၁၀  အောက်တိုဘာ

 

အုပ်ချုပ်ရေးအဖွဲ့တွေ၊ တရားစီရင်ရေးနဲ့ဆက်စပ်တဲ့ အဖွဲ့တွေကလည်း ပြည်သူတွေကို  ဥပဒေလိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးဖို့ လိုအပ်တယ် (ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်)

 

ပြည်သူများအတွက် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး စကားဝိုင်းခေါင်းစဉ် ဒုတိယပိုင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ‘ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ‘ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင် နိုတြီပဗ္ဗလစ်နှင့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးတို့က နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(တပ်ကုန်း)ရှိ စတူဒီယိုခန်းမ၌ အောက်တိုဘာ ၄ ရက်က ဆက်လက်ဆွေးနွေးခဲ့ကြသည်။

 

(ယမန်နေ့မှ အဆက်)

 

ဦးအောင်စိုး။ ။ဒီအချိန်ကတော့ ရာဇဝတ်မှုတွေ၊ စိန်ခေါ်မှုတွေကတော့ အင်မတန် ထူပြောတဲ့အချိန်လို့ ပြောရမှာပေါ့။ အရင်တုန်းက တော့ ရာဇဝတ်မှုဆိုတာက တောမြို့တွေမှာ ဖြစ်တာများတယ်။ လူမမြင်တဲ့ နေရာ၊ လူတွေနဲ့ ဝေးတဲ့ အရပ်မျိုးတွေ၊ ဆိတ်ကွယ်ရာအရပ်တို့ ဒီလိုနေရာမျိုးမှာဖြစ်ပြီးတော့ သာမန်မြို့ပေါ်မှာ တော့ မဖြစ်ဘူးပေါ့။ အခုကတော့ ရန်ကုန်၊ မ္တလေးစတဲ့ မြို့ကြီးတွေပေါ်မှာ ပြောင်ပြောင် တင်းတင်းဖြစ်လာတာတွေ တွေ့နေရတယ်။ 

 

ဒါကတော့ ပြည်သူတွေက ရာဇဝတ်မှုတွေ များလာတဲ့အချိန်မှာ ထိတ်လန့်တုန်လှုပ်လာကြ တယ်။ မန္တလေးလိုမြို့ကြီးမှာကအစ ကားငှား စီးတယ်။ ကားငှားစီးရင်လည်း တက္ကစီသမားကို စိတ်မချရဘူး။ ဆိုင်ကယ်ငှားစီးရင်လည်း ဆိုင်ကယ် သမားကို စိတ်မချရဘူး။ သက်ငယ်မုဒိမ်းမှုတွေ၊ အချင်းချင်းမကျေနပ်လို့ အုပ်စုဖွဲ့ပြီးတော့ ဓားနဲ့ ခုတ်ကြတာ၊။ သတ်ကြတာတွေ အခုခေတ် ကတော့ ထူးဆန်းတဲ့ ပုံစံအမျိုးမျိုးနဲ့ ကျူးလွန်ကြ တယ်။ 

 

ပြစ်မှုကျူးလွန်တဲ့ပုံစံတွေကို အတုခိုးတာဘာကြောင့်လဲလို့ ကြည့်လိုက်တဲ့အခါ အကြောင်းနှစ်ချက်ကို သွားတွေ့တယ်။ ပထမ တစ်ချက်က ပြစ်မှုကျူးလွန်တဲ့ပုံစံတွေကို အတုခိုး တာ။ အတုခိုးတာကလည်း မီဒီယာတွေကနေ ပြနေတဲ့ ဃမငာန တွေ၊ ဒါတွေဟာ ဘယ်လောက်ပဲ ဆင်ဆာဖြတ်တယ် ပြောပြော၊ တယ်လီဖုန်းတွေမှာ လူငယ်တွေဆိုတာက လေ့ကျင့်နေသလိုဖြစ်နေတာ ဒါက တစ်ချက်။ နှစ်အချက်ကတော့ စီးပွားရေးမပြေ လည်တာတွေ ပါတာပေါ့။ စီးပွားရေးနဲ့ ရာဇဝတ်မှု ဆိုတာကလည်း အချိုးကျနေတာမျိုးပါ။ 

