နေပြည်တော် ၁၇ အောက်တိုဘာ

လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ပံ့ပိုးပေးလျက်ရှိသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှစ်ဆင့်ချေးငွေနှင့်ပတ်သက်သည့် နိုင်ငံ့စီးပွားရေးစကားဝိုင်း ဆွေးနွေးပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဒေါ်သက်သက်လွင် (လက်ထောက်မန်နေဂျာ၊ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၊ ရုံးချုပ်)၊ ဦးဝင်းဌေးဦး (မြို့နယ်မန်နေဂျာ၊ မြန်မာ့လယ်ယာ ဖွံ့ ဖြိုးရေးဘဏ်၊ တပ်ကုန်းမြို့နယ်ဘဏ်ခွဲ)၊ ဦးနိုင်ဦး (ဒါရိုက်တာ၊ Farmer Choice Co.,Ltd.)  နှင့် တောင်သူကြီး ဦးခင်မောင်လွင် (ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ) တို့က ပါဝင်ဆွေးနွေးကြသည်။

အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်-

အစီအစဉ်မှူး။ ။မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် အနေနဲ့  JICA ချေးငွေ အထောက်အပံ့နဲ့ လယ်ယာကဏ္ဍနဲ့ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး  JICA Two Step Loan  အဆင့် နှစ်ဆင့်ချေးငွေစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်း နဲ့ပတ်သက်ပြီး အရင်ဆုံးရှင်းပြပေးစေလိုပါတယ်။

ဒေါ်သက်သက်လွင်။ ။ JICA Two Step Loan   အဆင့် နှစ်ဆင့် ချေးငွေစီမံကိန်းကို ဂျပန်အစိုးရနဲ့ မြန်မာအစိုးရ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စီမံကိန်းအတွက် ဂျပန်အစိုးရမှ မြန်မာအစိုးရကို ချေးငွေယန်း ၁၅ ဘီလီယံကျော်၊ မြန်မာကျပ်ငွေအနေနဲ့ ခန့်မှန်း ဘီလီယံ ၁၈၀ ကျော်ကို အရင်းဆိုင်းငံ့ကာလ ၁၀ နှစ် အပါအဝင် နှစ် ၄၀ ထုတ်ချေးပေးမှာဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်က တောင်သူသို့ ထုတ်ချေးပေးနေတဲ့ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားအတိုင်း တစ်နှစ်လျှင် အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးလျက်ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးရေးကို ဦးတည်ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေကိုသာ ထုတ်ချေးပေးလျက်ရှိပါတယ်။ တစ်ဦးချင်း ချေးငွေအနေနဲ့ ဧက ၅၀ အထိ လုပ်ကိုင်သော တောင်သူတွေ ချေးငွေလျှောက်ထားနိုင်ပြီး အစုအဖွဲ့ အနေနဲ့ တောင်သူ သုံးဦးမှ ၁၀ ဦး အထိပါဝင်သော အစုအဖွဲ့နဲ့ ချေးငွေလျှောက်ထားနိုင်ပါတယ်။ သုံးဦးနှင့်အထက် ဖွဲ့စည်းသော အစုအဖွဲ့တွေမှာ ဧက ၅၀ အထက် လုပ်ကိုင်သူ တောင်သူလယ်သမားတစ်ဦး (သို့မဟုတ်) လယ်ယာ မြေလုပ်ကိုင်ခြင်း မရှိသူတစ်ဦး (သို့မဟုတ်) ၎င်းတို့ နှစ်ဦးစလုံး ပါဝင်၍ ထည့်သွင်း ဖွဲ့စည်းနိုင်ပါတယ်။

အစီအစဉ်မှူး။ ။တောင်သူဖြစ်တဲ့ ဦးခင်မောင် လွင်တို့အနေနဲ့ လယ်ယာလုပ်ငန်းအတွက် ချေးငွေ လိုအပ်ချက်တွေရှိပါသလား။  မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်က  JICA  ချေးငွေ တွေ ချေးပေးနေပြီဆိုတော့ ချေးငွေတွေ ချေးယူရတာ အဆင်ပြေသလားဆိုတာ ရှင်းပြပေးပါ။

