ပြင်ဦးလွင် ၁၅ မေ
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကာလများတွင် အများ ပြည်သူသုံး ယာဉ်ကြီး ၊ ယာဉ်ငယ်နှင့် အဝေးပြေးဂိတ်များရှိ မော်တော်ယာဉ်လိုင်းများကို ဧပြီလ ၆ ရက်နေ့မှ မေလ ၁၅ ရက်အထိ ယာယီပိတ်သိမ်းခဲ့သည် ။
ပြင်ဦးလွင်မြို့နယ် ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ကွပ်ကဲမှုလက်အောက်ရှိ မော်တော်ယာဉ် အသင်းများ အနေဖြင့် ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲသည့် ကိစ္စအား ခေတ္တယာယီ ပိတ်သိမ်းထားရန် နှင့် ကိုဗစ် -၁၉ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးကို အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်။
ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး ၊ ယာဉ်ငယ် နှင့် အဝေးပြေး ကားဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ ကို ဘီနိုင်း ၊ ပို့စတာများဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ယာဉ်မောင်းနှင့် ခရီးသည်များ အတိအကျလိုက်နာ ဆောင်ရွက်စေပြီး ယာယီပိတ်ထားသည့် မော်တော်ယာဉ်လိုင်းများကို မေလ ၁၆ ရက် နံနက် ၆ နာရီမှ စတင်ပြီး မြို့တွင်းနှင့် တိုင်းဒေသကြီးအတွင်းတွင် မော်တော်ယာဉ်လိုင်းများ ပုံမှန်ပြန်လည်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် ( ခရိုင်ပြန်/ဆက် )