 

နောက်တစ်ခုကတော့ ဘာသာတရား၊ ဘာသာတရားရဲ့ အထိန်းအကွပ်အောက်မှာ လူငယ်တွေက ရှိမလာကြဘူး။ ဆိုးရွားတာကတော့ မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါးကိုတော့ အရင်တုန်း က ကျွန်တော်တို့သိတာက ပိုက်ဆံရှိတဲ့ သားသမီး တွေသာ ဒီဘိန်းဖြူတို့ ဘာတို့ သုံးကြတယ်။ အခု ဟာကတော့ ကျွန်တော်လည်း မြန်မာပြည် အနှံ့ ကျေးလက်တောရွာတွေ ရောက်တဲ့အခါမှာ မယုံနိုင်လောက်အောင် မူးယစ်ဆေးဝါးက လွယ်လွယ်ကူကူရနေတယ်။ ကျွန်တော်ပြောတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ ဆေးပြားလေးတွေရယ်၊ ကော်ရှူတာတွေက လမ်းဘေးက ကလေးတွေက အစ။ အဲဒါတွေက လူ့စိတ်ကို ဖောက်ပြားစေတာ ပေါ့။ အကျင့်စာရိတ္တတွေလည်း ပျက်ပြားစေတာ ပေါ့။ 

အဲဒီတော့ ဒီမှာ ကျွန်တော်တို့ဆီမှာ တဖြည်း ဖြည်းနဲ့ လူတွေရဲ့ရှေ့မှာ သုံးလောင်းပြိုင်တို့၊ လေးလောင်းပြိုင်တို့၊ ငါးလောင်းပြိုင်တို့ ဒီလိုမျိုး အမှုတွေဖြစ်တယ်။ ဆိတ်ကွယ်ရာ မဟုတ်တော့ဘဲ လူမြင်ကွင်းမှာပါ လူသတ်မှုတွေဖြစ်လာတယ်။ နိုင်ငံတကာလေဆိပ်လိုဟာမျိုးမှာ ဖြစ်လာတယ်။ အဲဒီတော့ ဒီမှာဘာတွေကို စဉ်းစားရမလဲဆိုတော့ တချို့ဟာတွေက မှုခင်းကို သူ့ရဲ့အခြေအနေအရ ကျူးလွန်တာ၊ သူ့စိတ်ကို မထိန်းနိုင်လို့၊ သူ့ရဲ့ ဒေါသကြောင့်ဖြစ်တာ။ နိုင်ငံရဲ့ ပုံရိပ်ကျအောင် မှုခင်းတွေဖန်တီးနောက်တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကိုကျအောင်လို့ တမင်မှုခင်းတွေကို ဖန်တီး လာတယ်ဆိုတာကိုလည်း လေ့လာသုံးသပ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံသစ်ကို ထူထောင်တယ်ဆိုတဲ့အခါမှာ ထူထောင်တဲ့အုပ်စုနဲ့၊ အစိုးရအဖွဲ့နဲ့ အားလုံးက ထူထောင်နေသလို ဖျက်ရမယ်ဆိုတဲ့ အုပ်စုတစ် စုလည်း ရှိနေမှာပါ။ ဒါကတော့ အရာရာတိုင်းမှာ ဖြစ်ပြီးရင် ပျက်ပဲလေ။ အဲဒီလို ဖျက်ဆီးသူတွေရှိတဲ့ အခါမှာ ဒီရာဇဝတ်မှုတွေဟာ တမင်ဖန်တီးတာလား ဆိုတာလည်း သုံးသပ်ရပါတယ်။ နောက်တစ်ခုက ရိုးရိုးရာဇဝတ်မှုတင်မကဘဲနဲ့ ဓာတ်ဆီဈေးတွေ တက်လာတယ်။ ဒေါ်လာတွေ တက်လာတယ်။ ရွှေဈေးတွေတက်လာတယ်။ ဒါတွေဟာ စီးပွားရေး သမားတွေရဲ့ လောဘပဲပေါ့။ လောဘဆိုတာ ရိုးရိုးလောဘဆိုရင် ဇူဇကာစစ်ဆင်ရေးတို့ ဘာတို့ပေါ့။ အရင်ကလည်း ရှိခဲ့တယ်။ ဒါပေမယ့် အခုဟာက အချိန်ကိုက်တွေဖြစ်ဖြစ်နေတာ ခက်တယ်။ ဥပမာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်တော့မယ် အချိန်မျိုးတွေ၊ ကျွန်တော်တို့ နိုင်ငံ တည်ဆောက်နေရတာ အင်မတန်ခက်ပါတယ်။ စိန်ခေါ်မှုတွေအများကြီး စီးပွားရေးတွေရော၊ ဘာသာရေးတွေရော အဲဒီကြားထဲမှာ ဒီလို ရည်ရွယ်ချက်ရှိရှိလုပ်ရင်တော့ စောင့်ကြည့်ဖို့ လိ်ုတယ်။ ဒီဟာတွေက ခုနက ကျွန်တော်တို့ သာမန်ကိစ္စတွေ မဟုတ်ဘူး။ ပြန်ချုပ်ကြည့် မယ်ဆိုရင် စိန်ခေါ်မှုတွေဟာ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းရဲ့ ဘဝကို စိန်ခေါ်နေသလို နိုင်ငံကြီးတစ်ခုလုံးရဲ့ ဘဝကိုပါစိန်ခေါ်နေတဲ့အတွက် ဒီစိန်ခေါ်မှုတွေကိုတော့ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းပြီးတော့ ဖြေရှင်းမှသာလျှင် ရမယ်ဆိုတာ ကို တင်ပြအပ်ပါတယ်။ 