ဦးခင်မောင်လွင် ။ ။ ကျွန်တော်တို့ တောင်သူတွေဆိုတာ ဘိုးဘွားလက် ထက်ကတည်းက ကျွဲ၊ နွားနဲ့ ထွန်ယက်ပြီး စိုက်ပျိုး လုပ်ကိုင်လာတာပါ။ ကျွဲ၊ နွားနဲ့ လုပ်တဲ့အခါမှာလုပ်ငန်းက ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်တဲ့ အတွက်ကြောင့် ပိုလျှံတဲ့ငွေဟာ များများစားစားမရရှိခဲ့ပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ဖို့ဆိုရင် ထွန်စက်တို့ ရိတ်သိမ်းစက်တို့ စတဲ့လယ်ယာသုံး စက်ကိရိယာတွေ ဝယ်ဖို့အတွက် ချေးငွေက လိုအပ်ပါတယ်။

မြို့နယ် လယ်ယာဖွံ့ ဖြိုးရေးဘဏ် မန်နေဂျာက JICA Two Step Loan နဲ့ တောင်သူတွေအတွက် လယ်ယာသုံး စက်ကိရိယာတွေကို နှစ်တို/ နှစ်ရှည် အရစ်ကျချေးပေးသွားမယ်ဆိုတဲ့အကြောင်း ကြေညာပေးတဲ့အခါ ကျွန်တော်တို့ လိုအပ်တဲ့ ချေးငွေရမှာဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ အဲဒီချေးငွေအတွက် ဘဏ်မန်နေဂျာနဲ့ သွားရောက်တွေ့ဆုံပြီး လိုအပ်တဲ့ အချက်အလက်တွေ မေးမြန်းပါတယ်။ ပြီးတော့ အဓိကလိုအပ်နေတဲ့ ထွန်စက်ကြီး တစ်စီးဝယ်ယူဖို့အတွက် ချေးငွေ လျှောက်ထားခဲ့ပါတယ်။ ချေးငွေရတော့ ထွန်စက် တစ်စီး ဝယ်ယူနိုင်ခဲ့ပါတယ်။ ဝယ်ယူဖို့ အခက်အခဲ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဘက်က ပိုင်ဆိုင်မှု အထောက်အထားနဲ့ ပုံစံ (၇) တင်ပြရပါတယ်။ အဲဒါလည်း မရှိတာကို အရှိလုပ်ပြရတာ မဟုတ်ဘဲ အရှိအတိုင်း တင်ပြရတာဖြစ်တဲ့အတွက် ဘာမှ အခက်အခဲမဖြစ်ပါဘူး။

နောက်တစ်ခါ အိမ်ဝိုင်းပိုင်ဆိုင်ကြောင်းကို ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့တွေ ရောက်ရှိလာပြီး ကျွန်တော်တို့ရဲ့ ဝင်ငွေတွေ တွက်ချက်တယ်။ မိသားစုအခြေအနေတွေ မေးမြန်းတယ်။ ပိုင်ဆိုင်ကြောင်း အထောက်အထားတွေ စစ်ဆေးပြီးယူသွားတယ်။ အဲဒါတွေ စစ်ဆေးပြီး အောင်မြင်တယ်ဆိုမှ ကျွန်တော်တို့ကို ထုတ်ချေးပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်အတိုင်းအတာနဲ့၊ ကိုယ်လိုချင်တာကိုရတဲ့အတွက် ဘာမှအခက် အခဲမရှိပါဘူး။

