ အထက် တင်ပြပါ အခြေအနေများအရ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေအပေါ်တွင် ချင့်ချိန်သုံးသပ်ဆုံးဖြတ်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလ လစာနှုန်းများ တိုးမြှင့်ပေးပြီးသည့်နောက်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာတိုးမြှင့်ပေးနိုင်ရေး ကိစ္စအား နိုင်ငံတော်အစိုးရမှ သုံးသပ်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ အောင်ဘာလေ ထီလက်မှတ်များကို အက္ခရာတိုးမြှင့် ထုတ်ဝေရန် ပျက်ကွက်နေသောကြောင့် နိုင်ငံတော်မှ လစဉ်အခွန်ဝင်ငွေများ နစ်နာနေခြင်း၊ ထီလက်မှတ်တစ်စောင်လျှင် ၆၅၀ ကျပ် / ၇၀ဝ ကျပ် ဖြစ်နေ၍ ပြည်သူများ နစ်နာဆုံးရှုံးနေခြင်း၊ တစ်နိုင်တစ်ပိုင် ထီရောင်းသူများ ဝင်ငွေကျဆင်းနေခြင်းတို့ ဖြစ်ပေါ်နေသော်လည်း ထီလုပ်ငန်းရှင်ကြီးများမှာ အကျိုးအမြတ်များစွာ ရရှိနေကြပါသဖြင့် လိုအပ်သလို ပြုပြင်တည့်မတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လက်ရှိအောင်ဘာလေထီဖြန့်ဖြူးမှု စနစ်အား ပြန်လည်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ အသစ်ထပ်မံထုတ်ဝေရောင်းချမည့် ငွေကျပ် ၁၀ဝ၀ တန်အောင်ဘာလေ ထီလက်မှတ်များ ဖြန့်ဖြူးရောင်းချသည့်အချိန်တွင် ကြိုတင်မှာကြားချက်၊ ဈေးကွက် လိုအပ်ချက်များနှင့်အညီ ထီအက္ခရာလုံးရေအား မှာကြားရိုက်နှိပ်ဖြန့်ဖြူးခြင်းဖြင့် ထီဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ထီဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ထီကံ စမ်းလိုသူများ လိုသလောက် အလွယ်တကူ ဝယ်ယူကံစမ်းနိုင်ရေးနှင့် အောင်ဘာလေထီ ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းအား စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ လက်ဝါးကြီးအုပ်ချုပ်ကိုင်မှု မပြုနိုင်စေရေးတို့အတွက် သတ်မှတ်ချက်နှင့်အညီ ကြိုတင်လျှောက်ထားစေခြင်း၊ Deposit တင်သွင်းစေခြင်း၊ ထီလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆို၍ ရောင်းချခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များအား တိကျစွာ လိုက်နာမှုမရှိသော ထီဝယ် ယူခွင့်လျှောက်ထားသူများနှင့် ဖြန့်ဖြူးရောင်းချသူများ၊ လက်ကားဆိုင် ကြီးများ/ လက်ခွဲ/ လက်လီအရောင်းဆိုင်များအား မြို့နယ်များအလိုက် စုံစမ်းစိစစ်ဖော် ထုတ်မှုများ ပြုလုပ်၍ ထီစာအုပ် ဝယ်ယူခွင့်များ ပိတ်သိမ်းခြင်းနှင့်စပေါ်ငွေများ သိမ်းယူခြင်း စသည့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများနှင့် လိုအပ်သလို အရေးယူကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ ဦးတင်အောင်ထွန်းနှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးနိုင်မြင့် တို့က ဆွေးနွေးကြသည်။
ယင်းနောက်မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတော်၏ သက်ရှိသဘာဝသယံ ဇာတဖြစ်သော ဆင်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ မျိုးတုန်းခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်လျက် အများပြည်သူ သတိပြုမှု မြင့်တက်စေရန်နှင့် ဆင် အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ အစိတ်အပိုင်းများ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ပစ်နိုင်ရန်အတွက် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခြင်းဖြင့် အချိန်မီ ကယ်တင်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်က ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်၍ ဥပဒေလွှမ်းမိုးစေရန် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သားငှက်ဌာနကို သီးခြားဌာနတစ်ခုဖွင့်လှစ်၍ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်စေသင့်ပါကြောင်း၊ တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်မှုကို ကာကွယ်စေလိုပါက အစိုးရ၏ စိတ်ဝင်စားမှုသည် အရေးအကြီးဆုံးဖြစ်ပြီး မူဝါဒပိုင်းအရ ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ရန်ပုံငွေမတည်ထူထောင်ပေးခြင်း၊ အသိပညာပေးခြင်း၊ ထိရောက်သည့်တရားစီရင်ရေး ဖြစ်စေရန်အတွက် ဆောင်ရွက်ပေးခြင်း၊ သစ်တောရဲတပ်ဖွဲ့အား အင်အားတိုးချဲ့ ပေးခြင်း၊ ဘေးမဲ့တောဝန်ထမ်းများကို လက်နက်ကိုင်ဆောင်ခွင့် ပြုပေးခြင်းတို့ လိုအပ်ပါကြောင်း။