 

အစီအစဉ်မှူး။ ။ အခုနက ဆွေးနွေးခဲ့ကြတဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင် ဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာ ဆက်လက်ပြီး ဆွေးနွေးပေးပါဦး။

 

ဦးမျိုးတင့်။ ။ လတ်တလော တရားဥပဒေစိုးမိုးမှု ကို စိန်ခေါ်နေတဲ့၊ ပထမပိုင်း ဆွေးနွေးခဲ့တဲ့ အကြောင်းအချက်တွေကို ဖြေရှင်း ဖို့ကတော့ ကျွန်တော့်ရဲ့အမြင်ကတော့ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေတဲ့ တရားစီရင်ရေးနဲ့ ဆက်စပ်တဲ့ ဌာနတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းတွေမှာပဲ တာဝန်ရှိတယ်လို့ သာမန်ထင်မယ် ဆိုရင်တော့ မှန်ကန်မှာမဟုတ်ပါဘူး။ တကယ်တော့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့က ပြည်သူအားလုံးနဲ့ သက်ဆိုင်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်သူတွေကပါ သက်ဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့အစည်းတွေ၊ တရားစီရင်ရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြဖို့ လိုအပ်နေပြီ။ ဒါကြောင့် တစ်ဖက်က ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ တရားစီရင် ရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့တွေကလည်း ပြည်သူတွေ ကို ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးဖို့ လိုအပ်တယ်။အဲဒီလို ဆောင်ရွက်တဲ့အခါမှာ အုပ်ချုပ်ရေး အဖွဲ့တွေကလည်း ဥပဒေပညာပေး ပြည်သူတွေအထိ အသိပညာပေးဖို့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေမှာ အားလုံးပါဝင်ပြီးတော့ ပြည်သူတွေကို ပညာပေးဖို့ လိုအပ်ပြီ။ ပြည်သူတွေကလည်း အခုလို တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေတဲ့ အချက်တွေကြောင့် သူတို့ရဲ့ ဘဝလုံခြုံမှုအပေါ်မှာ စိုးတထိတ်ထိတ်ဖြစ်နေရတာကို ခံစားနေရတာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေ၊ တရားစီရင်ရေးနဲ့ ဆက်စပ်သော အဖွဲ့များအနေနဲ့ ပူးပေါင်းပါ ဝင်ပေးကြပါလို့ ကျွန်တော့်အနေနဲ့ ဒီနေရာက ပြောချင်ပါတယ်။

