၆  နိုဝင်ဘာ

 

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ  ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင်  ကျင်းပခဲ့ပါသည်။

 

သုံးရက်တာကျင်းပခဲ့သည့် ယင်းအစည်းအဝေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့မှ ချင်းအမျိုးသားတပ်ဦး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် အစိုးရအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေတို့အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ထုတ်နှုတ်ဖော်ပြအပ်ပါသည်။

 

ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်း (တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့မှ ချင်းအမျိုးသားတပ်ဦး ဒုတိယ ဥက္ကဋ္ဌ)

 

 

“ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်မှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေနဲ့ အစိုးရဘက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ခေါင်းဆောင်ကြီးများ သီးသန့်အစည်းအဝေး လုပ်ပါတယ်။  အဲ့ဒီအစည်းအဝေးမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပါ၊ ကောင်းအောင်လုပ်ပေးပါဆိုတဲ့ ညွှန်ကြားချက်ရှိတယ်။ ဒါကြောင့် ဒီအတိုင်းကျွန်တော်တို့ ဆောင်ရွက်တာဖြစ်တယ်။

 

“နောက် အရေးကြီးတဲ့ ကိစ္စတွေမှာလည်း ခေါင်းဆောင်ကြီးများကိုယ်တိုင် ပါဝင်ပြီး ဆုံးဖြတ်ချက်တွေ၊ လမ်းညွှန်ချက်တွေ ချပေးနိုင်ဖို့ဆိုတာ ရှိပါတယ်။ အဲ့ဒါကတော့ တစ်နိ်ုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) နဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ မူဘောင်ကို စနစ်တကျ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ယခင်က JICM ရဲ့ မူဘောင်မှာ JICM ကို ပေးထားတာက တစ်ခုပဲရှိတယ်။ အခက်အခဲရှိရင် ဖြေရှင်းဖို့ဆိ်ုတဲ့ နည်လမ်းဖြစ်တယ်။ အခုက အခက်အခဲ ရှိရှိ၊ မရှိရှိ UPDJC ကို ကြီးကြပ်ပေးဖို့ လမ်းကြောင်းချပေးဖို့၊ လမ်းညွှန်ချက်တွေ ပေးဖို့ဆိ်ုတာ တကယ့်ထိပ်သီး ခေါင်းဆောင်တွေမှာ အများကြီးပါဝင်ဖို့ လိုအပ်တယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့် JICM ကို လုပ်ပိုင်ခွင့်တွေ အများကြီး ပိုပေးပြီး မြှင့်တင်ထားတာရှိတယ်။ အဲ့ဒီ မြှင့်တင်ထားတဲ့ အပိုင်းကို မူဘောင်မှာ စနစ်တကျ ပြန်ထည့်ထားတယ်။

 

“အဲ့ဒါအပြင် ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ပေးလိုက်တာက UPDJC ကို အစည်းအဝေးပုံစံမျိုးနဲ့ လုပ်ရုံနဲ့ မလုံလောက်ဘူး။ UPDJC အတွင်းရေးမှူးအဖွဲ့ကိုလည်း သုံးလတစ်ခါလောက် တွေ့ရုံနဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စကို အစည်းအဝေးပုံစံလုပ်လို့ အဆင်မပြေဘူး။ အမြဲတမ်း စဉ်ဆက်မပြတ် ကော်မတီတစ်ခုလို လုပ်ဖို့ဆိုတဲ့ ညွှန်ကြားချက်ရှိပါတယ်။ ဒါကြောင့် UPDJC ကို အမြဲတမ်းကော်မတီပုံစံ အစည်းအဝေးထိုင်နိုင်ဖို့နဲ့ အတွင်းရေးမှူးအဖွဲ့လည်း အလုပ်လုပ်နိုင်ဖို့ ရုံးရှိဖို့လိုတယ်။ ရုံးတွေ စနစ်တကျ လုပ်ဖို့လိုတယ်။ နည်းပညာ အထောက်အကူပေးနိုင်တဲ့ ပညာရှင်တွေနဲ့လည်း စဉ်ဆက်မပျက် တွေ့ဆုံဖို့ကို ဖန်တီးဖို့လိုတယ်။ ဒါကို ဆောင်ရွက်ဖို့ဆိုတာ ပါပါတယ်။

 

“အခု ဆွေးနွေးပွဲအများစုက လုပ်ငန်းကော်မတီမှာ လုပ်တာဖြစ်တယ်။ လုပ်ငန်းကော်မတီမှာ အလုပ်လုပ်နိုင်ဖို့အတွက် အခင်းအကျင်းတစ်ခု ဖန်တီးပေးဖို့ လိုတယ်။ ဒါတွေကို အခုအစည်းအဝေးမှာ ဆွေးနွေးထားတယ်။ ဒါကို လူကြီးတွေဆီ တင်ပြမယ်။ မကြာခင်မှာ UPDJC အစည်းအဝေး ခေါ်ယူပြီး အတည်ပြုမယ်။ အခုရေးဆွဲနေတဲ့ ပုံစံအတိုင်း ညီလာခံကို ကျင်းပမယ်ဆိုရင် ညီလာခံမှာ ဆုံးဖြတ်အတည်ပြုပေးတဲ့ ပုံစံကိုလည်း တတ်နိုင်သရွေ့ ပိုပြီး စနစ်ကျအောင် လုပ်ထားတာရှိတယ်။ အခု မူဘောင်အတိုင်း လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အထောက်အကူ အများကြီး ပြုနိုင်မယ်လို့ ပြောချင်ပါတယ်။