ဦးဝင်းဌေးဦး။ ။ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဖြည့်စွက်ဆွေးနွေးချင်တာ ရှိပါတယ်။ ချေးငွေကို တောင်သူသို့ ငွေသားထုတ်မပေးပါဘူး။ သူတို့ဝယ်တဲ့ သက်ဆိုင်ရာ ကုမ္ပဏီသို့ တိုက်ရိုက်ပေးချေတာဖြစ်ပါတယ်။ တောင်သူကို ကုမ္ပဏီကနေ စက်ထုတ်ပေးပြီးမှ ပေးချေတာ ဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ ဒီနေရာမှာ တချို့ အပြည့်အစုံ မသိတော့ ကုမ္ပဏီနဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့က ညွှန်ပြတဲ့စက်တွေကိုသာ ဝယ်ရတယ်လို့ ဝေဖန်ကြတာရှိပါတယ်။ တချို့တောင်သူတွေအနေနဲ့ သူတို့လိုချင်တဲ့ စက်ကိုရော ဝယ်ခွင့်ရရဲ့လား။ အဲဒီဟာကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဦးခင်မောင်လွင်။ ။ ချေးငွေကို JICA  ကအရစ်ကျ နှစ်တို၊ နှစ်ရှည်ချေးပေးတယ်ဆိုတာ ကြားလိုက်တာနဲ့ ကျွန်တော်တို့က ကိုယ်ကြိုက်တဲ့ကုမ္ပဏီက စက်ဈေးနှုန်းတွေကို လေ့လာပါတယ်။ ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ အတည်လားမေးတော့ လောလောဆယ် ရောင်းဈေးကတော့ အတည်ပါပဲ။ ဒါပေမယ့် ဈေးနှုန်းက အတက်အကျရှိတယ်။ ကုမ္ပဏီအနေနဲ့ ပေါက်ဈေးကို အခုပြောလိုက်ပေမယ့် တောင်သူတွေ ချေးငွေရတဲ့အချိန်ကျရင် ဈေးနှုန်းက တက်ချင်တက်နေမယ်။ ကျချင် ကျနေမယ်။ အဲဒါကြောင့် ဈေးနှုန်းကိုတော့ အတည်ပြောလို့ မရဘူးဆိုတဲ့အကြောင်း ကုမ္ပဏီကရှင်းပြတယ်။ ကျွန်တော်တို့ကြိုက်တဲ့စက်ကို ဝယ်ယူခွင့်ရခဲ့ပါတယ်။

အစီအစဉ်မှူး။ ။ အဲဒါနဲ့ ပတ်သက်လို့ စက်ရောင်းပေးတဲ့ ကုမ္ပဏီအနေနဲ့ကရော ကျယ်ကျယ်ပြန့်ပြန့် ဘယ်လိုတွေလုပ်ဆောင်ပေးရတယ်ဆိုတာကို ရှင်းပြပေးပါဦး။

ဦးနိုင်ဦး။ ။ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့က အိန္ဒိယနိုင်ငံကထုတ်တဲ့ ထွန်စက်ကြီး အမျိုးအစားတွေကို တင်သွင်းရောင်းချပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့က ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပခုက္ကူတို့မှာ အရောင်းဌာနတွေ ဖွင့်လှစ်ပြီးတော့ Service Center တွေလည်း ဖွင့်လှစ်ပေးထားပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့က  Sale၊  Service၊ Spare part  ဆိုတဲ့ အပိုင်းသုံးပိုင်းကို ဟန်ချက်ညီအောင် အထူးအလေးထားပြီးတော့ ဝန်ဆောင်မှုကို တောင်သူတွေဆီ ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ကျွန်တော်တို ့ ကုမ္ပဏီစတည်ထောင်ချိန်ကနေ ယနေ့အချိန်အထိဆိုရင် ထွန်စက်အစီးရေ ၄၅၀ဝ ကျော်နဲ့ တွဲဖက်သုံးစက်ကိရိယာ ၈၀ဝဝ ကျော်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဖြန့်ဖြူး ရောင်းချပေးပြီးလည်းဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့က လက်ငင်းရောင်းချပေးတဲ့စနစ်နဲ့၊ ရိုးမဘဏ်နဲ့ ချိတ်ဆက်ပြီးတော့ နှစ်နှစ်ဆိုင်း၊ သုံးနှစ်ဆိုင်း စနစ်တွေနဲ့ ရောင်းချပေးနေပါတယ်။ ဒီလိုရောင်းချတဲ့နေရာမှာ တောင်သူတွေအနေနဲ့ လက်ငင်းပေးချေဖို့အတွက် ငွေကြေးအခက်အခဲရှိတာတွေ ဖြစ်ပေါ်နေပါတယ်။ ကုမ္ပဏီအနေနဲ့ကလည်း အရစ်ကျ ရောင်းချပေးတဲ့အတွက် ငွေကြေးဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။

