နေပြည်တော် ၆ အောက်တိုဘာ

 

မြန်မာနိုင်ငံသည် ဂေဟစနစ်များ၊ အပင်နှင့် သတ္တဝါမျိုးစိတ်များ ပျံ့နှံ့ကျက်စားနေထိုင်မှု၊ ပေါက်ရောက်ရှင်သန်မှုတို့အတွက် ကမ္ဘာလုံးဆိုင်ရာတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အချက်အချာနေရာ ၂၅ ခုအနက် တစ်ခုပါဝင်သည်။ ဇီဝသိပ္ပံဆိုင်ရာ လေ့လာတွေ့ရှိမှု မှတ်တမ်းများအရ မြန်မာနိုင်ငံအတွင်း ရှားပါးတိရစ္ဆာန်မျိုးစိတ်များ ရှင်သန်နေထိုင်ကျက်စားကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ တောတောင်များအတွင်း တောဆင်ရိုင်း၊ ကျား၊ကျားသစ်၊ တောကြောင်၊ သင်းခွေချပ်၊ တောခွေး၊ ဆတ်၊ ချေ၊ မျောက်၊ဝက်ဝံ စသည့် ရှားပါးမျိုးစိတ်များသာမက တွားသွားသတ္တဝါမျိုးစုံတို့ အတူယှဉ်တွဲနေထိုင်ကြပြီး ဂေဟဗေဒအရ ကောင်းမွန်သည့် နေရင်းဒေသများ များစွာရှိနေသည်ကို တွေ့ရှိရသည်။ သဘာဝတောရိုင်းတိရစ္ဆာန်များသည် တောတောင်များကို အမှီပြု၍ နေထိုင်ကျက်စားကြပြီး သစ်ပင်များ၏ ဇီဝဖြစ်စဉ် ရှင်သန်ဖွံ့ဖြိုးကြီးပြင်းခြင်းသည် သတ္တဝါများ၏ ရှင်သန်လှုပ်ရှားမှုများနှင့် ဆက်နွှယ်နေပါသည်။ ထို့ကြောင့်လူသားများကို အကျိုးပြုသော သစ်ပင်များ ရှင်သန်ဖွံ့ဖြိုးခြင်းသည်တောရိုင်းတိရစ္ဆာန်များ မှီခိုနေခြင်းကို အကြောင်းခံသဖြင့် သဘာဝတောရိုင်းတိရစ္ဆာန်များ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

 

ယနေ့ကာလတွင် သဘာဝတောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီး လှုပ်ရှားဆောင်ရွက်လျက်ရှိရာအောက်တိုဘာလ ၄ ရက်နေ့က နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၌ ဖမ်းဆီးရမိသည့် ဆင်စွယ်၊ဆင်အစိတ်အပိုင်းနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား မီးရှို့ဖျက်ဆီးခဲ့သည်ကို ပထမဆုံးအကြိမ် အဆန်းတကြယ် မြင်တွေ့ခဲ့ရသည်။

 

မြန်မာနိုင်ငံအတွင်းမှ တောရိုင်းတိရစ္ဆာန်များကို တရားမဝင်အမဲလိုက်သတ်ဖြတ်ခြင်းနှင့် တိရစ္ဆာန်များ၏ အစိတ်အပိုင်းများကိုတရားမဝင်ကူးသန်းရောင်းဝယ်မှု အရေးယူတားဆီးနှိမ်နင်းရေးလုပ်ငန်းများမှ ဖမ်းဆီးရမိသော တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ခန့်မှန်းကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း တန်ဖိုးရှိသည့် ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနှင့်တိရစ္ဆာန်မျိုးစုံ အရိုး၊ အစွယ်၊ သားရေ၊ အခွံ၊ ဦးချိုနှင့် အစိတ်အပိုင်းမျိုးစုံအမြောက်အမြားကို သက်ဆိုင်ရာက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

 

အဖိုးတန်ရှားပါးသော သဘာဝတောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို ဤသို့ မီးရှို့ဖျက်ဆီးလိုက်ခြင်းသည် သဘာဝတောရိုင်းတိရစ္ဆာန်များအား တစ်နေ့တခြား များပြားလာသော ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်ဖောက်ကားနေခြင်းတို့ကို ရပ်တန့်ပြီး ပြည်သူများ သိရှိနားလည်ကာ ပူးပေါင်းပါဝင်လာအောင် တပ်လှန့်နှိုးဆော်လိုက်ခြင်းပင် ဖြစ်သည်။ တောဆင်ရိုင်းများအား သတ်ဖြတ်ခြင်းမှာ အာဖရိကနိုင်ငံများတွင် အများဆုံးဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင်လည်း တောဆင်ရိုင်း တစ်ရာကျော်ကို ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီးဖြစ်ကြောင်း ယခုအခမ်းအနားမှမီးမောင်းထိုးပြလိုက်ပေသည်။ တန်ဖိုးကြီးမားပြီး အဖိုးတန်သည့် သဘာဝတောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းဈေးကွက်သည် အိမ်နီးချင်းနိုင်ငံများတွင် ရှိနေသဖြင့် မတော်လောဘစိတ်ဖြင့် ငွေရှာသော မနုဿမုဆိုးများက နှစ်စဉ်သတ်ဖြတ်ခဲ့ကြရာ သဘာဝတောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည်။ ယင်းကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ဒေသခံပြည်သူများ လက်တွဲပူးပေါင်းကာ အိမ်နီးချင်းနိုင်ငံများနှင့်ချိတ်ဆက်လျက် ပူးပေါင်းရှာဖွေတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ အထူးသဖြင့်တောဆင်ရိုင်းကောင်ရေသည် မြန်မာနိုင်ငံတွင် ၂၀ဝဝ ခန့်သာ ရှိတော့သဖြင့် ဆက်လက်သတ်ဖြတ်ခြင်းမခံရအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ သဘာဝတောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားနေထိုင်သောကြောင့် သဘောဝတောတောင်များ မပျက်စီးဘဲ တည်တံ့ခိုင်မြဲဖွံ့ဖြိုးနေသည်ဖြစ်ရာ ယင်းရလဒ်များသည် ရာသီဥတုမဖောက်ပြန်ခြင်း၊လူသားများအတွက် အကျိုးစီးပွားဖြစ်ထွန်းခြင်းတို့ကို ရရှိနိုင်ပါသဖြင့်သဘာဝတောရိုင်းတိရစ္ဆာန်များကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။