၉ အောက်တိုဘာ
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုသည်မှာ လူတို့၏ အသိဉာဏ်ဖြင့် ဖန်တီးပြုလုပ်လိုက်သည့် ဆန်းသစ်တီထွင်မှုများက ဖြစ်ပေါ်လာသော အကျိုးစီးပွားတို့ကို မူရင်းတီထွင်ဖန်တီးသူက ခံစားပိုင်ခွင့်ရရှိရေး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်သည် ဈေးကွက်စီးပွားရေးစနစ်၌ ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်နေသည်မှာ ပေါ်လွင်ထင်ရှားပါသည်။ အဆိုပါအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ရန်အတွက် မြန်မာနိုင်ငံသည် ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိပါသည်။
ပစ္စုပ္ပန်အခြေအနေ၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ကို အကောင်အထည် ဖော် ကာကွယ်ရန် ၁၉၀၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးဆိုင်ရာ မှတ်ပုံတင်ခြင်း အက်ဥပဒေနှင့် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာမူပိုင်ခွင့် အက်ဥပဒေအပါအဝင် တခြားသော ဆက်စပ်ဥပဒေများဖြင့် ဆောင်ရွက်နေရပါသည်။ ဤဥပဒေတို့သည် နိုင်ငံတော်၏ မျက်မှောက်ပကတိ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ တီထွင်မှု မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဟူသော ဥပဒေမူကြမ်းလေးရပ်ကို အတည်ပြုနိုင်ရန် လွှတ်တော်များတွင် ဆွေးနွေးညှိနှိုင်းလျက် ရှိပါသည်။ အဆိုပါ ဥပဒေမူကြမ်းလေးရပ်ကို ပြည်သူ့လွှတ်တော်က ဆွေးနွေးအတည်ပြုပြီးဖြစ်သော်လည်း အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုရန် ကျန်နေပါသေးသည်။
အထက်၌တင်ပြထားသည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းလေးရပ်ကိုသာ ဥပဒေများအဖြစ် အတည်ပြုပြဋ္ဌာန်းပြီးစီးပါက တိုင်းပြည်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။ ပစ္စုပ္ပန်အနေအထား၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေတို့၏ အကာအကွယ် မရှိခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တို့၏ တီထွင်ဖန်တီးမှုတို့ကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်စွမ်းမရှိ ဖြစ်ရပါသည်။ တစ်ဖန် နိုင်ငံခြားမှ တင်သွင်းလာသည့် ကုန်ပစ္စည်းအမှတ်တံဆိပ်တို့ အတွက်လည်း အာမခံချက်မရှိ ဖြစ်နေပါသည်။ ဤအချက်က နိုင်ငံခြားကုမ္ပဏီတို့၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုစိတ်ကို ဟန့်တားနေပါသည်။ သို့ဖြစ်ပါ၍ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဥပဒေများကင်းမဲ့နေခြင်းက ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်တို့အတွက် အနှောင့်အယှက် အဟန့်အတားတစ်ရပ် ဖြစ်နေပါသည်။ ဤအနှောင့်အယှက် အဟန့်အတားကို ကျော်လွှားနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ကြီးများက ကြိုးပမ်းဆောင်ရွက် နေသည်ဖြစ်၍ မကြာမီ အတည်ပြုပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ အဆိုပါဥပဒေများ အတည်ပြုပြဋ္ဌာန်းပြီးစီးပါက အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာရုံးတစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပြီး ဤရုံးက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်တို့ကို ကာကွယ်စောင့်ရှောက် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကာကွယ်ရေးဆိုင်ရာဥပဒေများ ပေါ်ပေါက်ရေးကြိုးပမ်းမှုတို့ကို လေးလေးနက်နက် ကြိုဆိုဂုဏ်ပြုပါကြောင်း တင်ပြအပ်ပါသည်။ ။
မြန်မာ့အလင်း