အခု  JICA Two Step Loan မှာတော့ တောင်သူတွေအနေနဲ့က ချေးငွေရဲ့ ၃၀ ရာခိုင်နှုန်းသာ ကနဦး စုဆောင်းရမှာဖြစ်ပါတယ်။ အတိုးနှုန်းကလည်း တစ်နှစ်ကိုမှ ၈ ရာခိုင်နှုန်းဖြစ်တဲ့အတွက် အခြားဘဏ်တွေထက် သက်သာမှုရှိပါတယ်။ ၅ နှစ်အရစ်ကျ ပေးဆပ်ရမှာဖြစ်တဲ့အတွက် ပြန်လည်ပေးဆပ်ရမယ့် အချိန်လည်း ပိုမိုရရှိလာမှာဖြစ်ပါတယ်။

JICA Two Step Loan Project  ဟာ တောင်သူအတွက်သာမက ကုမ္ပဏီအတွက်ကိုပါ စက်တန်ဖိုးငွေ လက်ငင်းရရှိတဲ့အတွက် ဆုံးရှုံးမှုမရှိလို့ တောင်သူနဲ့ ကုမ္ပဏီနှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ စီမံကိန်းဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့လည်း စက်ကို ဘယ်ကုမ္ပဏီကနေဝယ်ရမယ်လို့ သတ်မှတ်ထားခြင်းမရှိဘဲ မိမိကြိုက်တဲ့စက်ကို ရွေးချယ်ခွင့်ရှိတဲ့အတွက် JICA Two Step Loan Project  ဟာ တောင်သူရော၊ ကုမ္ပဏီရော၊ နိုင်ငံအတွက်ပါ အကျိုးရှိတဲ့ စီမံကိန်းဖြစ်ပါတယ်။

အစီအစဉ်မှူး။ ။ JICA Two Step Loan အကောင်အထည်ဖော် ဆောင်ရွက်နေမှုနဲ့ ထုတ်ချေးနေမှု အခြေအနေကိုလည်း ဦးဝင်းဌေးဦးက အားလုံးသိအောင် ဆွေးနွေးပေးပါ။

ဦးဝင်းဌေးဦး။ ။ တောင်သူကြီး ဦးခင်မောင်လွင်ပြောသလိုပဲ ကိုယ်ကြိုက်နှစ်သက်တဲ့ စက်အမျိုးအစားကို လေ့လာစုံစမ်းပြီးလို့ သိပြီဆိုရင် ကျွန်တော်တို့ရုံးကို ချေးငွေရရှိရေးအတွက် လာပြီးတော့ အဆိုပြုရပါတယ်။ အဲဒီလို အဆိုပြုပြီးရင် တောင်သူရဲ့ ဝင်ငွေ၊ သုံးငွေ၊ ပိုင်ဆိုင်မှုအနေအထား၊ သူလုပ်ငန်းလုပ်မယ့် အနေအထား ဒါတွေကို ဘဏ်က ကနဦး စုံစမ်းပါတယ်။ စုံစမ်းပြီးရင် ဝင်ငွေ သုံးငွေပေါ်မှာ မူတည်ပြီးတော့ Credit Appraisal  တွက်တယ်။ တွက်ပြီးတဲ့အခါ လုံလောက်မှုရှိတယ်ဆိုရင် ကျေးရွာအရောက် ကွင်းဆင်းပြီး အာမခံခိုင်လုံမှု ရှိ/မရှိ၊ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းပြီး စစ်ဆေးတယ်။ စစ်ဆေးပြီးလို့ မှန်ကန်မှုရှိ တယ်ဆိုရင် တောင်သူတို့ဆီက ပုံစံ(၇) နဲ့ ပိုင်ဆိုင်တဲ့ မြေဧကတွေကို ထပ်စစ်တယ်။ ပြီးပြီဆိုရင် ချေးငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဘဏ်မှာ စုဆောင်းငွေအဖြစ် သွင်းခိုင်းတယ်။ စုဆောင်းငွေ အပေါ်မှာ ဘဏ်က အတိုးပြန်ပေးပါတယ်။

