၄  အောက်တိုဘာ

 

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပခဲ့သော အမျိုးသား မြေအသုံးချမှု မူဝါဒဆိုင်ရာဖိုရမ်၌ အမျိုးသားမြေ အသုံးချမှုကောင်စီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားခဲ့သည့် မိန့်ခွန်းသည် နိုင်ငံတော်၏ မြေသယံဇာတ အရင်းအမြစ်ဆိုင်ရာ ချဉ်းကပ်ကိုင်တွယ်ပုံကို ပေါ်လွင်ထင်ရှားစေပါသည်။ မြေသယံဇာတအရင်းအမြစ်သည် မည်သည့် လူ့အဖွဲ့အစည်းအတွက်မဆို အခြေခံအကျဆုံးသော သဘာဝသယံဇာတ အရင်းအမြစ်ဖြစ်ပါသည်။ မြေသယံဇာတ အရင်းအမြစ်သည် လူ့အဖွဲ့ အစည်းတိုင်းအတွက် အကန့်အသတ်ဖြင့်သာရှိ၍ တိုးပွားအောင်လုပ်နိုင် စွမ်းမရှိသော သဘာဝသယံဇာတအရင်းအမြစ် ဖြစ်ပါသည်။ ဤအချက်ကြောင့် ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ မြေသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲရေးသည် ပို၍ပို၍ အရေးပါလာပါသည်။

 

ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ မြေသယံဇာတအရင်းအမြစ်က ပို၍ပို၍ အကန့်အသတ်ဖြစ်လာသည်ကို ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ ခန့်မှန်းချက်အပေါ်အခြေခံ၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြဆွေးနွေးထားပါသည်။ ကမ္ဘာ့လူဦးရေ တိုးပွားလာမှုနှင့် မြေဆီလွှာ ယိုယွင်းပျက်စီးမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများအရ ၂၀၂၀ ပြည့်နှစ်တွင် လူတစ်ဦးအတွက် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာသည် ဝ ဒသမ ၁၈ ဟက်တာခန့်သာ ရှိတော့မည်ဖြစ်ပါသည်။ ဤအခြေအနေသည် ၁၉၆၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းသွားခြင်းဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်၌ ထက်ဝက် ခန့်ထပ်မံကျဆင်းသွားဦးမည် ဖြစ်ပါသည်။ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူတင်ပြသည့် ဤအချက်များကို ကြည့်ရုံမျှဖြင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းအတွက် မြေအသုံးချမှု မူဝါဒက မည်မျှအရေးပါသည်ကို သိရှိနိုင်မည် ဖြစ်ပါသည်။

 

တိုင်းပြည်၏ ဖြတ်သန်းခဲ့သော သမိုင်းကြောင်းအပေါ် ပြန်သုံးသပ်ကြည့်ပါက ၂၀၁၆ ခုနှစ်အထိ အမျိုးသားမြေအသုံးချမှု မူဝါဒဟူ၍ မရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ် အသုံးချနိုင်ရေးသည် အမျိုးသားရေးလိုအပ်ချက်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ရယူလျက် အမျိုးသားမြေအသုံးချမှု မူဝါဒကို ရေးဆွဲခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ၌ ထုတ်ပြန်ကြေညာနိုင်ခဲ့ပါသည်။ မြန်မာ့သမိုင်းတွင်မရှိခဲ့သည့် အမျိုးသားမြေအသုံးချမှု မူဝါဒသတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်းသည် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်ဖြစ်ထွန်းမှုတစ်ရပ် ဖြစ်ပါသည်။ အမျိုးသားမြေအသုံးချမှု မူဝါဒ၏ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ဂဃနဏ နားလည်မှသာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်၍ အမျိုးသားမြေအသုံးချမှု မူဝါဒအား ကျေကျေ လည်လည် သိရှိနားလည်နိုင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း