၂၄ စက်တင်ဘာ
မျက်မှောက်ခေတ်ကမ္ဘာကြီးသည် ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)ကိုအကောင်အထည်ဖော်နေရသော က္ဘာကြီး ဖြစ်ပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံချင်းစီက နိုင်ငံတကာထံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာကို ဆွဲဆောင်လျက် ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်နိုင်ရေးကို အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ ချိတ်ဆက်ရာ၌လည်း နိုင်ငံတကာထံမှရရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာတို့ကို အသုံးပြုပြီး တစ်နိုင်ငံချင်းစီက မိမိတို့ထုတ်လုပ်ဖန်တီးသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု၏ ယှဉ်ပြိုင်နိုင်စွမ်းကိုအမြင့်မားဆုံး ဖန်တီးခြင်းဖြစ်ပါသည်။ ယှဉ်ပြိုင်နိုင်စွမ်း အမြင့်မားဆုံးဟူသည် အကောင်းဆုံး အရည်အသွေးကို အသက်သာဆုံးဈေးနှုန်းဖြင့် နိုင်ငံတွင်းနှင့် ဒေသတွင်းအပါအဝင် တစ်ကမ္ဘာလုံးရှိ ပြည်သူတို့အား ရောင်းချပေးခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးရာ၌တခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၌ မလွဲမသွေ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်နည်းတူ အာဆီယံစီးပွားရေးရိပ်မြုံ(ASEAN Economic Community -AEC)၌ ပါဝင်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အာဆီယံနိုင်ငံအားလုံး ပါဝင်ဆောင်ရွက်ရန် ရည်မှန်း ထားသည်။ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR)၌လည်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR)၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ပူးတွဲထူထောင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ်ကို တရုတ်နိုင်ငံနှင့် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ တရုတ်ပြည်ခရီးစဉ် အတွင်းဤကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာ ဟူသော သဘောတရားနှင့်အညီ နှစ်နိုင်ငံအကြား အခြေခံသဘောထားတို့ကိုသာ ညှိနှိုင်းသဘောတူခဲ့ခြင်း ဖြစ်ပြီး အသေးစိတ်အချက်အလက်တို့ကို ထပ်မံညှိနှိုင်းဆွေးနွေးကြရမည် ဖြစ်ပါသည်။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၌ ဖွံ့ဖြိုးဆဲနိုင်ငံတို့သည် ဒေသတွင်းနိုင်ငံတို့၏ စုစည်းမှုအင်အားကို ရယူလျက် ယှဉ်ပြိုင်နိုင်စွမ်း အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ကြရပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် လည်း အာဆီယံစီးပွားရေးရိပ်မြုံ (AEC) နှင့် ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်ခု (OBOR)ကဲ့သို့ သော ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များ၌ မလွဲမသွေ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ပါဝင်ဆောင်ရွက်ရာ၌ တိုင်းပြည်၏ ပကတိအခြေအနေအပေါ်မူတည်လျက် မြန်မာနိုင်ငံသည် ယှဉ်ပြိုင်နိုင်စွမ်းအကောင်းဆုံး ဖန်တီးပေးနိုင်မည့် လုပ်ငန်းတို့ကို ရွေးချယ်သတ်မှတ်ပေးရမည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၌ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မှီခိုနေသည်ဖြစ်၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဖြစ်စဉ်များ၌ မလွဲမသွေ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။(မြန်မာ့အလင်း)