ရန်ကုန် ၁၁ ဒီဇင်ဘာ 

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြီး ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးလှအေးကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းခဲ့သည်။

 

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက "လက်ရှိတရားသူကြီးချုပ်က သက်ပြည့်အငြိမ်းစား ပင်စင်ယူသွားတာပါ။ တရားသူကြီးချုပ်နေရာက အရေးကြီးတယ်။ ဒါ့ကြောင့် လစ်လပ်သွားတဲ့နေရာမှာ ချက်ချင်းအစားထိုးဖို့ အရေးပေါ် အစည်းအဝေးခေါ်ပြီး ဆောင်ရွက်ကြတာပါ။ အခု အမည်စာရင်း တင်သွင်းခံရတဲ့ သူကလည်း အပြင်ကမဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လက်ရှိတရားသူကြီး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ မူလကတည်းက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကြုံးဝင်ပြီး ညီညွှတ်နေပြီးသား ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါ့ကြောင့် အထွေအထူးပြော စရာမရှိပါဘူး" ဟုပြောသည်။

 

ဦးလှအေးသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး လွှတ်တော်သို့ အဆိုပြုပေးပို့လာခြင်းဖြစ်သည်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေမှာ လုပ်သက်ပြည့်ခဲ့သည့်အတွက် ၎င်း၏နေရာတွင် အစားထိုးခန့်အပ်ရန် အမည်စာရင်း တင်သွင်းရခြင်းဖြစ်ကြောင်း သိရသည်။

 

အမည်စာရင်းတင်သွင်းမှုအပေါ် ကန့်ကွက်သူမရှိပါက ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခြင်း၊ ဂတိပြုခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်