၂၅  စက်တင်ဘာ

 

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်မှု စတင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းသို့ စေလွှတ်နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက မြန်မာရေလုပ်သားများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ အပြည့်အဝရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံမှ အာမခံချက်များပေးမှုကို ရယူနိုင်ရန် ဦးဆောင်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရေလုပ်သားများ စုစုပေါင်း ၄၀ဝ၀ဝ ကျော်၊ ရေလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် မြန်မာလုပ်သား ၄၅၀ဝ၀ ကျော်၊ ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများတွင် မြန်မာရေလုပ်သား ၅၁၀ဝ၀ ကျော်ရှိကြောင်း ထိုင်းဘက်မှ စာရင်းများက ဖော်ပြထားကြောင်း သိရသည်။

 

ထိုင်းသို့ မြန်မာရေလုပ်သားများ တရားဝင်စေလွှတ်ရာတွင် ရေလုပ်ငန်းနှင့် ရေလုပ်သားများသည် ထိခိုက်လွယ်သည့် အလုပ်အမျိုးအစားတွင် ပါဝင်သည့်အတွက် အထူးဂရုပြု ဆောင်ရွက်ပေးရန်လိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သှူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သတိပေးပြောကြားထားသည်။ ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းသည် နောက်ခံသမိုင်းကြောင်းအရ လူကုန်ကူးမှုနှင့် အချို့သောဖြစ်ရပ်များတွင် ခေတ်သစ်ကျေးကျွန်ပြုသည့် ပုံစံမျိုးအထိ နာမည်ဆိုးထွက်ခဲ့ပြီး ကမ္ဘာက စောင့်ကြည့်ခဲ့ရသည့် အခြေအနေအထိ ရောက်ခဲ့သော သာဓကများ ရှိထားခြင်းကြောင့်လည်း ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆမိသည်။ လူပွဲစားများ၊ တစ်ဆင့်ခံ ကန်ထရိုက်တာများဖြင့် တရားမဝင် လူစုဆောင်းခြင်း၊ လုပ်ငန်းခွင်အခြေအနေနှင့် လုပ်ခလစာများ ထင်သာမြင်သာ ပွင့်ပွင့်လင်းလင်းမရှိခြင်း၊ လူကုန်ကူးသူများက အလုပ်သမားများတွင် ပါလာသည့် မှတ်ပုံတင်၊ ခရီးသွားလက်မှတ် အပါအဝင် အထောက်အထားများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် သိမ်းဆည်းကာ အလုပ်လုပ်ခွင့် ပါမစ်အတုများ ထုတ်ပေးထားခြင်း စသည်တို့ကို တရားမဝင်ရွှေ့ပြောင်းလုပ်သားများ တွေ့ကြုံခံစားကြရပြီး ရေလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြရသည့် ရေလုပ်သားများ၏ အခြေအနေမှာ အဆိုးရွားဆုံးဖြစ်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက လေ့လာဖော်ထုတ်ထားသည်။

 

ယခု MoU စနစ်ဖြင့် တရားဝင်သွားရောက်ရာတွင်မူ အခွင့်အရေး ချိုးဖောက်မှု၊ မတရားနှိပ်စက်ညှဉ်းပန်းမှု၊ ခွဲခြားဆက်ဆံမှုများ ကဲ့သို့သော အလုပ်သမားများအပေါ် ကျူးလွန်မှုများ ပေါ်ပေါက်လာပါက ကာကွယ်ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး နစ်နာဆုံးရှုံးမှုများ ရှိလာပါကလည်း ပြန်လည်ရရှိအောင် ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

 

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီများသည် မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့အကျိုးစီးပွား တစ်ခုတည်းကိုသာ မကြည့်ဘဲ မိမိနိုင်ငံသား အလုပ်သမားများ၏ အကျိုးစီးပွားကိုလည်း အလေးထားပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြခြင်း၊ ကျင့်ဝတ်ကိုစောင့်ထိန်းခြင်းတို့ဖြင့် ရေရှည် ရပ်တည်သွားကြရန် လိုမည်ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် နိုင်ငံရပ်ခြားတွင် သွားရောက်ကာ ဝမ်းစာရှာဖွေကြမည့်သူများသည် မိမိတို့တွင် တာဝန်ဝတ္တရားများရှိသလို အခွင့်အရေးများ ရှိနေသည်ကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ကြရန်လိုအပ်ပြီး မိမိတို့၏ အခွင့်အရေးများကို ရယူကာကွယ်နိုင်ကြရမည် ဖြစ်သလို မိမိတို့၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း ကျေပွန်စွာ ဆောင်ရွက်နိုင်ကြရမည် ဖြစ်သည်။ အရေးကြီးဆုံး အချက်တစ်ရပ်မှာ မိမိတို့ ပရိယေသနဝမ်းစာ ရှာဖွေရန် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်ရာ နိုင်ငံ၏ တရားဥပဒေများကို လေးစားလိုက်နာကြရန်ဖြစ်ပြီး မိမိတို့ ပင်ပင်ပန်းပန်းလုပ်ကိုင်၍ ရရှိလာသော လုပ်ခလစာတို့ကို မိမိတို့၏ မိသားစုဘဝ မြင့်မားလာရေးအတွက် အကျိုးရှိစွာ စုဆောင်းသုံးစွဲနိုင်ကြရန် ဖြစ်သည်ဟု အကြံပြုလိုပါကြောင်း။ ။

 

မြန်မာ့အလင်း