၂၃ စက်တင်ဘာ

 

ရခိုင်ပြည်နယ်အရေးကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ တရားမျှတမှုမရှိသည့် လုပ်ဆောင်ချက်များ၊ တစ်ဖက်သတ်ဖိအားပေးနေသည့် စိန်ခေါ်မှုများကို ပြည်သူများ၏ ညီညွတ်မှုအင်အားဖြင့် စုပေါင်းရင်ဆိုင် ကျော်လွှားသွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းတင်ပြရာ၌ ထည့်သွင်းပြောကြားထားသည်။

 

 

ရခိုင်ပြည်နယ်အရေးကိစ္စမှာ ခေတ်အဆက်ဆက် ဖြေရှင်းနိုင်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကတည်းက တငွေ့ငွေ့အစပျိုးလောင်မြိုက်လာသော ပြဿနာဖြစ်ခဲ့သည်။ ထိုပြဿနာကို အပြီးတိုင်မငြှိမ်းသတ်နိုင်ခဲ့သောကြောင့် ယခုဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် လောင်မြိုက်နေသောမီးကို ပြည်ထောင်စုအစိုးရက ခက်ခက်ခဲခဲ ဖြေရှင်းနေရသည်။ ယင်းပဋိပက္ခနှင့်ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူများစွာထွက်ခွာသွားခဲ့သည်ကို အကြောင်းပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းအလယ်တွင် ဝေဖန်ပြစ်တင်မှုများ အပြင်းအထန်ပေါ်ထွက်လာခဲ့သည်။

 

 

ပြည်ထောင်စုအစိုးရအနေဖြင့် ပြဿနာဇာစ်မြစ် မည်သို့ပင်ရှိစေ လူသားချင်းစာနာထောက်ထားမှုဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ပေးလျက်ရှိသည်။ နှစ်နိုင်ငံအစိုးရအကြား ယမန်နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုး သဘောတူညီချက်နှင့်အညီ နေရပ်စွန့်ခွာသွားသူများအား စိစစ်လက်ခံပြီး ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးတို့ကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သည်။ မကြာသေးမီက နိုင်ငံတကာမှ ယုံကြည်လေးစားရသူ ပြည်ပနိုင်ငံသားနှစ်ဦးနှင့် ပြည်တွင်းပညာရှင်နှစ်ဦးတို့ပါဝင်သော သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဥပဒေနှင့်အညီဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

 

အမှန်တကယ်တွင် မြန်မာနိုင်ငံသည် မိမိတို့၏အချုပ်အခြာအာဏာကို ကျင့်သုံးပြီး မိမိတို့ပြည်တွင်းရေးကို မိမိတို့ကသာ ဖြေရှင်းနိုင်စွမ်းရှိသည်။ ဖြေရှင်းဆောင်ရွက်နိုင်ဖို့လည်း စိတ်ပိုင်းဖြတ်ချက် အခိုင်အမာရှိသည်။ မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဂုဏ်သိက္ခာကို လေးစားသည့်နည်းတူ နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်စေမည့်၊ ကမ္ဘာတစ်ဝန်း တည်ငြိမ်အေးချမ်းမှုကို အားပေးမည့် ခင်မင်ရင်းနှီးမှုများ တိုးပွားစေရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ နိုင်ငံတကာဥပဒေများ၊ သဘောတူညီချက်များကို အားလုံးက လိုက်နာစောင့်ထိန်းဖို့လိုအပ်သည်။

 

 

ရခိုင်ပြည်နယ်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာ၌ မတူကွဲပြားမှုများအကြားတွင် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို မြန်မာနိုင်ငံအနေဖြင့် ဦးတည်ချက်ထားပြီး အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် ပဋိပက္ခများ၊ တင်းမာမှုများ ဖြစ်ပွားခဲ့စဉ်က ရှိခဲ့ကြသည့် ရှုမြင်ချက်အဟောင်းများ၊ အယူအဆအဟောင်းများကိုကိုင်စွဲ၍ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ချေ။ မျက်မှောက်ကာလ ကမ္ဘာလုံး ဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်နှင့်လိုက်လျောညီထွေဖြစ်မည့် ရှုမြင်ချက်အသစ်၊ ဒေသအမြင်၊ ကမ္ဘာ့အမြင်များနှင့် လိမ္မာပါးနပ်စွာ ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးသည် အလွန်သိမ်မွေ့နက်နဲလှသည်။ ယင်းကိုသတိမူ၍ တရားမျှတမှုမရှိသောစိန်ခေါ်မှုများ၊ တစ်ဖက်သတ် ဖိအားပေးစိန်ခေါ်မှုများကို ပြည်သူများ၏ညီညွတ်မှုအင်အားဖြင့် စုပေါင်းရင်ဆိုင်ကျော်လွှား ဖြေရှင်းကြရမည်ဖြစ်သည်။

 

 

ယင်းတို့သည် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းပြောကြားခဲ့သည့် ပကတိအမှန်တရား၊ နိုင်ငံတော်၏သဘောထားနှင့် ရပ်တည်ချက်များဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ရှေ့ရေးကို မျှော်မှန်းပြီး လုပ်သင့်လုပ်ထိုက်သည်များကို ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်နေသည့်အချိန်တွင် နားလည်မှု၊ ယုံကြည်မှုအပြည့်ဖြင့် ထောက်ခံအားပေးကြသော ပြည်သူများအားလုံးကို လေးစားစွာအသိအမှတ်ပြုပါသည်။ ။ ကြေးမုံ