စုဆောင်းငွေ စုပြီးပြီဆိုရင် ကျေးရွာအဆင့် ချေးငွေစစ်ဆေးရေးအဖွဲ့မှ လိုအပ်တဲ့ စစ်ဆေးထောက်ခံမှုတွေကို အပြည့်အစုံတောင်း ယူပါတယ်။ ယူပြီးရင် ထောက်ခံချက်၊ ကာယကံရှင် အဆိုပြုထားတဲ့ အဆိုပြုလွှာ၊ အာမခံတင်သွင်းထားတဲ့ အထောက်အထားတွေ အားလုံးစစ်ဆေးပြီး မြို့နယ်ချေးငွေ ကြီးကြပ်အဖွဲ့ကို တင်ပြရပါတယ်။ မြို့နယ် ချေးငွေကြီးကြပ်အဖွဲ့က ထပ်ဆင့်စစ်ဆေး ပြီးတဲ့အခါ တိုင်းဒေသကြီး ဘဏ်ခွဲကို ဆက်လက်တင်ပြရပါတယ်။ တိုင်းဒေသကြီးဘဏ်ခွဲက ထပ်ဆင့်စစ်ဆေးပြီး တိုင်းဒေသကြီး ချေးငွေကြီးကြပ်အဖွဲ့ကို ဆက်လက်တင်ပြရပါတယ်။ စိစစ်ပြီးလို့ အားလုံး ပြည့်စုံပြီဆိုရင် ရုံးချုပ်ကို တိုင်းဒေသကြီးဘဏ်ခွဲက တစ်ဆင့်အမှုတွဲတွေ ဆက်လက်တင်ပြရပါတယ်။

ရုံးချုပ်မှာရှိတဲ့ PMU  အဖွဲ့၊ JICA Consultant  အဖွဲ့တို့က တစ်ဦးချင်းအထောက်အထား ပြည့်စုံ မှန်ကန်မှု ရှိ/ မရှိ၊ Credit Appraisal  အောင်/ မအောင် ထပ်ပြီးစစ်ပါတယ်။ ရုံးချုပ် PMU  အနေနဲ့လည်း Steering Committee  ကို ဆက်လက်တင်ပြရပါတယ်။ Steering Committee က ခွင့်ပြုချက် ရရှိပြီးနောက် တိုင်းဒေသကြီး ဘဏ်ခွဲကတစ်ဆင့် ခွင့်ပြုမိန့်ချပေးပြီး ငွေကိုတော့ မြို့နယ်ကို တိုက်ရိုက်လွှဲပို့ပေးပါတယ်။

မြို့နယ်ဘဏ်ခွဲအနေနဲ့ တိုင်းဒေသကြီးဘဏ်ခွဲက ခွင့်ပြုမိန့်နဲ့ ရုံးချုပ်က လွှဲပို့ငွေရပြီးရင် တောင်သူတွေကို ဆက်သွယ်ပြီး ဆိုင်ရာကုမ္ပဏီထံမှ စက်ထုတ်ပေးပါတယ်။ ပြီးရင် မြန်မာ့စီးပွားရေးဘဏ်မှာ ဖွင့်ထားတဲ့ကုမ္ပဏီရဲ့ Current Account  ထဲကို စက်ဖိုး ငွေလွှဲပြောင်းပေးချေပါတယ်။ စက်လွှဲပြောင်းပြီး တောင်သူနဲ့ ဘဏ်ချေးငွေ စာချုပ်ချုပ်ဆိုပါတယ်။ စက်နဲ့ တောင်သူတွဲပြီး ဓာတ်ပုံမှတ်တမ်းယူတယ်။ စက်လွှဲပေးတဲ့ အထောက်အထားတွေ ပြည့်ပြည့်စုံစုံဆောင်ရွက်ပြီးရင် တိုင်းဒေသကြီးကို ချေးငွေထုတ်ချေးပြီးတဲ့အကြောင်း ပြန်ပြီးတော့ အစီရင်ခံရပါတယ်။ တိုင်းဒေသကြီးကနေ ရုံးချုပ်ကိုဆက်ပြီး အစီရင်ခံပါတယ်။

