နေပြည်တော်  ၁၂  ဇူလိုင်  

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏သား/သမီးများအား ၂၀၁၇-၂၀၁၈ ပညာသင်နှစ် စာမေးပွဲတွင် ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန၊ စုစည်းခန်းမတွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ရဲချုပ်/ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လေးဘာသာနှင့်အထက် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သော ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆုများနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးငွေများကို ပေးအပ်ချီးမြှင့်သည်။

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၏ သားသမီးများ ကျောင်းသား/ကျောင်းသူများအနက်မှ ခြောက်ဘာသာဂုဏ်ထူးရှင် (၁၂) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၃၈) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၆၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၀ဝ) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၄၇) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၂၄) ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၇၈၇) ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၅၈၅) ဦးဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)