၂ အောက်တိုဘာ

ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်သည့် ကုလသမဂ္ဂကို လွန်ခဲ့သည့် နှစ်ပေါင်း ၇၃ နှစ်က ဖွဲ့စည်းခဲ့သည်။ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကို ထိန်းသိမ်းရန်၊ လူ့အခွင့်အရေးများ မြှင့်တင်ရန်၊ နိုင်ငံအသီးသီးတို့၏ လူမှုရေးနှင့် စီးပွားရေးဖွံံ့ဖြိုးတိုးတက်မှုတို့ကို အားဖြည့်ပေးရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ရန်၊ အငတ်ဘေး၊ သဘာဝဘေး၊ စစ်မက်ဘေးတို့ တွေ့ကြုံခံစားကြရသည့် လူသားများကို အကူအညီပေးရန် စသောကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ၏ သက်တမ်းမှာ လူသားတစ်ဦး အနေဖြင့်သာဆိုလျှင် ဇရာပိုင်းသို့ ရောက်နေပြီဟု ဆိုရပါမည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များသည် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် နှစ်စဉ် လာရောက်စုဝေးကြပြီး မျက်မှောက်ကာလ ကမ္ဘာ့ရေးရာများနှင့် မိမိတို့နိုင်ငံအလိုက် မူဝါဒရေးရာများကို ပြောကြားခွင့် ရကြသည်။ ကမ္ဘာကြီး၏ လက်ရှိအခြေအနေကို မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေသည့် အချိန်ကာလအဖြစ် ရညွှန်းခဲ့ပြီး ယင်းအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် အဆိုပါ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင်လည်း အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ တန်းတူညီတူရှိမှု အပါအဝင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကြီး၏ အခြေခံမူများကို မေ့လျော့မထားရန် ထောက်ပြခဲ့သည်။ အပြုသဘော ဆောင်ပြီး ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် ဆောင်ရွက်မှသာ နိုင်ငံအားလုံးနှင့် ဆီလျော်သည့် ပိုမိုကောင်းမွန်သော ကုလသမဂ္ဂကြီးကို ဖန်တီးနိုင်ကြမည် ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

 

အာဆီယံနိုင်ငံ တစ်ခုဖြစ်သော မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် မဟာ သီယာမိုဟာမက်က ယနေ့ကမ္ဘာကြီးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဆိုင်ရာ ဝရုန်းသုန်းကား အခြေအနေများထဲတွင် ကျရောက်နေသည်ဟု ရှုမြင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၇ဝ ကျော်က စစ်အောင်နိုင်ငံ ငါးနိုင်ငံက ကမ္ဘာ့အခွင့်အရေးများကို ထာဝရ ချုပ်ကိုင်ထားကာ ဗီတိုအာဏာကို မလွှတ်တမ်း ကိုင်စွဲထားမှုနှင့် ပတ်သက်၍ ဝေဖန်ခဲ့သည့်အပြင် ကုလသမဂ္ဂ ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန်ပင် တိုက်တွန်းပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် နိုင်ငံတိုင်းမှ ခေါင်းဆောင်တိုင်း၊ ကိုယ်စားလှယ်တိုင်းက ၄င်းတို့ကိုယ်စားပြုရာ နိုင်ငံ အသီးသီး၏ အမျိုးသားအကျိုးစီးပွားကို အဓိကထား၍ ညီလာခံတွင်ဖြစ်စေ၊ ဆက်စပ်အစည်းအဝေးများ၊ တွေ့ဆုံ ဆွေးနွေးမှုများတွင် အကျိုး အမြတ်ဖွေရှာကြမြဲဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို အစဉ်အလာအားဖြင့် ရှေ့တန်းတင်သော အမေရိကန်သည်ပင်လျှင် အမျိုးသား အကျိုးစီးပွားဘက်မှ ရပ်ခံလာသည်ကိုလည်း တွေ့ရသည်။

 

မည်သို့ပင်ဆိုစေ နိုင်ငံတကာ နိုင်ငံရေးမျက်နှာစာနှင့် ကမ္ဘာ့စင်မြင့်ထက်တွင် ''အင်အားသည်သာ အခရာ ''(Might is Right) ကသာ မှန်ကန်နေဆဲ။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ စစ်ရေးအရ စသည်ဖြင့် အင်အားကြီးသူတို့ကသာ လွှမ်းမိုးတွင်ကျယ်နေဆဲ။ ကမ္ဘာ့နိုင်ငံအသီးသီး တို့၏ အမျိုးသားအကျိုးစီးပွား ရှေ့တန်းထားကာ ပေါင်းစပ်ယှက်နွှယ် ဆက်ဆံဆောင်ရွက်ကြရာမှ ထွက်ပေါ်လာသည့် ကမ္ဘာကြီး၏ အခြေအနေ အရပ်ရပ်တို့က ရှုပ်ထွေးလှသည်နှင့်အမျှ မိမိတို့နိုင်ငံလို ဒီမိုကရေစီလမ်းပေါ် လျှောက်လှမ်းစ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအဖို့ စိန်ခေါ်မှုတို့က ကြီးမားလှသည်။ မိမိတို့ မျက်မှောက်ကာလ ကြုံတွေ့နေကြရသည့် ခက်ခဲကြမ်းတမ်းမှုများနှင့် စိန်ခေါ်မှုများအတွက် ရင်ဆိုင်ရန် အင်အားမှာ တစ်မျိုးသားလုံး၏ စည်းလုံး ညီညွတ်မှုသာလျှင် ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။   ။
(မြန်မာ့အလင်း)