 

ဦးဝင်းမြင့်။ ။ တရားဥပဒေစိုးမိုးရေးလို့ မြင် လိုက်တာနဲ့ မှုခင်းဖြစ်ပွားမှုတွေ ကိုပဲ တိုက်ရိုက်မြင်မိကြပါတယ်။ တကယ်တော့ တရားဥပဒေစိုးမိုးရေးဟာ နိုင်ငံတော်ရဲ့ကဏ္ဍအားလုံး၊ ပြည်သူလူထု ထိတွေ့ဆက်ဆံဆောင် ရွက်နေရတဲ့ ကိစ္စအားလုံးနဲ့ သက်ဆိုင်မှုရှိပါတယ်။ 

 

တရားမျှတတဲ့ ဥပဒေတွေ ကဏ္ဍအသီးသီးမှာ စိုးမိုးမှုရှိနေဖို့လိုပါတယ်။ ဥပဒေသည်သာ စိုးမိုးရမှာဖြစ်လို့ ဥပဒေ အထက်တွင် မည်သူမျှရှိနေလို့ မရပါဘူး။ ဥပဒေအရာမှာ အားလုံးက တန်းတူညီမျှဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ အမိန့် ကြော်ငြာစာတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေအားလုံးဟာ ဌာနအဖွဲ့အစည်းအသီးသီးက ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုသလို နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံ သူ နိုင်ငံသားအားလုံးကလည်း ဥပဒေနဲ့အညီ နေထိုင်၊ ပြုမူ၊ ကျင့်ကြံဖို့ လိုအပ်တယ်လို့ တင်ပြလိုပါတယ်။ တရားဥပဒေစိုးမိုးရေး တိုးတက်ကောင်းမွန် ဖို့ဆိုတာက အားလုံးပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ အဓိကထားပြီးတင်ပြချင်တာက ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ညှိနှိုင်းဆောင်ရွက် ခြင်းဆိုတဲ့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ အားလုံးက ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းဆိုတဲ့ အပိုင်းနှစ်ပိုင်းကို ထိထိရောက်ရောက် ဆောင်ရွက်ကြမှ အောင်မြင်စွာ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ 

 

တရားဥပဒေစိုးမိုးရေး စည်းကမ်းတကျဆောင်ရွက်တရားဥပဒေစိုးမိုးရေးလို့ ပြောလိုက်တာနဲ့ တရားရုံး၊ ရဲတပ်ဖွဲ့၊ ဥပဒေရုံးလို့ မြင်ကြပါတယ်။ တကယ်တော့ တရားဥပဒေစိုးမိုးရေးဆိုတာ စည်းကမ်းတကျ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ စည်းကမ်းတကျဖြစ်အောင် ကြပ်မတ်ကွပ်ကဲတာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အနီးစပ်ဆုံး ဥပမာ ပြောရမယ်ဆိုလို့ရှိရင် ပလက်ဖောင်းပေါ်မှာ ဈေးမရောင်းရဘူး။ ယာဉ်တွေစနစ်တကျ ရပ်နားရအောင်၊ အမှိုက်မပစ်ရအောင် စတဲ့ သာမန်ကိစ္စရပ်တွေ ဆောင်ရွက်နေခြင်းဟာ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေရခြင်းရဲ့ အခြေခံ သဘောတရားတွေပဲ ဖြစ်ပါတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့ နေရာမှာ တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အားလုံးကဏ္ဍအသီးသီး၊ ပုဂ္ဂိုလ်အသီးသီးကနေပြီး တော့ ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်နိုင်မှ၊ ပြည်သူနဲ့ပူးပေါင်းဖို့က အဓိကကျပါတယ်။  အများပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ ဌာနဆိုင်ရာနဲ့ ပြည်သူတွေ၊ ပြည်သူနဲ့ ဌာနဆိုင်ရာတွေက အပြန်အလှန် နိစ္စဓူဝထိတွေ့ဆက်ဆံနေရပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကလေးတွေ ကျောင်းအပ်တာ၊ ဆေးရုံမှာ ဆေးကုသမှုခံယူတာ၊ နိုင်ငံသားစိစစ်ရေးကတ် သွားထုတ်တာ၊ နိုင်ငံကူး လက်မှတ်ထုတ်တာ၊ မြေစာရင်းမှာ ပုံသွားကူးတာ၊ မြေဂရန်ထုတ်တာ၊ အဆောက်အအုံ ဆောက်လုပ် ခွင့်တင်တာ စသည်ဖြင့်ပေါ့လေ ကိစ္စအသီးသီးဟာ နိစ္စဓူဝ ပြည်သူနဲ့ ဌာနဆိုင်ရာတွေ ဆက်စပ်နေတဲ့ အပိုင်းကဏ္ဍဖြစ်ပါတယ်။ 