ထို့ပြင် တောရိုင်းတိရစ္ဆာန် ဟင်းလျာများ ရောင်းချနေမှုကို ထိထိရောက်ရောက် တားမြစ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုသည့် ကဏ္ဍသုံးခုသည် ဖွံ့ဖြိုးတိုးတက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူသားများ အသက်ရှင် ရပ်တည်ရေးအတွက် အရေးကြီးသည့် ဆင်အပါအဝင် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးအဆိုကို လွှတ်တော်က ထောက်ခံပေးသင့်ပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး က ၁၉၉၄ခုနှစ် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို ပြောင်းလဲလာသည့် အခြေအနေနှင့် လျော်ညီစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေပြုစုရေးဆွဲ၍ ၂၀၁၈ ခုနှစ် မေ ၁၁ ရက်တွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအဖြစ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။
အဆိုပါ ဥပဒေ၏ အဓိကရည်ရွယ်ချက်မှာ တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန် ဖြစ်ပါကြောင်း၊ ရှားပါးတိရစ္ဆာန်များကို နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု၊ သဘာဝနယ်မြေများ သတ်မှတ်စီမံခန့်ခွဲသည့် အစီအမံများနှင့်ပတ်သက်သည့် နိုင်ငံတကာစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် ဥပဒေတွင် ထည့်သွင်းရေးသားထားသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နောက်ဆက်တွဲ နည်းဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လျက်ရှိပါကြောင်း။
ဥပဒေများ ရေးဆွဲပြီးသည့်အခါတွင် ဥပဒေအတိုင်း တိတိကျကျ အကောင်အထည်ဖော်ရန်၍ ကျူးလွန်သည့်သူများကိုလည်း အရေးယူရန် အရေးကြီးပါကြောင်း၊ မဟာဗျူဟာအကောင်အထည်ဖော်ရန်အတွက် လုံလောက်သည့် ဘဏ္ဍာငွေနှင့် ကျွမ်းကျင်သည့် လုပ်သားများ ရှိရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားများကို လည်း သဘာဝကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ပညာပေးရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းများကို အစိုးရသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သဘာဝ ပတ်ဝန်းကျင်အဖွဲ့လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေရှင်းဆွေးနွေးရာတွင် တောဆင်ရိုင်းအန္တရာယ်နှင့် ဆင်သတ်မုဆိုးများ ဖမ်းဆီးရမိရေး သတင်းပေးရန် ပညာပေးဟောပြောမှုများ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်းများ ကျင်လည်ကျက်စားခဲ့သည့် ပတ်ဝန်းကျင် ကျေးရွာများတွင် ပညာပေးဟောပြောခြင်း စုစုပေါင်း ၂၃ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း။
နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း တောရိုင်းတိရစ္ဆာန်များ အမဲလိုက်သတ်ဖြတ်မှု၊ အသားဟင်းလျာအဖြစ် ရောင်းချ မှု၊ အစိတ်အပိုင်းများ ရောင်းဝယ်နေမှုတို့ကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် နှင့် ပိုစတာများဖြန့်ဝေခြင်း၊ သတိပေးတားမြစ်ချက်များကို အများပြည်သူများ၊ ခရီးသွားဧည့်သည်များ သိရှိနိုင်စေရန် ပိုစတာများစိုက်ထူခြင်း၊ ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်အသိပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် အရေးပါသည့် ဂေဟစနစ်ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် သမိုင်းအစဉ်အလာနှင့် ယဉ်ကျေးမှုအရ ဆင်များ၏ အရေးပါပုံကို သိမြင်မှုမြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ မြန်မာ့ဆင်ပြတိုက်ကို အများပြည်သူလေ့လာကြည့်ရှုနိုင်စေရေး ဖွင့်လှစ်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာ့ဆင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ကို စိတ်အားထက်သန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ဥပဒေတွင်လည်း ပြစ်ဒဏ် ကိုတိုးမြှင့်ထားပြီးဖြစ်ခြင်း၊ အဆိုပါ လုပ်ငန်းသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ခြင်းတို့ကြောင့် ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် အသိပညာပေးခြင်း၊ ဥပဒေအရထိရောက်စွာ တားဆီးနှိမ်နှင်းခြင်းများကို ဆက်လက်တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အဆိုကို အတည်ပြုနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၂ရက်မြောက်နေ့ကို ဒီဇင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်