ချေးငွေထုတ်ချေးထားတဲ့ တောင်သူတွေရဲ့ လုပ်ငန်းအခြေအနေ၊ စက်ဝယ်ယူပြီးမှ တွေ့ ကြုံရတဲ့ အခက်အခဲ၊ စက်မောင်းနှင်တဲ့အခါ စက်ရဲ့ ကြံ့ခိုင်မှုအခြေအနေ ဒါလေးတွေကို သိရှိနိုင်ဖို့အတွက် ကျွန်တော်တို့က သုံးလတစ်ကြိမ် ကွင်းဆင်း စစ်ဆေးရပါတယ်။ ကွင်းဆင်းစစ်တဲ့အခါ တောင်သူ လိုအပ်ချက် ဘာရှိသလဲ၊ စက်ကြံ့ခိုင်မှု ကောင်းမွန်ရဲ့လား ဆိုတာတွေအပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ရတာရှိပါတယ်။ တောင်သူအနေနဲ့ အဆင်ပြေအောင် ကျွန်တော်တို့ဘက်က ဆောင်ရွက်ထားပါတယ်။

အစီအစဉ်မှူး။ ။ တောင်သူက ပိုက်ဆံ လိုတယ်။ ဥပမာ - သီးနှံ၊ မျိုးစေ့ စသဖြင့် လိုမယ်။ စက်တစ်မျိုးတည်း မဟုတ်ဘူး။ ဒီချေးငွေက စက်ဝယ်ဖို့ တစ်မျိုးတည်းလား။ သီးနှံ၊ မျိုးစေ့အတွက်ရော ချေးငွေကို သုံးလို့ရလား ရှင်းပြပေးပါ။

ဒေါ်သက်သက်လွင်။ ။ ဒီစီမံကိန်းမှာ တစ်ဦးချင်းချေးငွေအတွက် ကျပ်သိန်း ၅၀ဝ၊ အစုအဖွဲ့ နဲ့ဆိုရင် ကျပ်သိန်း ၅၀ဝဝ အထိ အများဆုံး ထုတ်ချေးပေးမှာဖြစ်ပါတယ်။ တောင်သူတိုင်း၊ အစုအဖွဲ့တိုင်းကို ကျပ်သိန်း ၅၀ဝ၊ ကျပ်သိန်း ၅၀ဝဝ ပေးတာတော့ မဟုတ်ပါဘူး။ ဘယ်လောက်ချေးသင့်သလဲဆိုတာ ဆုံးဖြတ်တဲ့  Criteria  တွေရှိပါတယ်။ ငွေချေးလိုသူရဲ့ လုပ်ငန်းပမာဏ၊ ချေးငွေလိုအပ်ချက်၊ သူ့ရဲ့ ပြန်လည် ပေးဆပ်နိုင်စွမ်းတို့အပေါ်မူတည်ပြီး ထုတ်ချေးမယ့် ချေးငွေပမာဏကို ဆုံးဖြတ်ပါတယ်။ ထုတ်ချေးပေးမယ့် ချေးငွေအမျိုး အစားများကတော့ လယ်ယာသုံး စက်ကိရိယာတွေ၊ ဝယ်ယူဖို့ချေးငွေနဲ့ စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေး လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံတဲ့ ချေးငွေတို့ဖြစ်ပါတယ်။ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူဖို့အတွက် ချေးငွေမှာ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ လက်တွန်းထွန်စက်၊ ထော်လာဂျီ အစရှိသည့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန်အတွက် ဖြစ်ပါတယ်။