 

အဲဒီလို အများပြည်သူက မိမိတို့ရဲ့ကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းသဘာဝနားလည်ဖို့အပြင် မိမိရဲ့ ကိုယ်ကျိုး အတွက် မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ မချဉ်းကပ်ဖို့ လိုပါမယ်။ ဒါကို အသိရှိရှိနဲ့ သူတို့ကိုယ်နှိုက်က ရှောင်ကြဉ်ဖို့၊ ဆန့်ကျင်ဖို့လိုအပ်ပါတယ်။ ဌာန ဆိုင်ရာတွေဘက်ကလည်း မိမိတို့ လုပ်ငန်းတာဝန် တွေကို ဥပဒေနဲ့အညီ ကျေကျေလည်လည် စေတနာထားပြီး ဆောင်ရွက်ဖို့လိုတယ်လို့ တင်ပြလိုပါတယ်။ ခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့ တရားဥပဒေစိုးမိုးရေးဟာ တစ်နေ့၊ တစ်လ၊ တစ်နှစ်တည်းနဲ့ ဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ဘဲ အစဉ်တစိုက် အမြဲဝိုင်းဝန်းပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ 

 

ဦးဟန်ညွန့်။ ။ ဆရာတို့ ခုနကဆွေးနွေးသွားတဲ့ တရားဥပဒေစိုးမိုးရေးစကားဝိုင်းမှာ အားလုံးဆွေးနွေးသွားကြတဲ့အတိုင်း တရား ဥပဒေစိုးမိုးရေးဆိုင်ရာ စိန်ခေါ်မှုတွေကတော့ အံ့သြလောက်အောင် သတိပြုစရာများ၊ သတိပြု ဖွယ်များဖြစ်နေပါပြီ။ ဒီလိုသတိပြုဖွယ် ဖြစ်နေ တဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ စိန်ခေါ်မှုတွေ အခက်အခဲတွေကို ကျွန်တော်တို့ လက်ပိုက်ပြီး တော့ ကြည့်နေကြမှာလား၊ ကျွန်တော်တို့ ပြည်သူတွေ ဒီစိန်ခေါ်မှုတွေကို အရှုံးပေးကြတော့မှာလား။ တရားမျှတမှုကို ချစ်မြတ်နိုးကြတဲ့ ပြည်သူအပေါင်းက ဘာလုပ်ကြမှာလဲ။ မင်းမဲ့စရိုက်တွေကို ကျွန်တော်တို့ လက်ပိုက်ပြီးတော့ ကြည့်နေကြမှာလား။ အဂတိလိုက်စားမှုတွေကိုရော ကျွန်တော်တို့က ထပ်ဆင့်ပြီးတော့ အားပေးနေကြဦးမှာလား။ အဂတိ လိုက်စားမှုတွေကို တိုက်ဖျက်ကြမှာလား။ ဘယ်လိုတိုက်ဖျက်ကြမှာလဲ။ဘယ်လိုပါဝင်ကြမှာလဲဆိုတဲ့ သန္နိဋ္ဌာန်တွေ၊ ရည်ရွယ်ချက်တွေ ရုန်းကန်လှုပ်ရှားမှုတွေ၊ အလုပ်တွေနဲ့ ရဲရဲဝံ့ဝံ့ သက်သေပြရမယ့် အဓိဋ္ဌာန်ပြုရမယ့် အချိန်ကို ရောက်ရှိနေပါပြီ။ 