 

“အခုအစည်းအဝေးက အတွင်းရေးမှူးနဲ့ နည်းပညာအစည်းအဝေးဖြစ်တယ်။ ထို့အတွက်ကြောင့် ဒီနေ့ဆွေးနွေးတဲ့ ဆွေးနွေးချက်အားလုံးကို အဖွဲ့အစည်း အသီးသီးမှာ တင်ပြမယ်။ အတည်ပြုမယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး မကြာခင် ကျင်းပရင် ပြန်လည်ပါဝင်မယ်။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။ အဲ့ဒီအခါ ကျွန်တော်တို့ တင်ပြတာကို KNU အနေနဲ့  ပြင်ချင်တယ်ဆိုရင် ပြင်လို့ရတယ်။ ဒါကို UPDJC မှာ တင်ပြမယ်။ အဆုံးအဖြတ်ပေးတာကတော့ UPDJC ဖြစ်ပါတယ်။ NCA စာချုပ်အရ ဆောင်ရွက်တာမို့ UPDJC  ဟာ မူဘောင်ကို ပြုပြင်နိုင်တဲ့ အာဏာရှိပါတယ်။ နိုဝင်ဘာလအတွင်း UPDJC အစည်းအဝေးခေါ်ဖို့ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက တင်ပြတာရှိပါတယ်။ အဲ့ဒါကိုလဲ ဆွေးနွေးဖို့ ယူသွားပြီး PPST မှာ တိုင်ပင်မှာ ဖြစ်ပါတယ်။ အခက်အခဲ အများကြီးပါတယ်။ ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့အားလုံး ကျော်ဖြတ်မယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဆောင်ရွက်ပါမယ်။

 

ဦးလှမောင်ရွှေ (UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)

 

 

“အခုအစည်းအဝေးကရတဲ့ ကျွန်တော်တို့ရဲ့ မူဘောင်သဘောထား စုစည်းချက်တွေကို သက်ဆိုင်ရာ အစုအဖွဲ့တွေက သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီ ပြန်သယ်သွားမယ်။ UPDJC အတွင်းရေးမှူးတွေရဲ့ အစည်းအဝေးမှာ ဒါကိုစုစည်းပြီး (၁၈)ကြိမ်မြောက် UPDJC အစည်းအဝေးမှာ ပြန်လည်တင်သွင်းပြီး ညှိနှိုင်းမယ်။ သဘောတူညီချက်တွေ ယူမယ်။ အဲ့ဒီသဘောတူညီချက်တွေနဲ့အညီ လာမယ့်ညီလာခံကို ဆက်လက်ကျင်းပပါမယ်။ အခု မူဘောင်သုံးသပ်ချက်က ပြီးခဲ့တဲ့ ညီလာခံရဲ့ အတွေ့အကြုံကို ယူပြီး ခက်ခဲနေတဲ့ အချို့အပိုင်းတွေကို ရှင်းလင်းလွယ်ကူအောင် လုပ်ဆောင်ဖို့ဆိုတာ ရှိတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဒီမှာ သဘောတူလို့မရဘူး။ သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ဦးဆောင်အဖွဲ့ (PPST) ကို ပြန်တင်ပြရမယ်။ အစုအဖွဲ့ သုံးစုလုံးရဲ့အမြင်က ကွဲပြားတာမတွေ့ရဘူး။ ကျွန်တော်တို့ အစိုးရ၊ လွှတ်တော် တပ်မတော် အစုအဖွဲ့ဘက်မှာ အခက်အခဲမရှိဘူး။ နိုင်ငံရေးပါတီ အစုအဖွဲ့လည်း မရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်မှာတော့ သူတို့ရဲ့ ခေါင်းဆောင်တွေကို ပြန်တင်ပြရမယ်ဆိုတဲ့ ကန့်သက်ချက် ရှိတာကြောင့် သဘောထား စုစည်းချက်လို့ပဲသုံးပြီး အဆုံးသတ်နိုင်တဲ့ အနေအထားပါ။

 

“နိုဝင်ဘာလ ၁၂၊ ၁၃ မှာတော့ နေပြည်တော်မှာ စုစည်းချက်တွေထဲကနေ သီးခြားတာဝန်ပေးတဲ့ အတွင်းရေးမှူးတွေကနေ လုပ်ငန်းလမ်းညွှန် (ToR) တွေကို တွေ့ပြီးညှိဖို့ရှိတယ်။ အတွင်းရေးမှူးအစည်းအဝေးကို အစိုးရ၊ တပ်မတော်ဘက် အဆိုပြုတာရှိတယ်။ အဲ့ဒီရက်တွေမှာ လုပ်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အကြောင်းပြန်ပါမယ်။ နိုဝင်ဘာလ မကုန်ခင် UPDJC အစည်းအဝေး ခေါ်နိုင်ဖို့ ညှိနှိုင်းချက်တွေမှာ ပါပါတယ်။ ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က အတည်ပြု အကြောင်းပြန်တာမျိုး လုပ်ပေးရမယ်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်