လယ်ယာသုံးစက်ကိရိယာအတွက် စက်ဖိုးငွေကို တောင်သူလက်ထဲကို မပေးပါဘူး။ ကုမ္ပဏီကို တိုက်ရိုက်ပေးချေပါတယ်။ တောင်သူက ကြိုက် တဲ့ကုမ္ပဏီ၊ ကြိုက်တဲ့စက် ဝယ်ခွင့်ရှိပါတယ် စက်ကိုဝယ်ပြီးတဲ့အချိန်မှာ လောလောဆယ် (ဥပမာ-ဆီဖိုး၊ ငှားရမ်းမောင်းနှင်တဲ့သူကို ပေးမယ့် လုပ်အားခတို့ မရှိဘူးဆိုရင် working capital  အနေနဲ့ ချေးငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ငွေသားအနေနဲ့ လျှောက်ထားမယ်ဆိုရင် Cash  ပေးလို့ ရပါတယ်။ တကယ်လို့ ကျပ်သိန်း ၄၀ဝ တန်စက်ကို ဝယ်မယ်ဆိုရင်  Working Capital  အနေနဲ့ တောင်သူလက်ထဲကို ကျပ်သိန်း ၁၀ဝ အထိ Cash ပေးလို့ရတယ်။ တချို့တောင်သူတွေက စက်ပဲဝယ်မယ်၊ Cash  မယူဘူးဆိုရင် စက်ပဲထုတ်ပေးပါတယ်။ စက်အပြင်ကို Cash  လည်းပဲ ယူချင်တယ်ဆိုရင် Cash  က ချေးငွေရဲ့ ၂၀ ရာခိုင်နှုန်းအထိ ပေးပါတယ်။

ဦးဝင်းဌေးဦး။ ။ ဒီနေရာမှာ ဖြည့်စွက် ဆွေးနွေးပါရစေ။ စက်ဖိုးငွေနဲ့  working capital   နှစ်ရပ်ပေါင်းဟာ ကျပ်သိန်း ၅၀ဝထက် ကျော်လို့မရပါဘူး။ ဥပမာ စက်တန်ဖိုးကကျပ်သိန်း ၄၈၀ ဆိုရင် Cash  က ကျပ်သိန်း ၂၀ ပဲရမှာ ဖြစ်ပါတယ်။

ဒေါ်သက်သက်လွင်။ ။ တကယ်လို့ ကျပ် သိန်း ၃၀ဝ တန် စက်ဝယ်မယ်ဆိုရင် working capital  က ကျပ်သိန်း ၂၀ဝ မရပါဘူး။ အများဆုံး ငွေကျပ် ၇၅ သိန်းအထိသာရမှာ ဖြစ်ပါတယ်။ နောက်ချေးငွေတစ်မျိုးက စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံတဲ့ ချေးငွေဖြစ်ပြီး ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်တဲ့ စက်တွေအတွက် ချေးငွေ၊ စက်ရုံ၊ ဂိုဒေါင်၊ သိုလှောင်ရုံတွေ တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တိုးချဲ့ ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံတဲ့ ချေးငွေနဲ့ ကုန်တင်ယာဉ်၊ ထရပ်ကားတွေ ဝယ်ယူဖို့ ချေးငွေတို့ ပါဝင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ ကုန်တင်ယာဉ်များ ဝယ်ယူဖို့ထုတ်ချေး မပေးသေးပါဘူး။ လယ်ယာသုံး စက်ကိရိယာတွေကို အတိုင်းအတာတစ်ခုအထိ ချေးပြီးမှသာ ကုန်တင်ယာဉ်ကို ဆက်ပြီးတော့ ထုတ်ချေးပေးမှာဖြစ်ပါတယ်။ သူကတော့ တတိယဦးစားပေး ဖြစ်ပါတယ်။

ရှင်မင်း၊ မွှေးကြူ၊ ဓာတ်ပုံ - အေးသန်း

(ဆက်လက်ဖော်ပြပါမည်)