 

အဂတိလိုက်စားမှုကို ထိန်းချုပ်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကို ကျွန်တော်တို့ လေ့လာကြည့်ရှုတဲ့ အခါမှာလည်း အဂတိလိုက်စားမှုကို ထိန်းချုပ်ဖို့ အမျိုးအစားပုံစံသုံးမျိုးနဲ့ ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ ကမ္ဘာမှာ လေ့လာတွေ့ရှိအမျိုးအစား(၁)ကတော့ အဂတိလိုက်စားမှု ဆန့်ကျင်ဖို့ ဥပဒေတွေပြဋ္ဌာန်းပြီးတော့ အာဏာပိုင်အဖွဲ့တွေကို သီးခြားဖွဲ့စည်းမထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ နောက် ဒုတိယအမျိုးအစားကတော့ အဂတိလိုက်စားမှု ဆန့်ကျင်ရေးဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းတယ်။ ဒီလိုပြဋ္ဌာန်းပြီးတော့ ဥပဒေတွေကို ကြပ်မတ်ဖို့အတွက် အာဏာပိုင်အဖွဲ့ အစည်းအများကြီး၊ တစ်ဖွဲ့တည်းမကပါဘူး။ အများ အပြားကို ဖွဲ့စည်းထားတယ်ဆိုတဲ့ အမျိုးအစားကို လည်း ကမ္ဘာမှာ လေ့လာတွေ့ရှိရပါတယ်။ ဆက်လက်ပြီးတော့ တတိယအမျိုးအစားကို ကြည့်တဲ့အခါမှာ အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ အဓိက အရေးယူနိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်း တွေကို သီးသန့်ဖွဲ့စည်းတဲ့ တတိယအမျိုးအစားကိုလည်း ကမ္ဘာမှာ လေ့လာတွေ့ရှိရပါတယ်။ ဒီလိုလေ့လာတွေ့ရှိရတဲ့ အမျိုးအစားသုံးရပ်ထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တတိယ အမျိုးအစားထဲမှာ ပါဝင်ပြီးတော့ ယနေ့လုပ်ငန်းများ ဆောင်ရွက် လျက်ရှိတယ်လို့ လေးစားစွာ တင်ပြချင်ပါတယ်။ 

 

လေးနက်စွာအကြံပြု ဒါကြောင့်မို့ ကျွန်တော်တို့ ဒီနေ့မှုခင်းတွေ များပြားလာတဲ့ပုံစံတွေ အမျိုးမျိုးဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပိုမိုရမ်းကားလာတဲ့ ကိစ္စရပ်တွေအပေါ်မှာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်အနေနဲ့ ဥပဒေ၊ မူဘောင်နဲ့အညီ တတိယအမျိုးအစားပါအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ စောစောပိုင်းက ကျွန်တော်တင်ပြအစီရင်ခံခဲ့သလိုပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တစ်ရပ်တည်း၊ တစ်ဖွဲ့တည်း တစ်ဦးတစ်ယောက်တည်းနဲ့တော့ဖြင့် မလုံလောက်ပါဘူး။ အများပြည်သူက စုပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးဟာ အောင်မြင်မှု မုချရရှိသွားပါမယ်လို့ လေးနက်စွာ အကြံပြုတင်ပြပါတယ်။ 

 

ဇင်ဦး၊ ခင်ရတနာ

ဓာတ်ပုံ-သီဟစည်သူ

(ဆက်လက်ဖော်ပြပါမည်)